သတင်း

စီးပွား/ကူးသန်း ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ချုပ်ကို ဝန်ထမ်း စည်းမျဉ်းနှင့် မညီ၍ အရေးယူဟု ဆို

Want create site? Find Free WordPress Themes and plugins.

သမ္မတ ဦးဝင်းမြင့်က စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကို ရာထူး တာဝန်မှ ထုတ်ပယ်သည် အထိ အရေးယူရခြင်းမှာ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းနှင့် မညီ၍ ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၄ ရက်က ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၈၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ ပုဒ်မ ၆ တို့ အရ ရာထူးမှ ထုတ်ပယ်ခဲ့သည်။

ယင်း ပုဒ်မများ၏ အဆိုအရ နိုင်ငံတော် သမ္မတသည် ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးကို ဥပဒေနှင့် အညီ ခန့်အပ် ခြင်း၊ ထုတ်ပယ်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ အငြိမ်းစား ပေးခြင်းတို့ ပြုလုပ်နိုင်ဟု သိရသည်။

စီးပွား/ကူးသန်း ဒု ဝန်ကြီး ဦးအောင်ထူးက“အဂတိနဲ့ မဆိုင်ပါဘူး။ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းနဲ့ မညီတာပေါ့။ သူ့ ဥပဒေ ရှိပါတယ်။ ကျနော် တို့က တွေ့ရှိချက်ကို သမ္မတရုံး တင်ပြတယ်။ သတ်မှတ် ဥပဒေ အရ ဥပဒေ ဖော်ပြချက် တော့ ရှိပါတယ်။ အဲဒီ အတိုင်းပဲ အရေးယူတာပါ”ဟု ဆိုသည်။

ဦးရန်နိုင်ထွန်းအား စက်မှု လုပ်ငန်းသုံး သကြားများ သွင်းခွင့် ပေးခြင်းနှင့် ပတ်သက်၍ ပွင့်လင်း မြင်သာမှု မရှိဟု ဆိုကာ တိုင်ကြားသူ ရှိသဖြင့် ဌာနဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

ထို့နောက် စုံစမ်း တွေ့ရှိချက်များအား သမ္မတ ရုံးကို တင်ပြပြီး သမ္မတရုံးမှ သတ်မှတ်ထားသည့် ဥပဒေ အရ တာဝန်မှ ရပ်စဲ လိုက်ခြင်း ဖြစ်ကြောင်း ဦးအောင်ထူးက ရှင်းပြသည်။

ပြည်တွင်း လုပ်ငန်းများတွင် သကြား လိုအပ်ချက် ရှိပါက စီးပွား/ကူးသန်း၊ ပြည်တွင်း အခွန်၊ အကောက်ခွန်၊ စက်မှုကြီး ကြပ်ဌာန တို့က ကွင်းဆင်း စစ်ဆေးရပြီး စိစစ်မှုများ ပြီးသည့်အခါ ယင်းပူးပေါင်းအဖွဲ့၏ထောက်ခံချက်အပေါ် မူတည် ၍ တလလျှင် သကြားမည်မျှ သွင်းခွင့်ပေးကြောင်း စီးပွား/ကူးသန်းက ဆုံးဖြတ်ပေးရသည်ဟု သိရသည်။

“အဲဒီ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တိုင်ကြားမှု ရှိတဲ့အတွက် စုံစမ်းစစ်ဆေးပြီး တင်ပြခဲ့တာပါ။ အဲဒါပြီးတော့ သမ္မတ ရုံး က အမိန့် ထွက်လာတာပါ။ တိုင်တာက ပြီးခဲ့တဲ့ နိုဝင်ဘာလောက်က တိုင်တာပါ”ဟု ဦးအောင်ထူးက ပြောသည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ကာယကံရှင် ဖြစ်သူ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးရန်နိုင် ထွန်းထံသို့ ဧရာဝတီက ဆက်သွယ်သည့်အခါ အစည်းအဝေး ရှိ၍ ပြန်လည် ဆက်သွယ်ပေးမည်ဟု ပြောဆိုခဲ့ပြီး ထပ်မံ ဆက်သွယ်သည့် အခါ ဖုန်းကိုင်ခြင်း မရှိတော့ပါ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ မည်သည့် တိုင်ကြားမှုမျှ မရှိကြောင်း၊ အစိုးရက ၎င်း၏ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူပြီး ဖြစ်သည်ကို ကြားသိရကြောင်း အဂတိ လိုက်စားမှု တိုက် ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ဦးဟန်ညွှန့်က ပြောသည်။

ယခု အရေးယူခံရသူ ညွှန်ချုပ်သည် တပ်မတော်မှ ဒု ဗိုလ်မှူးကြီး အဆင့်ဖြင့် အရပ်ဘက်သို့ ပြောင်းရွှေ့လာခဲ့သူ တဦး ဖြစ်သလို မူဆယ် နယ်စပ် ကုန်သွယ်ရေးတွင် အချိန်ကြာစွာ တာဝန်ယူခဲ့သူ တဦး ဖြစ်ကြောင်းလည်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့် အငြိမ်းစားယူသည့် အခါ ယင်းနေရာတွင် ဦးရန်နိုင်ထွန်း ဆက်လက် တာဝန် ထမ်းဆောင်နေစဉ် ယခု ကဲ့သို့ အရေးယူမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အဆိုပါ ညွှန်ချုပ် အရေးယူခံရခြင်း အပြင် ဧရာဝတီတိုင်း လွှတ်တော် ဒု ဥက္ကဋ္ဌ လည်း လွှတ်တော် အတွက် ကား ၅ စီး ဝယ်ယူရာတွင် အလွဲသုံးစား လုပ်သည်ဟု ဆိုကာ အာဏာရ NLD အစိုးရက ပါတီမှ ရာသက်ပန် ထုတ်ခြင်းဖြင့် အရေး ယူခဲ့ပြီးနောက် အခြားအဖွဲ့အစည်းများ ဖြစ်သည့် တိုင်းလွှတ်တော်နှင့် အဂတိ ကော်မရှင်တို့ထံ အကြောင်းကြားသွား မည် ဖြစ်ကြောင်း သိရသည်။

ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ မျိုးညွှန့်က“ဌာနရဲ့ လုပ်ထုံးလုပ်နည်း အရတော့ ဆက်လုပ်မှာပေါ့နော်။ လွှတ် တော် ကိုလည်း အကြောင်းကြားမယ်။ ကျနော်တို့က ဆိုင်ရာတွေ အကုန်လုံးကို အကြောင်းကြားသွားမယ်။ ကျနော် တို့ရဲ့ ဆောင်ရွက်ချက်က ဆောင်ရွက်ချက်ပဲ”ဟု ဧရာဝတီသို့ ပြောသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ယခင် အစိုးရ လက်ထက်ကထက် ပိုမို အလုပ်ဖြစ်လာသော်လည်း လိုအပ်ချက်များစွာ ရှိနေသေးကြောင်း၊ ဝန်ထမ်း အဖွဲ့အစည်းများ အတွင်း အဂတိ လိုက်စားမှုများ ရှိနေဆဲ ဖြစ်၍ ပြည်သူ လူထုကို ကိုယ်ချင်းစာ စိတ်ဖြင့် ကော်မရှင်က အလုပ်လုပ်ပေးရန် လိုကြောင်း ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောဆိုသည်။

“အခု ဇီးပင်ကြီးတို့ ဖောင်ကြီးတို့ ဆိုရင် သေချာတာပေါ့။ ရာထူးဝန် တဖွဲ့လုံးကိုပါ ဝင်စစ်သင့်တယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှု တွေ စစ်သင့်တယ်။ ဘတ်ဂျက်တွေ တနှစ်ထက်တနှစ် ပိုတောင်းပြီး မဟုတ်တဲ့ တက္ကသိုလ်တွေနဲ့ သွားပြီး လုပ်နေတာ တွေက အဲဒီလို အလွဲအမှားတွေက အများကြီးပဲ”ဟု ဦးကြီးမြင့်က ဆိုသည်။

NLD လက်ထက်တွင် အစိုးရ ဒုဝန်ကြီးများ၊ ဝန်ကြီးချုပ်များကို ရာထူးများ ဖယ်ရှားခဲ့ခြင်းများ ရှိပြီး အဂတိမှုဖြင့် အရေး ယူခြင်းမျိုး မရှိခဲ့သော်လည်း ညွှန်ချုပ် အဆင့်များကို အရေးယူရာတွင် အဂတိ ကော်မရှင်နှင့် အရေးယူခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading