အရည်အသွေးနှင့် အခြင်အတွယ် မမှန်သည့် စက်သုံးဆီဆိုင်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေး၍ အရေးယူခြင်းကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၌ ဇန်နဝါရီလ ၁၇ ရက်က ပြုလုပ်သော လစဉ်သတင်း ထုတ်ပြန် ရှင်းလင်းခြင်း အခမ်အနားအတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စက်သုံးဆီအရာင်းဆိုင်များအနေဖြင့် အခြင်အတွယ်၊ အရည်အသွေးတို့ကို သတ်မှတ်စံညွှန်းအတိုင်း ရောင်းချစေရန်အတွက် စစ်ဆေးမှုများကို ယခင်ထက် တိုးမြင့်လုပ်ဆောင်ခြင်းဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးမင်းမင်းဦးက ဆိုသည်။
ယခင်က အရည်အသွေးနှင့် အခြင်အတွယ်မမှန်သည့် စက်သုံးဆီဆိုင်များကို အုပ်ချုပ်ရေးနည်းလမ်းဖြင့်သာ အရေးယူခဲ့သော်လည်း ယခုအခါ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဦးမင်းမင်းဦး က “အခု အဲ့ဒီဥပဒေ ပြဌာန်းပြီးတဲ့အတွက် ဥပဒေအတိုင်းပဲ တကယ် ထိထိရောက်ရောက် အရေးယူတော့မယ်။ အရင်တုန်းက ဥပဒေ မရှိသေးလို့ အုပ်ချုပ်ရေးနည်းလမ်းနဲ့ အရေးယူတာပဲရှိတယ်။ ဥပဒေရှိလာတော့ ဥပဒေပါအတိုင်းပဲ ၆ လပိတ်ခံရမယ်။ တစ်နှစ် ပိတ်ခံရမယ်။ (၆ လထက် မပိုသော) ထောင်ဒဏ်၊ ငွေဒဏ်တွေ ရှိတယ်” ဟု ပြောသည်။
ထို့အတွက် စက်သုံးဆီရောင်းချသူများ အနေဖြင့်လည်း သတ်မှတ်ထားသော စည်းကမ်း ဥပဒေအတိုင်း လိုက်နာ ရောင်းချ ရန်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက သတိပေးလိုက်သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီဓာတ်ခွဲစမ်းသပ်ယာဉ် Mobile Fuel Lab ၆ စီးအသုံးပြု၍ စက်သုံးဆီ ဆိုင်များကို ရှောင်တခင်စစ်ဆေးမှု ပြုလုပ်နေပြီး ယင်းမှာ နေပြည်တော်နှင့် ရန်ကုန်၊ မန္တလေး မြို့များနှင့် အနီးဝန်းကျင်ကိုသာ စစ်ဆေးနိုင်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းများကို လွှမ်းခြုံနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ယခုအခါ ဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီများကို ၂၀၁၈ခုနှစ် သြဂုတ်လတွင် ဖွဲစည်းထားပြီးဖြစ်သည့်အတွက် ယင်းကေ်ာမတီများကလည်း စက်သုံးဆီဆိုင်များကို ရှောင်တခင်စစ်ဆေးမှု ပြုလုပ်ကာ သက်ဆိုင်ရာ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးတော့မည်ဟု ၎င်းက ဆက်လက်ပြောသည်။
ဝယ်ယူသုံးစွဲသူပြည်သူများ အနေဖြင့်လည်း အရည်အသွေး အခြင်အတွယ်မမှန်ကြောင်း တွေ့ရှိပါက ထုတ်ဖော်တိုင်ကြားပေးရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဖိတ်ခေါ်လိုက်သည်။
စက်သုံးဆီဝယ်ယူသူ ပြည်သူများက ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များမှ စက်သုံးဆီ အခြင်အတွယ် ပြည့်ဝမှန်ကန်မှု မရှိကြောင်း သံသယရှိလျှင် ယင်းဆိုင်များရှိ သတ်မှတ်စံခြင်ခွက်များ စစ်ဆေးနိုင်ပြီး မှန်ကန်မှုမရှိပါက ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့် အရေးယူသွားမည်ဟု ၂၀၁၈ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် အသိပေးကြေငြာခဲ့သော်လည်း ယခုအချိန်အထိ တိုင်ကြားမှု မရှိသေးကြောင်း သိရသည်။
ဦးမင်းမင်းဦး က “ပြည်သူတွေက တိုင်ကြားမှု မရှိသေးဘူး။ ကျနော် ဆိုလိုချင်တာက ပြည်သူတွေ ပူးပေါင်းပါဝင် စေချင်လို့ ဒီလို ထုတ်ပြန်တာဖြစ်ပါတယ်” ဟု ဆိုသည်။
အရည်အသွေးမမီသော ဓာတ်ဆီ၊ ဒီဇယ်ဆီကို အသုံးပြုမိပါက မော်တော်ယာဉ်တွင် EFI ၊ ပလပ်နှင့် ပန့်၊ နော်ဇယ်စသည့် ယာဉ်အစိတ်အပိုင်းများ ပျက်စီးကြောင်း၊ မကြာခဏလဲလှယ်ရသည့် ဒုက္ခများရှိနေသည့်အတွက် ယင်းသို့ စစ်ဆေးမည့် အစီအစဉ်ကို ကြိုဆိုကြောင်း မော်တော်ယာဉ် အသုံးပြုသူများက ပြောကြားမှုများရှိသည်။
နေပြည်တော်မှ ယာဉ်မောင်းတဦး ဖြစ်သူ ကိုအောင်ကိုမင်း က “အဲဒီလိုလုပ်ရင် သုံးစွဲသူတွေအတွက်ကတော့ အရမ်း ကောင်းတာပေါ့။ အခုက တချို့ဆိုင်တွေမှာ ပေးရတဲ့ ဈေးနဲ့ ဆီအရည် အသွေးနဲ့က မတန်ဘူးလေ။ အခြင်အတွယ် ကိစ္စကျရင်လည်း ကိုယ်က ၁ သောင်းဖိုးဖြည့်တယ်ဆို သူတို့ ဒိုင်ခွက်မှာ တသောင်းပြနေရင် ကိုယ်တွေက ထွက်သွားရတာပေါ့။ ပြည့်လား မပြည့်လား မသိဘူးလေ၊ ခြင်တာတွယ်တာတော့ ဘယ်သူမှ အပင်ပန်းခံပြီး မလုပ်ကြဘူး” ဟု ဆိုသည်။
တာဝန်ရှိသူများအနေဖြင့်လည်း ဆီအရည်အသွေး အခြင်အတွယ်ကို သာမန်အသုံးပြုသူကဲ့သို့ အသွင်ယူ၍ စစ်ဆေးပါက ပိုမို ထိရောက်နိုင်မည်ဟုလည်း ၎င်းက ထောက်ပြသည်။
ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် အခြင်အတွယ်၊ အရည်အသွေး မပြည့်ကြောင်း ရေနံနှင့် ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရေးလုပ်ငန်းများ တိုင်ကြားရန် သတ်မှတ်ပေးထားသည့် ဖုန်းနံပါတ်များကို အမည်လိပ်စာ တိကျစွာ ပြောဆို၍ တိုင်ကြားနိုင်ကြောင်း သိရသည်။
ဦးမင်းမင်းဦး က “ဖုန်းနဲ့ တိုင်ကြားရင်တော့ နာမည် အတိအကျတောင်းတယ်။ စစ်ဆေးအရေးယူပြီးရင် ပြန်အကြောင်းကြားလို့ ရတယ်။ တချို့ကျတော့ ဖုန်းနဲ့ စီးပွားရေးပြိုင်ဖက်တွေက တိုင်တာ အမျိုးမျိုးကြုံတွေ့ရတာရှိတယ်။ တိုင်မယ်ဆို ရင်တော့ တိတိကျကျတိုင်၊ အဲ့ဒါဆိုရင် ရှောင်တခင် ဝင်စစ်လို့ရတယ်” ဟု ပြောသည်။
ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၁၊ ပုဒ်မခွဲ (င)အရ လိုင်စင်ရရှိထားသူများသည် စံချိန် စံညွှန်း၊ အရည်အသွေး အခြင်အတွယ် ပြည့်မီမှန်ကန်မှုမရှိသော ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချခြင်း မပြုရ ဆိုဟု တားမြစ်ထားသည်။
ယင်းတားမြစ်ချက်အား ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားလျှင် ပုဒ်မ ၃၉ (ခ) အရ ၆ လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် ၅သိန်းမှာ သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပုဒ်မ ၃၁ ပုဒ်မခွဲ (က) အရ ပြဌာန်းထားသည့် လိုင်စင်ပါစည်းကမ်းများကို ဖောက်ဖျက်ခြင်း သို့မဟုတ် တာဝန်ပျက်ကွက်ခြင်းမရှိစေရဆိုသည့် တားမြစ်ချက်ကို ကျူးလွန်လျှင် ပုဒ်မ ၃၄ အရ သတိပေးခြင်း၊ သတ်မှတ် ဒဏ်ငွေရိုက်ခြင်း၊ လိုင်စင်ကို အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းနှင့် လိုင်စင် အမြဲတမ်းပိတ်သိမ်းခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်းစသည့် စီမံခန့်ခွဲသည့် နည်းလမ်းများဖြင့်လည်း အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဇွန်လအထိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက စစ်ဆေးရေးအဖွဲ့များဖြင့် စက်သုံးဆီအရောင်းဆိုင် ၆၀ ဆိုင်၊ Mobile Fuel Lab ဖြင့် စက်သုံးဆီဆိုင်ပေါင်း ၁၉၆ ဆိုင်တို့ကို စစ်ဆေးခဲ့ပြီး အရည်အသွေး မမှန်သည့် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် စုစုပေါင်း ၆၆ ဆိုင်ကို ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ကို ကာလ ကန့်သတ်ပိတ်သိမ်းခြင်းဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အချက်အလက်များအရ တနိုင်ငံလုံးတွင် စက်သုံးဆီအရောင်းဆိုင်ပေါင်း ၂၃၅၆ ဆိုင်ရှိပြီး ယာဉ် အသွားအလာများသော လမ်းမကြီးများဘေးတွင်လည်း တရားမဝင်ဖွင့်လှစ်ထားသော စက်သုံးဆီအရောင်ဆိုင်ပေါင်းများစွာ ရှိကြောင်း သိရသည်။