သတင်း

ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ရာထူးမှနုတ်ထွက်ခွင့် တင်ပြ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် အသုံးပြုမည့်ကား ၅ စီး ဝယ်ယူမှုတွင် အလွဲသုံးစား ပြုလုပ်သည်ဟု ဆိုကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ရာသက်ပန်ထုတ်ပယ်ခဲ့သည့် ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင် အနေဖြင့် လွှတ်တော် ဒုဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခွင့် တင်ပြထားကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က “သူ့အနေနဲ့ လွှတ်တော်ဒုဥက္ကဋ္ဌ ရာထူးက ထွက်မယ်လို့တော့ နှုတ်အားဖြင့် ကျနော့်ဆီ တင်ပြထားပါတယ်။ ကျနော့်ဘက်ကတော့ သူတင်ပြတဲ့နုတ်ထွက်ခွင့် ကို အတည်ပြုပေးခြင်းတော့ မရှိသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပါတီတွင်းအစည်း အဝေးတရပ် ပြုလုပ်သွားရန်ရှိပြီး အစည်းအဝေးသို့ ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်ပြီး ဧရာဝတီတိုင်း အလုပ်အမှုအဆောင်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမျိုးညွန့် တက်ရောက်မည်ဖြစ်ကြောင်း၊ အဆိုပါအစည်း အဝေးတွင် ပါတီတာဝန်ရှိသူများနှင့် ဦးစံမင်းအောင်တို့ တွေ့ဆုံရှင်းလင်းပြီးနောက်ပိုင်းမှသာ လွှတ်တော် ဒုဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခွင့် ကိစ္စကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဆိုသည်။

ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်မည့်ကိစ္စနှင့် ပတ်သတ်၍ ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ဧရာဝတီတိုင်းလွှတ်တော်အတွက် ပြည်ထောင်စုလွှတ်တော်ရံပုံငွေမှ ခွင့်ပြုငွေ ကျပ်သိန်း ၁၅၈၀ ကို အသုံးပြု၍ ကားများဝယ်ယူရာတွင် အဖွဲ့ခေါင်းဆောင် ဦးစံမင်းအောင်အနေဖြင့် ငွေကြေးအလွဲသုံးစားလုပ်ခဲ့သည်ဟု ပုသိမ်မြို့တွင် နေထိုင်သည့် NLD ပါတီနှင့် နီးစပ်သူတဦးမှ တိုင်ကြားခဲ့သည့်အတွက် NLD ပါတီဗဟိုမှ အရံဗဟိုကော်မတီဝင် ဦးကျော်ဟိုး ဦးဆောင်သည့် အထူးစုံစမ်းရေးအဖွဲ့ဖြင့် ပါတီတွင်း စစ်ဆေးပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဦးစံမင်းအောင်ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပါတီမှ ရာသက်ပန် ထုတ်ပယ်ခဲ့သည်။

ပါတီမှ ထုတ်ပယ်ခဲ့သည့် ဦးစံမင်းအောင်၏ ငွေကြေးဆိုင်ရာကိစ္စရပ်များအား လိုအပ်သလိုဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံသို့ ဆက်လက်အကြောင်းကြားသွားမည်ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောသည်။

ဒေါက်တာ မျိုးညွန့် က “ကျနော်တို့ကတော့ လွှတ်တော်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆီကို အကြောင်းကြားသွားဖို့ ရှိပါတယ်။ ဌာနရဲ့လုပ်ထုံးလုပ်နည်းအရတော့ သူတို့ ဆက်လုပ်မှာပေါ့။ ကျနော်တို့ကတော့ ဆိုင်ရာတွေ အကုန်လုံးကို အကြောင်းကြားမှာပါ။ ကျနော်တို့ရဲ့ဆောင်ရွက်ချက်ကလည်း ဆောင်ရွက်ချက်ပါပဲ။ သူတို့လည်း သီးခြားအဖွဲ့တွေ ဖွဲ့ပြီး သူတို့အဖွဲ့တွေရဲ့ အစီရင်ခံစာအပေါ် မူတည်ပြီး လုပ်ကြမှာပါ” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အသုံးပြုရန်လိုအပ်နေသည့် အသုံးပြုပြီးသား တပတ်ရစ်ကား ၅ စီး ဝယ်ယူရန် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုလွှတ်တော် ရံပုံငွေထဲမှ ကျပ်သိန်း ၁၅၈၀ ရရှိခဲ့ပြီး မီနီဘတ်စ် ၁ စီး၊ လိုက်ထရပ် – Light Truck ၁ စီး၊ အန်စာတုံး – Toyota HiAce ကား ၂ စီးနှင့် ဒယ်ဘယ်ကပ် Toyota Double Cub ကား ၁ စီးဝယ်ယူရန် ဧရာဝတီတိုင်းလွှတ်တော်မှ ကော်မတီဖွဲ့စည်းကာ တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါတင်ဒါသို့ ကုမ္ပဏီ ၃ ခု လာရောက်လျှောက်ထားခဲ့ရာ ကုမ္ပဏီ ၁ ခုသာ အရည်အသွေးပြည့်မီခဲ့ပြီး ကားများ လာရောက်ပြသရန် ချိန်းဆိုသော်လည်း လာရောက်ခြင်းမရှိသည့်အတွက် တင်ဒါဖြင့်ဝယ်ယူသည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကာ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့ဖြင့် ဝယ်ယူခွင့် ပြုရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံ တင်ပြခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ထိုသို့တင်ပြရာတွင် မီနီဘတ်စ်အစား သွားလာရလွယ်ကူပြီး လူ ၁၅ ဦးလိုက်ပါနိုင်သည့် အန်စာတုံး HiAce ကား ပြောင်းလဲ ဝယ်ယူရန်နှင့် ငွေကြေးမလောက်ငှသည့်အတွက် ဒယ်ဘယ်ကပ် Double Cub အစား အိတ်စတာကပ် Extra Cub ကား ပြောင်းလဲဝယ်ယူရန် ဧရာဝတီတိုင်းအစိုးရ အဖွဲ့အားတင်ပြခဲ့ရာ ခွင့်ပြုသည့်အတွက် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်မှ အဖွဲ့ဝင် ၈ ဦးပါ ကားဝယ်ယူရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ အဆိုပါ အဖွဲ့တွင် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်ကို အဖွဲ့ခေါင်းဆောင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဆင့် အရာရှိကြီးတဦးအား အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အရာရှိများနှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။

ထို့နောက် တပတ်ရစ် HiAce အံစာတုံးကား ၃ စီး၊ လိုက်ထရပ် ၁ စီးတို့ကို ကုမ္ပဏီတစ်ခုထံမှ လည်းကောင်း၊ တိုယိုတာ Extra Cub ကားသစ်တစ်စီးတို့ကို ကုမ္ပဏီတစ်ခုထံမှလည်းကောင်း အသီးသီး ဝယ်ယူခဲ့ကြောင်း၊ ကားဝယ်ယူရာတွင် တံဆိပ်ခေါင်းခွန်ကျပ် ၃ သိန်း၊ ပြည်ထောင်စုလွှတ်တော်၏ ညွှန်ကြားချက်အရ ပုသိမ်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအနေဖြင့်ကျပ် ၃၁ သိန်းကျော် ပေးဆောင်ခဲ့ကြောင်း ဦးစံမင်းအောင် က ၂၀၁၈ နှစ်ကုန်ပိုင်းတွင် ပြည်တွင်း မီဒီယာ အချို့ကို ပြောဆိုထားသည်ကို တွေ့ရသည်။

ထို့အပြင် ဝယ်ယူခဲ့ပြီး ကားများကို လွှတ်တော်တွင် အသင့်အသုံးပြုစီးနင်းနိုင်အောင် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး ဘောက်ချာများ၊ ပြေစာများ သိမ်းဆည်းထားကြောင်း၊ အဆိုပါကုန်ကျမှုကြောင့်လည်း ကားဈေးနှုန်းများမှာမူလဈေးထက် မြင့်တက်သွားခဲ့ခြင်းဖြစ်ကြောင်း လည်းပြောဆိုထားသည်။

ဘိုကလေးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်မှာ အသက် ၃၈ နှစ်အရွယ်ရှိ အထက်တန်းရှေ့နေတစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဘိုကလေး မဲဆန္ဒနယ်၌ ခိုင်လုံမဲ ၃၃၃၈၉ မဲဖြင့် အနိုင်ရကာ လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူတစ်ဦး ဖြစ်သည်။

ဆက္စပ္ဖတ္ရႈရန္ – ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ကို NLD ပါတီမှ ရာသက်ပန်ထုတ်ပယ်

Did you find apk for android? You can find new Free Android Games and apps.
Loading