အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ နာယက ဟံသာဝတီ ဦးဝင်းတင် နောက်ဆုံး နေထိုင်ခဲ့သည့် အိမ်ကို ဘဏ္ဍာ ရေး အခြေအနေအရ ဝယ်ယူ၍ ပြတိုက် မလုပ်နိုင်ခဲ့ကြောင်း NLD ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ဧရာဝတီ ကို ပြောသည်။
“တခြား သူတပါး ပိုင်တဲ့အိမ်ကို ကျနော်တို့ ဝယ်ယူပြီး ဘဘဦးဝင်းတင် အတွက် ပြတိုက်လုပ်ဖို့ လောလောဆယ်မှာ ဘဏ္ဍာ ရေး အခြေအနေအရ မဖြစ်နိုင်ပါဘူး။ ဒီတော့ ပိုင်ရေးဆိုင်ရေး ရှိသူတွေက သူတို့ရဲ့ ပိုင်ဆိုင်ခွင့်အရ လုပ်သွား တာပဲ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ၂၀၀၈ ခုနှစ် အကျဉ်းထောင်မှ လွတ်မြောက်ပြီး ၂၀၁၄ ကွယ် လွန် ချိန်အထိ နေထိုင်ခဲ့သော အမှတ် (၁၀)၊ အရိယာမဂ္ဂင်လမ်း၊ (၁၄) ရပ်ကွက်၊ ရန်ကင်းမြို့နယ်ရှိ နေအိမ်ကို ပြတိုက် လုပ်မည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများက ရည်ရွယ် ထားကြောင်းလည်း သိရသည်။
သို့သော် အကောင်အထည် မဖော်နိုင်မီ ဖြိုဖျက် ခံလိုက်ရသည်ဟုလည်း ဆိုသည်။
အဆိုပါ ခြံပိုင်ရှင် ဟံသာဝတီ ဦးဝင်းတင်၏ မိတ်ဆွေရင်းဖြစ်သူ ဦးအုန်းထွန်းသည် ကွယ်လွန်သွားပြီဖြစ်ပြီး ယခုအခါ ပိုင်ရှင် ပြောင်းလဲသွားသောကြောင့် ဖြိုဖျက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ မျိုးညွန့်က“ဒီအိမ်မရှိလို့လည်း ဘဘက ဒီအိမ်မှာပဲ အမြဲနေခဲ့တာ မဟုတ်ပါဘူး။ တခြား နှစ်နေရာမှာလည်း နေခဲ့ပါတယ်။ တခြား နေရာတွေကလည်း အထိမ်းအမှတ်တွေ ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။
ဦးဝင်းတင်နှင့် ပတ်သက်၍ ရုပ်ဝတ္ထု အဆောက်အအုံထက် ၎င်း၏ ဆောင်ရွက်ချက်များ၊ ရေးသား ပြုစု ခဲ့သည့် စာပေ များ၊ စံနမူနာပြ လုပ်ရပ်များကသာ သမိုင်းစာမျက်နှာ ပိုပြီး ဖြစ်သင့်ကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဝန်ကြီး ချုပ် တို့၏ ပြောစကားများသည် ၎င်းတို့ရည်ရွယ်သည့် သဘောထားကို ပြောခြင်းသာဖြစ်ပြီး လက်တွေ့ လုပ်ဆောင် သည့် အခါ အခြေအနေနှင့် သင့်လျော်သလို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒေါက်တာ မျိုးညွန့်က ရှင်းပြသည်။
“နောင်မှာတော့ ကျနော်တို့ ဘဏ္ဍာရေး အဆင်ပြေတဲ့အခါ ဘဘဦးဝင်းတင် အတွက် အုပ်ချုပ်သူတွေရော၊ ပြည်သူတွေ ရော အကုန်လုံးပေါင်းပြီးတော့ အထိမ်းအမှတ်တခုခု ဖော်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။ အခုကိစ္စကတော့ ကိုယ်ပိုင် ဆိုင် တာ မဟုတ်တဲ့ အဆောက်အအုံကို ကျနော်တို့ တစုံတရာ ပြုလုပ်ဖို့ တောင်းဆိုတာတော့ မရနိုင်ပါဘူး”ဟု ၎င်းက ဆိုသည်။
ယခု ဖြိုဖျက်လိုက်သည့် အိမ်သည် ဝယ်ယူလိုက်သူ ပိုင်ရှင်အသစ်၏ စီမံခန့်ခွဲမှုနှင့် သက်ဆိုင်၍ အထူးအထွေ ပြော စရာ မရှိသော်လည်း ဦးဝင်းတင်၏ အသုံးအဆောင် ပစ္စည်း၊ ချီးမြှင့်ခံခဲ့ရသည့် ဆုတံဆိပ်၊ ပန်းချီကား၊ ဓာတ်ပုံ အစရှိ သဖြင့် အမှတ်တရ ပစ္စည်းများအားလုံးကို တစုတစည်းတည်း ထားရှိနိုင်မည့် အထိမ်းအမှတ် ပြတိုက်တခု အမြန်ဆုံး ပေါ်ပေါက် စေချင်ကြောင်း ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းကြည်က ပြောဆို သည်။
“နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အများစုပါဝင်တဲ့ အစိုးရ လွှတ်တော်။ ဒီလို အခင်းအကျင်း ရှိနေတဲ့ အချိန်အခါ မျိုးမှာ ဘဘအတွက် အမှတ်တရဖြစ်ဖြစ် မြေနဲ့ အဆောက်အအုံလေးတော့ ရှိသင့်ရှိထိုက်တယ်။ တာဝန်ရှိ ပုဂ္ဂိုလ်တွေ အနေနဲ့ ဒီဟာကို တနေရာ သတ်သတ်မှတ်မှတ် ထားစေချင်တယ်”ဟု ၎င်းက ပြောသည်။
ဟံသာဝတီ ဦးဝင်းတင်နှင့် အနီးကပ်နေထိုင်ခဲ့သူ ကိုရာဇာ ကလည်း ၎င်း အဝေးရောက်နေချိန် ထိုသတင်းကို ကြား လိုက်ရသည့် အတွက် အလွန် စိတ်မကောင်း ဖြစ်ရကြောင်း၊ NLD ပါတီအပေါ် ကျေးဇူးများစွာ ရှိခဲ့သူ တဦးအတွက် ယင်းနေရာကို ပါတီက ထိန်းသိမ်း စောင့်ရှောက် သင့်ကြောင်း ပြောဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ထံ စာတင်သွားမည် ဖြစ်ကြောင်း၊ ယခုကိစ္စသည် တဦး တယောက်တည်းနှင့် သက်ဆိုင်ခြင်း မဟုတ်သဖြင့် ဦးဝင်းတင် ကို ချစ်ခင်လေးစားသူ အားလုံး ဝိုင်းကူစေချင်ကြောင်းလည်း ၎င်းက ပြောသည်။
ကိုရာဇာက“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဓိက ပြောသွားတာ။ ဒါကြီးကို အလုံးလိုက်ရွှေ့မယ်။ ပြတိုက်လုပ်မယ် ဆိုပြီး သူက ပြောသွားပြီးတဲ့နောက် ကျနော်တို့က ထင်တာ သူ တခုခု စီမံမယ် ထင်တာပေါ့။ ဒါပေမယ့် မစီမံနိုင်တာ လား။ မစီမံခဲ့တာလား မသိဘူး။ အခုတော့ ပြိုသွားပြီပေါ့”ဟု ဆိုသည်။
သတင်းစာဆရာ နှင့် စာရေးဆရာကြီး လည်း ဖြစ်သည့် ဟံသာဝတီ ဦးဝင်းတင်သည် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက် အသက် ၈၅ နှစ်အရွယ်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ကျောက်ကပ် ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ဟံသာဝတီ ဦးဝင်းတင်သည် ၁၉၈၉ မှ ၂၀၀၈ အထိ ၁၉ နှစ်ခန့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အကျဉ်းထောင် အတွင်း အကျဉ်းကျခံ တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။
ဦးဝင်းတင်သည် NLD ၏ နာယက အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ တဦးဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ် ပြန်လည် ရေးဆွဲလိုသူ တဦးလည်း ဖြစ်ကြောင်း သိရသည်။