ပဋိပက္ခ ဖြစ်ပွားနေသည့် ရခိုင်မြောက်ပိုင်း မောင်တောဒေသတွင် လျှပ်စစ်မီးရရှိရန် ကျပ်သန်းပေါင်း တသောင်းကျော် အကုန်ကျခံ၍ ဓာတ်အားခွဲရုံ ၂ ရုံ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
နေပြည်တော်တွင် ဇန်နဝါရီ ၁၇ ရက်နေ့က ပြုလုပ်သည့် ဝန်ကြီးဌာန လစဉ်သတင်းစာ ရှင်းလင်းပွဲတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးအောင်သန်း က ပြောသည်။
ဦးအောင်သန်း က “မောင်တော မီးလင်းပြီးတော့ ကြိန်ချောင်း လုပ်မယ့် အစီအစဉ် ဖြစ်ပါတယ်။ ကြိန်ချောင်းက ဂျိုက်ကာ ODA လုံးနဲ့ ဆက်ပြီးဆောင်ရွက် နေတာ ဖြစ်ပါတယ်။ မြန်မာကျပ်ငွေ ကျပ်သန်း ၁၀၇၀၀ ကျော်နဲ့ လုပ်ငန်းစနေပါတယ်” ဟု ရှင်းပြသည်။
၆၆ ကေဗွီမှ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဓာတ်အားလိုင်း ၄၂.၆၆ မိုင် ဓာတ်အားခွဲရုံ စီမံကိန်း တည်ဆောက်ခြင်း လုပ်ငန်း ကို ၂၀၁၆ ခုနှစ် မတ်လမှ စတင်ခဲ့ပြီး၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ တွင် ဓာတ်အား စတင် ပို့လွတ်နိုင်ခဲ့ခြင်း ဖြစ်ပြီး၊ မောင်တော မှဆက်သွယ်၍ ကြိန်ချောင်းရွာတွင် ခွဲရုံတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ကြိန်ချောင်းကျေးရွာမှာ ရခိုင်ပြည်နယ်၊ စစ်တွေ ခရိုင်၊ မင်းပြားမြို့နယ်တွင် တည်ရှိပြီး ၆၆ /၃၃ /၁၀ အမ်ဗွီခွဲရုံ၊ ၆၆/ ၁၁ / ၅ အမ်ဗွီခွဲရုံ နှစ်ရုံနှင့် ဝန်ထမ်း အိမ်ယာ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဦးအောင်သန်းက ပြောသည်။
အဆိုပါ တည်ဆောက်ရေး လုပ်ငန်းပြီးစီးပါက ပတ်ဝန်းကျင်ကျေးရွာ ၁၆ ရွာနှင့် အိမ်ထောင်စုပေါင်း ၁၃၀၀ ကျော်ကိုလျှပ်စစ်မီး ဖြန့်ဝေနိုင်မည်ဖြစ်သည်ဟု သိရသည်။
လျှပ်စစ်ဌာနမှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့် က “မောင်တောက မီးရပြီးတော့ ကြိန်ချောင်းကျေးရွာမှာ ခွဲရုံဆောက်မယ်၊ လိုင်း ဆွဲတာတွေ၊ ဝန်ထမ်းအိမ်ယာ ဆောက်တာလည်းပါမယ်။ လုပ်ငန်းရာခိုင်နှုန်း ၃၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ” ဟု ပြောသည်။
ရခိုင်ဒေသအတွင်း ပရိပက္ခိများ ဖြစ်ပွားနေသည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဒေသများကို လျှပ်စစ်မီးရရှိရန် အတွက် အစိုးရ ဘက်မှ ဆောင်ရွက်ခဲ့ပြီး လျှပ်စစ်မီးရရှိရန် ကျန်ရှိနေသည့် ဒေသများတွင်လည်း လျှပ်စစ်မီးဖြန့်ဖြူးနိုင်ရန် အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဆိုသည်။
ဘူးသီးတောင် နှင့် မောင်တော မြို့နယ် ၂ ခုမှာ ည ၁၀ နာရီ နောက်ပိုင်းနှင့် နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့် ၁၄၄ သတ်မှတ် နယ်မြေ ဖြစ်သဖြင့် ယခုကဲ့သို့ လျှပ်စစ်မီး ရရှိချိန်တွင် အမှောင်ရိပ်ခို၍ ဖြစ်တတ်သည့် ကိစ္စရပ်များကို ကြိုတင် ကာကွယ်ရာ ရောက်ကြောင်း၊ ယခုကဲ့သို့ လျှပ်စစ်မီး ရရှိခြင်းဖြင့် ပြည်သူများ၏ အကျိုးစီးပွားပါ အထောက်အပံံ့ဖြစ်သည့် အပြင် လူနေမှု အဆင့်အတန်းပါ တိုးတက်လာမည်ဖြစ်ကြောင်း ဘူးသီးတောင် မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ က ပြောသည်။
ဦးအောင်သောင်းရွှေ က “ ဒီအစိုးရ လက်ထက်မှာ ဒီမြို့နယ်တွေကို မီးရဖို့ အတွက် လွှတ်တော်မှာ ကတိကဝတ်တောင်းတယ်။ အစိုးရဘက်ကလည်း လုပ်ပေးပါတယ်။ အခုလည်း နယ်ဘက် တွေဖြစ်တဲ့ ၅ မိုင် အကွာ၊ ၁၀ မိုင်အကွာ အထိ ကျေးရွာတွေပါ ရဖို့ အထိ လုပ်နေပါတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် ခရိုင် ၅ ခု၊ မြို့နယ်ပေါင်း ၁၇ မြို့နယ်၊ ၂၆ မြို့ရှိပြီး၊ ရပ်ကွက် ၁၇၀ ၊ ကျေးရွာအုပ်စု ၁၀၃၅ ရွာနှင့် ရွာပေါင်း ၃၇၃၈ ရွာရှိပြီး၊ လျှပ်စစ်မီး ရရှိမှု ရာခိုင်နှုန်း အားဖြင့် ၁၉.၉၇ ရာခိုင်နှုန်း လွမ်းခြုံပြီး ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာမှ သိရသည်။
ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က “ရသေ့တောင်မြို့နယ်မှာ ကျေးရွာပေါင်း ၁၆၀ ရှိပေမယ့် ၂၆ ရွာသာခန့်သာ မီးရရှိပေမယ့် ရွာတရွာမှာ အိမ်ခြေ ၁၀၀ ရှိရင် ၃၀ လောက်ပဲ မီးရသေးတယ်။ မီတာကို အကုန်လုံး မချပေးနိုင်လို့ မဲနိုက်ပြီးချပေးရတာလေ”ဟု ပြောသည်။
မောင်တော ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံအား လျှပ်စစ်စမ်းသပ်ရေး အဖွဲ့မှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် မောင်တော မြို့ပေါ် ၅ ရပ်ကွက်ရှိ ၁၁ ကေဗွီဓာတ်အားလိုင်း ၉.၇ မိုင်၊ ၁၁/ ဝ.၄ ကေဗွီ ထရန်စဖော်မာ ၂၀ လုံးနှင့် ၄၀၀ ဖို့ ဓာတ်အားလိုင်း ၅.၈၄ မိုင် ၊ စုစုပေါင်း အိမ်ထောင်စု ၅၁၉ စုအားလည်းကောင်း ဓာတ်အား စနစ်မှ ၂၄နာရီ ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံ အနေဖြင့် ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံ ၂၇ ရုံ၊ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ၂၂ ရုံ၊ ကျောက်မီး သွေးသုံး ဓာတ်အားပေး စက်ရုံ ၁ ရုံ တို့မှ မဂ္ဂါဝပ် ၃၀၀၀ ကျော်ကို ထုတ်လုပ်ပေးလျက် ရှိခြင်းကြောင့် နိုင်ငံ အိမ်ထောင်စု လူဦးရေ၏ ၃၇.၈၅ ရာခိုင်နှုန်းကိုသာ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ပေးနိုင်သေးသည့် အတွက် ယခု ဓာတ်ငွေ့ သုံး စက်ရုံ LNG ၄ ရုံ တည်ဆောက်ပြီး မဂ္ဂါဝပ် ၃၀၀၀ ကျော်ထုတ်လုပ်ပါက လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု ၂ ဆ တိုးမြင့် လာမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည်။