ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခတ္တရာ ရှေးဟောင်းဇုန်အတွင်းရှိ အေဒီ ၄ ရာစုမှ ၉ စုအတွင်း တည်ဆောက်ထားသည့် လေးမျက်နှာဘုရား အပေါ်ဘက် ထိပ်တည့်တည့်မှ ဖေါက်ထွင်းခံရကြောင်း ပြည်မြို့နယ် အမှတ် (၃) ရဲစခန်းမှသိရသည်။
ဖောက်ထွင်းခံရသည့် လေးမျက်နှာဘုရားမှာ သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်းရှိ ဘောဘောကြီး ဘုရားနှင့် ဗိဿနိုး မိဖုရား၏ ဆွေမျိုးတော်များ သင်္ချိုင်းကြားတွင်ရှိသည်။
ပြည်မြို့နယ် အမှတ် (၃) ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇေယျာလင်းက “လုံခြုံရေးဝန်ထမ်း မနေ့က သူ တာဝန်ကျတဲ့အချိန်မှာ ဇုန်(ရှေးဟောင်း)ထဲကို လှည့်ပတ်ကြည့်တယ်။ လေးမျက်နှာ ဘုရားရဲ့ ထိပ်မှာ ခဲစလေးတွေတွေ့တယ်။ ဘုရားကို ဖေါက် ထွင်းခံရတာတွေ့လို့ တိုင်ကြားတဲ့အတွက် ဇန်နဝါရီလ ၁၇ ရက်နေ့က ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်း သိမ်းရေး ဥပဒေပုဒ်မ ၂၆ နဲ့ အမှု့ဖွင့် ထားတယ်၊ ဖျက်ဆီးသူတွေကိုလည်း အမြန်ဆုံးစုံစမ်း ဖေါ်ထုတ်သွားမှာပါ” ဟု ဆိုသည်။
ယခု ဖျက်ဆီးခံရသည့် အပိုင်းမှာ ရှေးဟောင်း စေတီအပေါ်တွင် ခေတ်သစ်လက်ရာများဖြင့် ပြန်လည် မွမ်းမံထားသော ကွန်ကရစ် ရေပိတ်၏ အပေါ်ပိုင်း အလျား ၄ပေ၊ အနံ ၁ပေခွဲနှင့် အနက် ၁ပေခွဲခန့် အား ဖောက်ထွင်း ဖျက်ဆီးခံရခြင်း ဖြစ် ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (သရေခေတ္တရာဌာနစု) လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းက ဧရာဝတီကိုပြောသည်။
“စေတီကတော့ ရှေးဟောင်း အမွေအနှစ်ပါ၊ အပေါ်ပိုင်းရေပိတ်လွှာအားလုံးက ခေတ်သစ်လက်ရာပါ၊ ကမ္ဘာ့အမွေအနှစ် မဝင်ခင်က ပြင်ထားခဲ့တော့ အင်္ဂတေကလည်း မူလအင်္ဂတေမဟုတ်ဘူး ဝမ်းစာဖြည့် ထားတာက အုတ်ကျိုးလေးတွေနဲ့ ထောင်းပြီး ထည့်ထားတာဖြစ်လို့ နစ်နာဆုံးရှုံးတာတော့ မရှိဘူး။ ဒါပေမယ့် ဥပဒေအရကတော့ ပြစ်မှုမြောက်တာ ပေါ့” ဟု ၎င်းကဆက်ပြောသည်။
ဆက်လက်ပြီး “ ဒီလိုဖေါက်ထွင်းတယ်ဆိုတာ ဒီဇုန်အတွင်းမှာ ရှေးဟောင်းပစ္စည်းတွေ ရောင်းဝယ် ဖောက်ကားသူ တွေရှိ နေတာနဲ့ သက်ဆိုင်တယ်၊ အဲဒီလို လူတွေ ရှိနေတယ်လို့လည်း ကျနော်တို့ သတင်းရထားတယ်။ လက်ပူးလက်ကြပ်တော့ မမိသေးဘူး။ ဒီဟာနဲ့ အများကြီး ဆက်စပ်နေမယ်လို့ ကျနော်ထင်တယ်။ ဒါတွေ ပပျောက်အောင် ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ ကျနော်တို့ ဆောင်ရွက်နေတယ် ” ဟု ဦးစိုးမင်းက ဆက်ပြောသည်။
၂၀၁၈ နိုဝင်ဘာလအတွင်းကလည်း ရှေးဟောင်းဇုန်အတွင်းရှိ သတိပေးဆိုင်းဘုတ်များ မီးရှို့ဖျက်ဆီး ခံ ရခြင်း၊ အမှိုက် တောင်းများ ပျောက်ဆုံးခြင်း၊ မသီးကျကုန်း သို့ ဆက်သွယ်ထားသည့် တံတားမှ သံလက်ရန်းအား ရိုက်ချိုးဖျက်ဆီးခြင်း၊ ဘောဘောကြီး စေတီသို့ လာရောက် ဘုရားဖူးသည့် ပညာ ရေးဝန်ထမ်းတဦး၏ ငွေကျပ်သိန်း၂၀ ခန့် တန်ဖိုးရှိ ဆိုင်ကယ် တစီး ခိုးယူခံရခြင်း၊ ဘုရားမာ ဘုရား အနီးတွင် စုံတွဲတတွဲအား လူသုံး ယောက်က လာရောက်၍ ဖုန်းနှင့်ပိုက်ဆံအိတ်များ လုယူသွားခြင်း စသည့်ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ယခုကဲ့သို့ ရှေးဟောင်းစေတီဖျက်ဆီးခံရမှုမှာ ဆယ်စုနှစ်တခုအတွင်း ပထမဆုံး အကြိမ်းဖျက်ဆီး ခံရခြင်းဖြစ်ပြီး ကျူးလွန် သူများအား အမြန်ဆုံးဖမ်းဆီးနိုင်ရန်ဆောင်ရွက်နေကြောင်းနှင့် ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (သရေခေတ္တရာဌာနစု)နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ညပိုင်းများတွင်လည်း ကင်းလှည့်ရန် စီစဉ်ထားကြောင်း သိရသည်။
ထိုဖြစ်စဉ်မှာ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများ ထိန်းသိမ်း မှုနှင့် လုံခြုံရေး ဆိုင် ရာများ အားနည်းမှုကို ပြသနေပြီး၊ ယင်းအဖြစ်အပျက်များ ထပ်ခါတလဲလဲ ဖြစ်လာမည်ဆိုပါက ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားမှုကို ထိခိုက်လာနိုင်ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိသည်။