မြောက်ကိုရီးယားဘက်မှ အဆင့်မြင့်သံတမန်တဦးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို နှင့်တွေ့ဆုံရန် ဝါရှင်တန်သို့ ကြာသပတေးနေ့က စေလွှတ်လိုက်ပြီဖြစ်ပြီး ၎င်းသည် သမ္မတဒေါ်နယ် ထရမ့်နှင့်လည်း တွေ့ဆုံဖွယ်ရာရှိ ကြောင်း Bangkok Post သတင်း၌ ပါရှိသည်။
အဆိုပါ မြောက်ကိုရီးယား အဆင့်မြင့် သံတမန် ကင်ယောင်ချူးသည် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုနှင့် နျူကလီးယား လက်နက် ကင်းရှင်းရေးအတွက် ယနေ့ တွေ့ဆုံမည်ဖြစ်သည်။
၎င်းသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့်လည်း တွေ့ဆုံမည့်အလားအလာရှိပြီး အမေရိကန်-မြောက်ကိုရီးယား ဒုတိယ ထိပ်သီးအစည်းအဝေးအတွက် အစီအစဉ်များ ကြေညာနိုင်ရန် ဦးတည် ကြောင်း သတင်းရင်းမြစ်တခုက ဆိုသည်။
ထရမ့်-ကင်ဂျုံအန်း ဒုတိယထိပ်သီးတွေ့ဆုံမှုအစီအစဉ်ကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ပြီး သောကြာနေ့ ညနေပိုင်း မတိုင်မီ ဆောလျင်စွာ ထုတ်ပြန်နိုင်ဖွယ်ရှိသည်။
တချိန်တည်းမှာပင် အမေရိကန် ဒုံးကျည် ကာကွယ်ရေး မဟာဗျူဟာကို ကြာသပတေးနေ့တွင် သမ္မတ ထရမ့်က ထုတ်ပြန် ခဲ့ပြီး သာမန်ထက် ထူးသည့် ဒုံးကျည်ခြိမ်းခြောက်မှုအဖြစ် မြောက်ကိုရီးယား တ နိုင်ငံတည်းသာ ရှိတော့ရာ ပြုံယမ်းကလည်း ယင်းခြိမ်းခြောက်မှုကို ပြီးခဲ့သည့် ၇ လက စတင်ဖယ်ရှား ပေးခဲ့ကြောင်း ဆိုထားသည်။
ဒုံးကျည် ကာကွယ်ရေး သုံးသပ်ချက်သည် အမေရိကန်ကို ဒုံးကျည် ခြိမ်းခြောက်မှုများမှ ကာကွယ်နိုင် ရန်ကျယ်ကျယ် ပြန့်ပြန့် စိစစ်သည့်အားထုတ်မှုဖြစ်ကြောင်း၊ မြောက်ကိုရီးယား၊ အီရန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့၏ နျူးကလီးယား အဆင့်မြှင့်တင်မှုတို့နှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ကြောင်း ဆိုထားသည်။
အမေရိကန် ခေတ္တ ကာကွယ်ရေး အတွင်းဝန် ပက်ထရစ်ရှနာဟန်က အဆိုပါနိုင်ငံများ၏ခြိမ်းခြောက်မှု များကို သိရှိနေ ကြောင်းနှင့် မြောက်ကိုရီးယားဒုံးကျည်ကိစ္စမှာ သိသာထင်ရှားသည့် စိုးရိမ်မှုတခု ဖြစ်ကြောင်း မှတ်ချက်ချသည်။
နျူးကလီးယားကင်းစင်ရေးအတွက် မြောက်ကိုရီးယားကို စည်းရုံးဆွဲဆောင်ရန် ကြိုးပမ်းနေသူ ထရမ့် အတွက် အဆိုပါ သတင်းထုတ်ပြန်မှုသည် လုပ်ဆောင်ရန်ခက်ခဲနေဆဲဖြစ်ပြီး ထိပ်သီး အစည်း အဝေး အစီအစဉ်ကို ကောင်းမွန်စွာ ထပ်မံ တိုးမြှင့်ထားကြောင်း သိရသည်။
အကယ်၍ ရုရှား (သို့မဟုတ်) တရုတ်ကဲ့သို့ နျူးကလီးယားစွမ်းအားအထူးပိုင်ဆိုင်ထားသူများက အမေရိကန်ဘက်သို့ အဦးဆုံးပစ်လွှတ်ခဲ့လျှင် တုံ့ပြန်တိုက်ခိုက်ရန် မိမိတို့ဒုံးကျည် ကာကွယ်ရေး စနစ်မှာ နည်းလွန်းသေးကြောင်း ပင်တဂွန်တာဝန်ရှိသူများက အတိအလင်းပြောကြားသည်။
အမေရိကန် ဒုံးကျည် ကာကွယ်ရေး အဆင့်မြှင့်မှုသည် ခြိမ်းခြောက်မှုတရပ်ဖြစ်ကြောင်း၊ သမ္မတထရမ့် ၏ ထုတ်ပြန်ချက် သည် မော်စကိုနှင့် တင်းမာမှု မြင့်တက်အောင် လုပ်ဆောင်သည့် သဘောဆောင် ကြောင်း ရုရှားက ရှုမြင်သည်။
တရုတ်အနေဖြင့်လည်း အသံထက် အလွန့်အလွန်မြန်သည့် “Hypersonic” နည်းပညာမြှင့်တင်ခြင်းဖြင့် ပင်တဂွန်ကို သတိပေးခဲ့ပြီး စုံစမ်းထောက်လှမ်းရန်ခက်ခဲသည့် ဒုံးကျည်များကို ထပ်မံဖြည့်ဆည်းရန် ဘေဂျင်းက စွမ်းဆောင်နိုင် နေသည်။
ယခုလ အစောပိုင်းက သတင်းတပုဒ်တွင် အဆိုပါအသံထက်မြန်သည့် နည်းပညာနှင့် ပတ်သက်၍ တရုတ်စစ်တပ်သည် ကမ္ဘာပေါ်တွင် ခေတ်အမီဆုံးလက်နက်စနစ် ပြည့်စုံလုနီးနီးဖြစ်နေပြီဟု ပင်တဂွန်က ပြောကြားထားသည်။