မန္တလေးတိုင်း အစိုးရဟောင်း၏ ကြွေးကျန် ကျပ်သန်း ၅၀၀ ယခုလအတွင်းဆပ်မည်
မန္တလေးတိုင်းအစိုးရအဖွဲ့ဟောင်းမှ ပြန်လည်ဆပ်ရမည့် ကြွေးကျန်များအနက် ငွေကျပ်သန်း ၅၀၀ အား ယခုလအတွင်း ရရှိမည်ဖြစ်ကြောင်း တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြော သည်။
ဝန်ကြီး ဦးမြတ်သူ က “နောက်တပတ်ထဲ သန်း ၅၀၀ ဆပ်မယ်လို့ ပြောတယ်။ ဒါက တတိယအရစ်ခွဲပေးတာ။ နောက်လ ပေးပြီးသွားရင်တော့ ကြွေးကျန်အားလုံးရှင်းပြီးပါပြီ” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ် ဇွန်လက မန္တလေးတိုင်းအစိုးရ၏ ဒုတိယ (၁) နှစ်ပြည့်ကာလအတွင်း ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် တိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က တိုင်းအစိုးရ အဖွဲ့ဟောင်းမှ ပေးစရာ ငွေကြွေးကျန်များနှင့် ပတ်သတ်၍ စာရင်းစစ်ချုပ် အစီရင်ခံစာကို ဖတ်ကြားခဲ့ပြီး ကြွေးကျန်ငွေပမာဏ စုစုပေါင်း သန်းပေါင်း ၂၀၀၀ ကျော်ဖြစ်သည်ဟု သိရသည်။
၎င်းငွေကြေးများအား စာရင်းရှင်းလင်းပေးသွင်းရန်အတွက် တိုင်းအစိုးရအဖွဲ့ဟောင်းထံ အကြောင်းကြားစာ ပေးပို့ခဲ့ပြီးနောက် အစိုးရအဖွဲ့ဟောင်းက အရစ်ကျဖြင့် ၄ ကြိမ်ခွဲသွင်းရန် သဘောတူညီချက် ရရှိခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှသိရသည်။
ဦးမြတ်သူ က “အမှန်ကတော့ တလုံးတည်း ပေးရမဲ့ငွေတွေပါ။ သူတို့ဘက်က ဝန်ကြီးချုပ်ကို အဆိုပြု မေတ္တာရပ်ခံတဲ့အခါ ဝန်ကြီးချုပ်ကလဲ လက်ခံတဲ့ အတွက် တလတကြိမ် အရစ်ကျနဲ့ ခွဲပေးတာဖြစ်သွားတာ” ဟု ရှင်းပြသည်။
အဆိုပါကြွေးကျန်ကိစ္စနှင့် ပတ်သတ်၍ ပြီးခဲ့သည့်နှစ် ဇူလိုင်လက အစိုးရအဖွဲ့ဝင်ဟောင်းများက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ကြွေးကျန်ဟု သတ်မှတ်ထားသော် ၎င်းငွေကြေးများသည် ပြည်သူပိုင် ငွေကြေး မဟုတ်ဘဲ ၎င်းတို့ အစိုးရ လက်ထက် က ပုဂ္ဂလိက အလှူရှင်များက ဒေသဖွံ့ဖြိုးရေးအတွက် လှူဒါန်း ခဲ့ကြသည့် ငွေကြေးများသာဖြစ်၍ လက်ရှိ တိုင်းအစိုးရထံ ပြန်လည်ပေးသွင်းရန် မဖြစ်နိုင်ကြောင်းနှင့် ပြန်လည်စိစစ်ပေးရန်အတွက် သမ္မတရုံးသို့ စာတင်ခဲ့သည်ဟု တိုင်းဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်က ပြောခဲ့သည်။
မန္တလေးတိုင်း အစိုးရအဖွဲ့ ဒုတိယ သက်တမ်း သတင်းစာရှင်းလင်းပွဲတွင်မူ လက်ရှိတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က “ဒီငွေတွေဟာ ပြည်သူ့ငွေ တွေဖြစ်ပါတယ်။ ဒါကြောင့် စာရင်းရှင်း ကိုရှင်းရမှာ ဖြစ်ပါ တယ်။ ပြည်သူ့ငွေ အကြွေး တင်ထားပြီးရင် လျှော်လို့မရပါဘူး။ ဆပ်ကိုဆပ်ရမှာပါ” ဟု ပြောကြား ခဲ့သည်။
ယင်းနောက် အဆိုပါကြွေးကျန်များအား ပြန်လည်ပေးဆပ်ရမည့်ကိစ္စအား အရစ်ကျစနစ်ဖြင့် ပေးရန် ညှိနှိုင်း ပြေလည်မှု ရရှိခဲ့ပြီး တိုင်းအစိုးရ အဖွဲ့ဟောင်းက ပြီးခဲ့သည့်နှစ် နိုဝင်ဘာမှ စတင်၍ ကြွေးကျန်များအား အရစ်ကျဖြင့် ခွဲဆပ်ခဲ့ရာ ယခုလ ပေးသွင်းမည့် ကျပ် သန်း ၅၀၀ သည် တတိယအကြိမ်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလကုန်တွင် ပေးသွင်းမည့် သန်း ၅၀၀ ကျော်သည် နောက်ဆုံးအကြိမ်ဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။
အဆိုပါငွေကြေးများအား အစိုးရအဖွဲ့ဟောင်းက ချက်လက်မှတ်ဖြင့် ပေးဆပ်ခြင်းဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ ငွေစာရင်းအမှတ်သို့ စီမံ/ဘဏ္ဍာဝန်ကြီးက ပေးသွင်းရသည်ဟု သိရသည်။
ဆက်စပ်ဖတ်ရှုရန် – ပြန်ရမည့် မန္တလေးတိုင်း ရန်ပုံငွေများအား ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် သုံးမည်