YBS ၂ နှစ်ပြည့် အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) က ချီးမြှင့်သည့် ၂၀၁၈ အတွက် YBS အကောင်းဆုံး ဆုရရှိသော ယာဉ်လိုင်း ကုမ္ပဏီများနှင့် ပတ်သက်၍ လူမှု ကွန်ရက် သုံးစွဲသူ ခရီးသွား ပြည်သူများကြား ဝေဖန်မှုများ ထွက်ပေါ်လျက် ရှိသည်။
ဆုများကို ဝန်ဆောင်မှု အကောင်းဆုံးဆု၊ စည်းကမ်း အကောင်းဆုံးဆု၊ နည်းပညာဆောင်ရွက် အသုံးချမှု အကောင်း ဆုံး ဆု၊ တိုးတက်မှု အရှိဆုံးဆု စသည်ဖြင့် အသီးသီး ရွေးချယ်ပေးအပ်ခဲ့ရာ ရရှိသည့် ဆုများနှင့် မြေပြင်တွင် ဖြစ်ပေါ် နေသော ယာဉ်လိုင်းများ၏ အားနည်းချက်များကို ဝေဖန်သူများက အဓိက ထောက်ပြကြသည်ကို တွေ့ရသည်။
ဆုရရှိသည့် ကုမ္ပဏီ အမည်နှင့် ယာဉ်လိုင်း နံပါတ်များကို “YBS ခရီးသွားများ၏ အသံ” ဟူသည့် လူမှုကွန်ရက် စာမျက်နှာ တွင် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း အင်ဒမင်က ဇန်နဝါရီ ၁၆ ရက်တွင် ရေးသား ဖော်ပြသည်။
ယင်းပို့စ်၏ အောက်တွင် “နံပါတ် ၁၇ မီနီဘတ်စ် ငွေပုံးပါပေမယ့် စပါယ်ယာကိုပဲ ပိုက်ဆံပေးစီးရတဲ့ ကားက နည်းပညာ ဆောင်ရွက် အသုံးချနိုင်မှုဆု ရတဲ့ထဲမှာ ပါတယ်တဲ့လား .. အေးပါကွာ”ဟု Htet Htet Pan အကောင့်ပိုင်ရှင်က မှတ်ချက် ပြုထားသည်ကို တွေ့ရသည်။
လက်ရှိ YBS စနစ်တွင် YBS operator ကုမ္ပဏီများနှင့် တာဝန်ခံအစုအဖွဲ့ ၂၈ ခု ရှိသည့်အနက် ၆ ခု ရွေးချယ် ခံရခြင်း ဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်မြို့ Sky Star Hotel တွင် YBS ၂ နှစ်ပြည့် ပြုလုပ်ခဲ့သည့် အခမ်းအနား၌ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ကိုယ်တိုင် ဆုများ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အခမ်းအနားတွင် YRTA ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်ညီညီမော်က ဆုပေးရွေးချယ်မှုနှင့် ပတ်သက်၍ ၂၀၁၇ အထိ ပြန်လှန်သုံးသပ်၍ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ YBS ၂ နှစ်တာကာလအတွင်း ကုမ္ပဏီများ၏ ဝန်ဆောင်မှု၊ စည်းကမ်း လိုက်နာမှု၊ ကုမ္ပဏီစီမံခန့် ခွဲမှုနှင့်စနစ်ကျမှု၊ ဘဏ္ဍာရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်မှု၊ နည်း ပညာအသုံးပြုနိုင်မှု စသည့် ကဏ္ဍ ၅ ခုကို အခြေခံကာ အမှတ်ပေး စည်းမျဉ်းနှင့်အညီ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်း တင်ပြသည်။
“ကဏ္ဍ ၅ ခုကို အခြေခံထားပြီး အမှတ်ပေးစနစ်နဲ့ အဖွဲ့လိုက် ဖွဲ့စည်းပြီး တခုချင်းစီမှာ စနစ်တကျ အမှတ်ပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ဆု ၆ ခုထဲ၌ ဝန်ဆောင်မှု အကောင်းဆုံးဆုကို YBS 20, 56, 83, 98, 99, Airport Shuttle လိုင်းများကို တာဝန်ယူ ပြေးဆွဲ နေသည့် Omni Focus General Services Public Co.,Ltd ကလည်းကောင်း၊ စည်းကမ်းအကောင်းဆုံးဆုကို YBS 5,33, 34, 50, 51, 70, 95 ယာဉ်လိုင်းများကို တာဝန်ယူပြေးဆွဲနေသည့် ရွှေတောင်ပိုင်း ခရိုင် အများနှင့် သက်ဆိုင် သော ကုမ္ပဏီ က လည်းကောင်း ရရှိသည်။
နည်းပညာ ဆောင်ရွက်မှု၊ အသုံးချနိုင်မှု အကောင်းဆုံးဆုကို YBS 2, 3, 4, 7, 8, 10, 11, 15, 17, 24, 26, 28, 29, 36, 40, 58, 59, 65, 84 ယာဉ်လိုင်းများကို တာဝန်ယူပြေးဆွဲနေသည့် ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင် ရေး အများပိုင် ကုမ္ပဏီလီမိတက် (YUPT) က လည်းကောင်း၊ ကုမ္ပဏီဖွဲ့စည်းပုံ အကောင်းဆုံးဆုကို YBS 12, 13, 14, 25, 30, 38, 55 ယာဉ်လိုင်းများကို တာဝန်ယူပြေးဆွဲနေသည့် ဗန္ဓုလ အများနှင့်သက်ဆိုင်သော ကုမ္ပဏီက လည်းကောင်း အသီးသီး ရရှိသည်။
ငွေကြေးစနစ်တကျ ဆောင်ရွက်ထားရှိမှုကို YBS 31, 64 ယာဉ်လိုင်းများကို တာဝန်ယူ ပြေးဆွဲနေသည့် ကုန်းဘောင် ရန်ကုန် အများနှင့်သက်ဆိုင်သော ကုမ္ပဏီက လည်းကောင်း၊ တိုးတက်မှု အရှိဆုံးဆုကို YBS 32, 78, 93, 94, 97 ယာဉ်လိုင်းများကို တာဝန်ယူပြေးဆွဲနေသည့် လူထုမိတ်ဆွေ အများနှင့်သက်ဆိုင်သော ကုမ္ပဏီက လည်းကောင်း ရရှိ ခဲ့ခြင်း ဖြစ်သည်။
YBS 21, 39, 41 ယာဉ်လိုင်းများကို တာဝန်ယူပြေးဆွဲနေသည့် Power Eleven ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ကိုတရုတ်လေးက ဆုရရှိသည့်အထဲတွင် Omni Focus ၊ ဗန္ဓုလ၊ YUPT နှင့် လူထုမိတ်ဆွေများ ရရှိသည့် ဆုသည် ကိုက်ညီမှု ရှိသော်လည်း ရွှေတောင်ပိုင်းနှင့် ကုန်းဘောင်ရန်ကုန် ကုမ္ပဏီများကို ပေးသည့် ဆုများမှာ ကိုက်ညီမှု မရှိဟု ထောက်ပြသည်။
ကိုတရုတ်လေးက“ဝန်ဆောင်မှု ညံ့ပြီး စည်းကမ်းပျက်တာ YBS မှာ ဒုတိယ အဆင့်လောက်ရှိတဲ့ ကုမ္ပဏီတွေမို့ပါ”ဟု ပြောဆိုသည်။
ဆက်လက်၍ ၎င်းက လာမည့်နှစ်များတွင် ယင်းသို့ ဆုပေးမည်ဆိုပါက မည်သည့်အချက်များဖြင့် ကိုက်ညီမှှုရှိမှ ပေး မည် ကို ကြိုတင် ကြေညာထားစေချင်ကြောင်း၊ သို့မှသာ ပွင့်လင်းမြင်သာမှု ရှိမည်ဖြစ်ကြောင်း၊ ခရီးသွားပြည်သူများ၏ သဘောထား ကိုလည်း စစ်တမ်းယူသင့်ကြောင်း အကြံပြုသည်။
“ကုမ္ပဏီ အမည်နဲ့ တွဲဖက်ပြီး ဘယ် YBS လိုင်း အမှတ်က ဝန်ဆောင်မှုကောင်းလို့ ပေးကြောင်း ပြုလုပ်သင့်တယ်။ အခု ဆု ပေးလိုက်တဲ့ ကုမ္ပဏီတွေရဲ့အောက်မှာ ဝန်ဆောင်မှု ကောင်းတာရှိသလို စည်းကမ်း ပျက်နေတာတွေလည်း ရှိပါ တယ်” ဟု ကိုတရုတ်လေးက ပြောသည်။
YRTA အနေဖြင့် ကုမ္ပဏီကို ရွေးချယ် ဆုပေးခဲ့ခြင်း ဖြစ်သော်လည်း ဆုရရှိသည့် ကုမ္ပဏီများ၏ လက်အောက်မှ ယာဉ် လိုင်း များ၏ ချို့ယွင်းချက်များကို ခရီးသည်များက အဓိက ဝေဖန်ခြင်းဖြစ်ပြီး စည်းကမ်းပိုင်း၊ ခရီးသည်များ အန္တရာယ် ကင်းရှင်းမှု၊ ယာဉ်မောင်းများ၏ ယဉ်ကျေးမှု စသည့် အပိုင်းများတွင် ကောင်းမွန်သည့် YBS ယာဉ်လိုင်း ၂၁ က ဆု မရ ရှိခြင်း အပေါ်တွင်လည်း မည်သည့်အတွက်ကြောင့် ဆုမရသနည်းဟု မေးခွန်းထုတ်သည်ကို တွေ့ရသည်။
“78 က ဘာ တိုးတက်။ တစီးနဲ့တစီး ကြာတာ ဆိုတာ ပိုးစိုးပက်စက်။ ၂၁ ကျ ဆုမပေးဘူး။ ၃၁ ကျ ငွေကြေးစီမံ တော် တယ်တဲ့။ တခါတခါ စပယ်ယာ အပိုပါပြီး သူပဲ ပိုက်ဆံတွေ ကောက်နေတာ”ဟု Khin Yadanar Moe ဆိုသည့် အကောင့် ပိုင်ရှင်က ပြောဆိုထားသည်။
ဆုရရှိသည့် ယာဉ်လိုင်းများနှင့် ပတ်သက်၍ ခရီးသည်များ အပြောများဆုံးထဲတွင် ကားပေါ်ရှိ ဘဲလ်ခလုတ်များ ပျက်နေ ခြင်း၊ မှတ်တိုင်တွင် ကျောက်ချရပ်နားခြင်း၊ အချို့ယာဉ်လိုင်းများတွင် စပယ်ယာပါပြီး ကားခ ကောက်ခံနေခြင်း၊ ကား များ စုတ်ပြတ်နေခြင်း၊ ကားတစီးနှင့်တစီး အချိန် အလွန်ကွာဟခြင်း၊ ဒရိုင်ဘာ တချို့၏ ပြောဆို ဆက်ဆံမှု ရိုင်းဆိုင်း ခြင်း တို့ဖြစ် သည်။
YRTA ၏ စာရင်းများအရ ၂၀၁၈ တွင် ခရီးသည်များ တိုင်ကြားသည့် အမှုပေါင်း ၂၅၀၀ ကျော်ရှိပြီး အများဆုံး တိုင်ကြားမှုမှာ ယာဉ်စီးခ ပိုမိုတောင်းခံခြင်း၊ မချေမငံဆက်ဆံခြင်း၊ မှတ်တိုင်တွင် မရပ်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။
တိုးတက်မှုအရှိဆုံး ဆုကို ရရှိခဲ့သည့် လူထုမိတ်ဆွေ ပြည်သူ့အကျိုးယာဉ်လိုင်းက ဆုရရှိသည့်အတွက် ခရီးသွား ပြည်သူ များ အပါအဝင် YRTA နှင့် ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ကြောင်း၊ ဆက်လက်၍လည်း ခရီးသွား ပြည်သူ တို့၏ အကျိုးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖော်ပြ ထားသည်။
အဆိုပါ ကုမ္ပဏီမှ စီနီယာမန်နေဂျာ ကိုဇော်ဇော်ကလည်း ယာဉ်လိုင်းများအပေါ် ခရီးသည်များ၏တိုင်ကြားမှုများနှင့် ပတ်သက်၍ “ကျနော်တို့က လူထုမိတ်ဆွေ ဖေ့စ်ဘုတ်ပေ့ချ်လည်း လုပ်ထားပါတယ်။ အဲဒီမှာ ကွန်ပလိန်း တက်လာ တယ် ဆိုတာနဲ့ ချက်ချင်း ကားသမားကို အရေးယူမှုပြုပါတယ်”ဟု ရှင်းပြသည်။
လက်ရှိတွင် YBS စနစ်၌ အများပိုင်ကုမ္ပဏီပေါင်း ၁၈ ခု၊ ပုဂ္ဂလိကအစုအဖွဲ့ပိုင် ၁၀ ခုမှ ယာဉ်အစီးရေ ၆၀၀၀ ခန့် မှတ်ပုံ တင် ထားသော်လည်း မြေပြင်တွင် ယာဉ်အစီးရေ ၄၀၀၀ ကျော်၊ ယာဉ်လိုင်းပေါင်း ၁၀၀၊ ယာဉ်လမ်းကြောင်း ၁၂၀ ကျော် ဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။