စပ်ဆေးများက အသက်အန္တရာယ်ထိခိုက်နိုင်ဟု FDA ပြော
စပ်ဆေးသောက်သုံးခြင်းသည် အသက်အန္တရာယ်ကို ထိခိုက်နိုင်သဖြင့် သောက်သုံးရန် မသင့်သည့်ဆေးဝါးများဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ( FDA ) မှ သိရသည်။
အဆိုပါ ဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ခင်ဇော်က “ စပ်ဆေးက လုံးဝ မသုံးသင့်ဘူး။ အဆိုးဆုံးက စတီးရွိုက်တွေ အဓိက ပါနေတဲ့အတွက် ချက်ချင်း လက်ငင်း သက်သာသလို ရှိသွားပေမယ့် သူ့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက အများကြီးရှိသွားနိုင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ စပ်ဆေးများသည် ဆေးလုံးများကို ဖွင့်ဖောက်ပြီး ရောစပ်ထားသဖြင့် မှတ်ပုံတင်ထားသည့် ဆေး ဟုတ်၊မဟုတ် ၊ ရက် လွန်နေသည့်ဆေးများ ပါဝင်နေခြင်း ဟုတ်၊ မဟုတ်ကို ပြန်လည် စစ်ဆေးရန်အတွက် အခက်အခဲများရှိကြောင်း၊ ရောစပ်ထားသည့် စပ်ဆေးများတွင် အပူကျ အကိုက်အခဲ ပျောက်ဆေး ၂ မျိုးမှ ၃ မျိုးအထိ ပါဝင်နေသဖြင့် ဘေးထွက်ဆိုးကျိုးများ အလွန်များကြောင်း၊ တတ်ကျွမ်းနားလည်သည့် ဆရာဝန်နှင့် ပြသရန် လိုကြောင်း ၎င်းက ရှင်းပြသည်။
ရာသီဥတု အကူးအပြောင်းကြောင့် နှာစေး၊ ချောင်းဆိုးနှင့် အဖျားရောဂါများ ဖြစ်ပွားခဲ့သည်ရှိသော် ဆေးဆိုင်များမှ ထည့်ပေးသည့် စပ်ဆေးများကို အလွယ်တကူဝယ်ယူသောက်သုံးသည့် နည်းဖြင့် ဖြေရှင်းနေမှုများရှိနေသည်။
သို့ဖြစ်ရာ ဈေးကွက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည့် စပ်ဆေးများမှာ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရသည့်အတွက် စပ်ဆေးများကို ဝယ်ယူ သုံးစွဲခြင်း မပြုလုပ်ရန်နှင့် ဆေးဆိုင်များ အနေဖြင့်လည်း စပ်ဆေးရောင်းချနေမှုကို ချက်ချင်းရပ်တန့်ရန် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ယခုလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ စပ်ဆေးများကို အများဆုံး ဝယ်ယူ အသုံးပြုသူများမှာ ကျေးလက်နေ ပြည်သူများ ဖြစ်ကြပြီး ကျန်းမာရေး အသိပညာ နည်းပါး သည့် အခြေအနေထက် ရာသီဥတု အကူးအပြောင်းကာလကြောင့် ဖြစ်တတ်သည့် ရောဂါမျိုးကို ဆေးရုံ၊ ဆေးခန်းပြလေ့မရှိဘဲ ပြင်ပဆေးဆိုင်များမှ အလွယ်တကူ ဝယ်သောက်သည့် နည်းဖြင့်သာ အများစုမှာ ဖြေရှင်းကြခြင်းဖြစ်သည်။
ပျဉ်းမနားမြို့၊ အောင်ချမ်းသာကျေးရွာမှ တောင်သူ ဦးကျော်ဌေးက“တောသူ၊ တောင်သားတွေ ဖျားလို့လည်း အိပ်ယာထဲ ဇိမ်နဲ့ ဘယ်လိုနေနိုင်မှာလဲ။ ဆေးဆိုင်က ဆေးဝယ်သောက် နွားနဲ့ ဖက်ရုံးရတာပဲ။ ချွေးထွက်ရင် သက်သာသွားတာပဲလေ။ တော်ရုံဖျားနာ လို့ကတော့ ဆေးခန်းသွားပြတာ ရှားပါတယ်” ဟုပြောသည်။
ဆေးခန်း ပြသပါက ငွေကျပ် ငါးထောင်ခန့် အနည်းဆုံးကုန်ကျကြောင်း၊ အပြင်ဆေးဆိုင်မှ ပေးသည့် စပ်ဆေးဝယ်ယူ သောက်ပါက ဆေး ၃ ရက်စာ ကို ငွေကျပ် တထောင်ကျော်ခန့်သာ ကုန်ကျသဖြင့် ဆင်းရဲနွမ်းပါးသည့် တောသူတောင်သား များအနေဖြင့် ထိုနည်းဖြင့်သာ အများစုမှာ ဖြေရှင်းကြကြောင်း ဦးကျော်ဌေးက ဆိုသည်။
စပ်ဆေးသည် ရောဂါကို ခဏတာ သက်သာစေခြင်းဖြစ်ပြီး ရောဂါအမြစ်ပြတ်စေရန် ကုသခြင်း မဟုတ်သဖြင့် ရောဂါအခြေအနေ ပိုမို ဆိုးရွားနိုင်သည့် အပြင် အသက်အန္တရာယ် ရှိလာနိုင်ကြောင်း သိရသည်။
စပ်ဆေးများတွင် အကိုက်အခဲပျောက်ဆေး၊ စတီးရွိုက် (Steroid) ဆေးများကြောင့် အစာအိမ် အနာဖြစ်ခြင်း ၊ သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ အစာအိမ်ပေါက်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ဖြစ်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်း၊ လေဖြတ်ခြင်း စသည့် အန္တရာယ်များ အပြင် ရောဂါ ပိုမို ဆိုးရွားလာရာမှ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့် အာားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရသိရသည်။
ပျဉ်းမနားမြို့မှ ဆေးပစ္စည်း အရောင်းဆိုင် မှ ဆိုင်ရှင်တဦးကလည်း “လိုင်စင်တို့၊ ဆေးဝါး ထားသိုတာ စနစ်ကျနမှု ရှိ၊မရှိလည်း FDA က ဝင်စစ် ပါတယ်။ သက်တမ်းလွန်ဆေးနဲ့ စပ်ဆေးမရောင်းဖို့လည်း ပြောတယ်။ စည်းကမ်းတိုင်း အကုန်လိုက်နာပြီးရောင်းပါတယ်။ ဒါပေမယ့် ဝယ်သူက ခေါင်းကိုက်ပြီး ကိုယ်ပူနေလို့ ဘာဆေးသောက်ရမလဲဆိုရင်တော့ ရောင်းပေးရတာမျိုးတော့ ရှိပါတယ်” ဟု ပြောသည်။
စပ်ဆေး အထုပ်များကိုနေရာဒေသလိုက်၍ ထုတ်လုပ်မှု ပုံစံ အမျိုးမျိုးဖြင့် ရောင်းချမှုများ အကြောပြေ အကိုက်အခဲပျောက်ဆေးဆိုသည့် အမှတ်တံဆိပ် ရိုက်နှိပ်ပြီးနောက် အင်္ဂလိပ်ဆေးများကို ရောစပ်ပြီး အမှုန့်ကြိတ်ပြီးရောင်းချသည့် ပုံစံရှိသလို၊ ဆေးလုံးများ ကို တွဲပြီး အသင့်ရောင်းချသည့် ဆိုင်များရှိသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ဆေးဝါးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မျိုးဇာနည်စောကလည်း “ ဈေးကွက်ထဲ လိုက်စစ်တဲ့ အခါမှာ စပ်ဆေးတွေကို ထုပ်ပြီးတော့ ဗူးထဲ ထည့်ထားတာ။ ဗိုက်အောင့်ရင် ဘယ်ဗူးထဲက ၊ ဖျားရင် ဘယ်ဗူး ထဲက၊ ခေါင်းကိုက်ရင် ဘယ်ဗူးထဲက အစရှိသဖြင့် တထုပ် တရာ ဆိုပြီး ရောင်းတာ မျိုးတွေ တွေ့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အများပြည်သူများ အနေဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးများကို ဝယ်ယူ သုံးစွဲခြင်းမပြုရန်နှင့် မှတ်ပုံတင်ထားသည့် ဆေးဝါးများကိုသာ ဆရာဝန် လမ်းညွှန် ချက်ဖြင့် ဝယ်ယူ အသုံး ပြုရန် အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။
ထို့အပြင် ဆေးဝါးတင်သွင်း ဖြန့်ဖြူးသည့် ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထား ခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီသော ဆေးဝါးများကို တင်သွင်း ဖြန့်ဖြူးရောင်းချမှု မပြုလုပ်ရန်နှင့် လိုက်နာမှု မရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းမှ အမျိုးသားဆေးဝါး ဥပဒေ ပုဒ်မ ( ၁၈ ) အရ တရားစွဲအရေးယူ ဆောင်ရွက်သွားမည်ဟု FDA ၏ ဝက်ဘ်ဆိုက်တွင် တရားဝင် ကြေညာထားသည်။