ကလေးစစ်သား စုဆောင်းခဲ့သည့် အရာရှိများ အပါအဝင် အခြားအဆင့် ရှိသူ ၈၀၀ ကျော်ကို ၁၀ နှစ်ကျော်အတွင်း တပ်မတော်က အရေးယူခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း က ပြောသည်။
ဇန်နဝါရီ ၁၇ ရက်နေ့က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သော အမျိုးသားအဆင့် အဓမ္မ ခိုင်းစေမှု ပပျောက် ရေး တိုင်ကြားမှု ယန္တရား (National Complaints Mechanism) တည်ထောင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား သို့ တက်ရောက်လာစဉ် ပြောကြားခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းက“တပ်မတော်အနေနဲ့ ၂၀၀၇ ခုနှစ်ကစပြီး ၂၀၁၈ ခုနှစ်အထိ ကျနော်တို့ ILO ဘက်က တင်ပြ လာတဲ့အမှု တွေ နဲ့ ပတ်သက်ပြီး အရာရှိ ၆၄ ယောက်၊ အခြားအဆင့် ၃၁၅ယောက် စုစုပေါင်း ၃၇၉ ဦးကို စစ်စည်းကမ်းအရ အရေးယူခဲ့ပါတယ်။ အလားတူ CTFMR (Country Task Force on Monitoring and Reporting) ဘက်မှာလည်း အရေးယူမှုတွေအနေနဲ့ အရာရှိ ၉၆ ယောက်၊ အခြားအဆင့် ၃၅၂ ယောက်စုစုပေါင်း ၄၄၈ ယောက် ကိုအရေး ယူခဲ့ပါတယ်”ဟု ပြောသည်။
ထိုကဲ့သို့ အရေးယူရာတွင် အရပ်ဘက် အကျဉ်းထောင်ချခြင်း၊ စစ်ဘက် အကျဉ်းထောင်ချခြင်း၊ စစ်ဘက် အချုပ်ချ ခြင်း နှင့် ရာထူး လျှော့ခြင်းများ အပါအဝင် အရေးယူမှုများ ပြုလုပ်ခဲ့သည်ဟု ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း ကဆိုသည်။
ပြည်သူ့လွှတ်တော် တောင်သူလယ်သမားရေးရာနှင့် အလုပ်သမားရေးရာကော်မတီ အဖွဲ့ဝင် ဦးစောတင်ဝင်းကလည်း “ကျနော်တို့ဆီကို အသက်မပြည့်တိုင်စာ တလကို အစောင်ရေ ၄၀ ကျော်လောက်ရောက်တယ်။ အသက် မပြည့်ဘဲ တပ်ထဲ ရောက်တာတွေ၊ တပ်ထဲ ရောက်ပြီး တပ်အသက် ၁၀ နှစ်ကျော်တာတွေ သူတို့က ထွက်ချင်တဲ့ အကြောင်း တိုင်စာပို့လာ တာပါ”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုင်ကြားစာများမှ ILO ဘက်မှ ကော်မတီဘက်သို့ ပေးပို့လာပြီး ကော်မတီ အနေဖြင့် တိုင်ကြားသူများ အမှန် တကယ် အသက် ပြည့်မပြည့်ကို မွေးစာရင်း၊ အိမ်ထောင်စု စာရင်း၊ ကျောင်းထွက် လက်မှတ်များနှင့် တိုက်ဆိုင် စစ်ဆေးပြီး၍ ထိုသူများ၏ စာရင်းကို ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ပြန်လည်ပေးပို့ကြောင်း ဦးစောတင်ဝင်းက ဆိုသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက“ဝန်ကြီးဌာန ကိုတိုင်ကြား တာရော ILO ကိုတိုင်ကြားတာ ရာဂဏန်းလောက်ရှိပါတယ်။ တချို့ကိစ္စတွေက မဟုတ်တာတွေလည်း ရှိတယ်။ မှန်ကန်တဲ့ အတွက်ဖြေရှင်းပေးရတာလည်းရှိတယ်။ ပုဂ္ဂလိကပိုင်းမှာရှိသလို၊ တချို့ Formal Sector တွေမှာ လည်းရှိတယ်”ဟု အဆိုပါ အခမ်းအနား ခေတ္တ ရပ်နားချိန်တွင် မီဒီယာများကို ပြောသည်။
လက်ရှိတွင် အဓမ္မခိုင်းစေမှုနှင့် ပတ်သက်သော တိုင်ကြားချက်များမှာ တဖြည်းဖြည်း လျော့နည်းကျဆင်း နေပြီဖြစ် ကြောင်း၊ သို့သော် အဓမ္မခိုင်းစေမှု ပပျောက်ရန်ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ဆိုသည်။
“အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် နိုင်ငံတော်အဆင့်မှာ တိုင်ကြား မှုယန္တရားတခု တည်ထောင်ပြီးတော့မှ အဓမ္မ ခိုင်းစေခံရတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ နိုင်ငံတော်အဆင့် ယန္တရားကိုတိုင်ကြားနိုင်ပြီး အဓမ္မခိုင်းစေမှုကို လုံးဝ ပပျောက် သွား အောင် ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်ပါတယ်”ဟု ဝန်ကြီးက ဆက်လက်ပြောသည်။
အဆိုပါ ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၇ ရက် နှင့် ၁၈ ရက် ၂ ရက်ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲမှ ရရှိသည့် အတွေ့ အကြုံ များနှင့် High-Level Working Group (HLWG) အဖွဲ့ဝင် ဌာနဆိုင်ရာ အသီးသီးမှ အဓမ္မခိုင်းစေမှု မဖြစ်ပွား စေရန် စီမံ ဆောင်ရွက် ထားသည့် လုပ်ငန်းများ၊ လုပ်ငန်း စီမံချက်များနှင့် ချိတ်ဆက်ပြီး နိုင်ငံအတွက် သင့်လျော် ကောင်းမွန် သည့် ယန္တရား တခု ကိုတည်ထောင်နိုင်ရေး လုပ်ငန်းစဉ်များ ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။