ရခိုင်ပြည်နယ်ရှိ ရဲကင်းစခန်း ၄ ခု အကြမ်းဖက် တိုက်ခိုက်ခံရပြီး နောက်ပိုင်းတွင် ရက္ခိုင် တပ်မတော် (AA) ကို အမြစ်ပြတ် ချေမှုန်း ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မှာကြားခဲ့ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့က နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ရခိုင်အရေး တပ်မတော်နှင့် ညှိနှိုင်း ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ယနေ့ နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တပ်မတော် ပြောခွင့်ရသူက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဗိုလ်ချုပ် ထွန်းထွန်းညီက“အဲဒီ ညှိနှိုင်းအစည်းအဝေးမှာလည်း နိုင်ငံတော် အတိုင်ပင်ခံ အနေနဲ့ AA အဖွဲ့ ဟာ သောင်းကျန်သူအဖွဲ့ သာ ဖြစ်တယ်။ ထိထိရောက်ရောက် ပြတ်ပြတ်သားသား ချေမှုန်းဖို့ မှာကြားခဲ့ပါတယ်”ဟု ပြောသည်။
AA ကို မချေမှုန်းနိုင်ပါက ARSA ကိုမူ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်းသည် ဘာသာခြားဖြစ်၍ တိုက်ခိုက် ချေမှုန်းခဲ့ခြင်းဟု နိုင်ငံ တကာက မေးခွန်းထုတ်နိုင်သဖြင့် AA ကိုမူ တိုင်းရင်းသားဖြစ်၍ မချေမှုန်းကြဟု စသဖြင့် လက်ညိုးထိုးလာနိုင်သောကြောင့် ပြတ်ပြတ်သားသား ချေမှုန်းရန် လိုအပ်၍ မှာကြားခြင်း ဖြစ်ကြောင်း ယင်းတပ်မတော် တာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။
ရဲကင်းစခန်း ၄ ခု တိုက်ခိုက်ခံရသည့်နေ့တွင်ပင် သမ္မတရုံးက တပ်မတော် အနေဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်း၍ တပ်အင်အား တိုးမြင့် အသုံးပြုခြင်း၊ တပ်မတော် ရဟတ်ယာဉ်တို့ဖြင့် သောင်းကျန်းသူ နှိမ်နင်းရေးကို ထိရောက်စွာ ဆက်လက် ဆောင်ရွက်သွားရန် ညွှန်ကြားချက် ပေးခဲ့သဖြင့် ယင်းမူဝါဒနှင့်အညီ သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးအဖြစ် တပ်မတော်က ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယနေ့ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများသည် ယခင်က ဖြစ်ပွားခဲ့သည့် UWSA “ဝ” ၊ KIA ၊ KNU တို့နှင့် နှိုင်းယှဉ်ပါက သေးငယ်သည့် တိုက်ပွဲများဖြစ်ပြီး တိုက်ပွဲ ဖြစ်ပါက နှစ်ဖက် အသေအပျောက် ရှိနိုင်ကြောင်း၊ ယင်းကိစ္စမျိုးကို အငြိုးအတေး ထားမည် ဆိုပါက လက်ရှိ ကျင်းပနေသည့် ပင်လုံညီလာခံ၏ ရည်ရွယ်ချက် ပျောက်ဆုံးသွားနိုင်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
“အတိုင်ပင်ခံက အဲဒီလိုပြောတယ်ဆိုရင် အစိုးရနဲ့ တပ်မတော်ဟာ AA အပေါ်မှာ တသားတည်း ရပ်တည်တဲ့ ဆိုတဲ့ သဘောပေါ့။ ကျနော်တို့ စိုးရိမ်တာက ကိုယ့်ပြည်နယ်မှာ စစ်ပွဲတလင်းတွေနဲ့ တံခါးပေါက် မရှိဘဲ ဖြစ်သွားမှာ စိုးရိမ်တယ်။ တိုင်းရင်းသား အား လုံးကို ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ရောက်လာအောင် လုပ်ဆောင်ပေးဖို့ အစိုးရနဲ့ တပ်မတော်မှာ တာဝန်ရှိပါတယ်”ဟု ဦးဖေသန်းက ပြောသည်။
AA အပေါ်တွင် ယခုလို ပြောဆိုချက်သည် တရား ဥပဒေ စိုးမိုးရေး၊ နယ်မြေတည်ငြိမ်ရေးနှင့် အချုပ်အခြာ အာဏာအပေါ်တွင် စဉ်းစား၍ ပြောဆိုခြင်း ဖြစ်နိုင်သလို ရဲစခန်း ၄ ခု အတိုက်ခံရ၍ ပြောဆိုခြင်းလည်း ဖြစ်နိုင်ကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အဖွဲ့ မှ ဦးအောင်သူငြိမ်းက ပြောသည်။
“ပြတ်ပြတ်သားသား ချေမှုန်းဖို့ဆိုတာတော့ မပြောတတ်ဘူး။ ဒါကလည်း သူတို့ ဘယ်လို စဉ်းစားလဲဆိုတာ ကျနော် မသိဘူး။ ဖြစ်သွားတဲ့ ကိစ္စအပေါ်မှာ သီးခြား ခွဲစဉ်းစားရမယ်။ တခုတော့ ရှိတယ်။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်က စစ်တိုက်တဲ့သဘော ဖြစ်သွားတယ်”ဟု ၎င်းက ပြောသည်။
တပ်မတော်အနေဖြင့် AA ကို သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေး ဆက်လက် ပြုလုပ်သွားမည် ဖြစ်သကဲ့သို့ ARSA အဖွဲ့နှင့် ပတ်သက်၍လည်း ထပ်မံ ဝင်ရောက်မလာစေရန် ကာကွယ်စောင့်ရှောက်နေပြီး ထိထိရောက်ရောက် ချေမှုန်းတိုက်ခိုက်သွားမည်ဟု ဆိုသည်။
သမ္မတရုံး၏ ညွှန်ကြားချက်အတိုင်း သောင်းကျန်းသူ နှိမ်နင်းမှု စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ မှ ၁၆ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ၈ကြိမ်၊ မိုင်းဖြစ်စဉ် ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး AA အဖွဲ့ထံမှ ရုပ်အလောင်း ၁၃ လောင်း ရရှိခဲ့ကြောင်း၊ တပ်မတော်ဘက်မှ အရာရှိ စစ်သည်တချို့ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
AA နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ်တွင် AA နှင့် ထိတွေ့ တိုက်ပွဲ ၂၆ ကြိမ်၊ မိုင်းဖြစ်စဉ် ၁၀ ကြိမ် AA တပ်ဖွဲ့ဝင် ၂၂ လောင်း၊ လက်နက် ၄၃ လက်၊ ဆက်စပ်ပစ္စည်းများ ရရှိခဲ့ပြီး တပ်မတော်ဘက်မှ အရာရှိ စစ်သည်တချို့ ကျဆုံးခဲ့ ကြောင်း၊ ၂၀၁၇ တွင် ၅၆ ကြိမ်၊ မိုင်းဖြစ်စဉ် ၅ ကြိမ်၊ ၂၀၁၈ တွင် ထိတွေ့ တိုက်ပွဲ ၆၁ ကြိမ်၊ မိုင်းဖြစ်စဉ် ၁၉ ကြိမ်၊ AA တပ်ဖွဲ့ဝင် အလောင်း ၂၃ လောင်း၊ လက်နက် ၄၅ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ ဖြစ်စဉ် မဖြစ်ပွားမီ ဇန်နဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ ထိတွေ့ တိုက်ပွဲ ၈ ကြိမ်၊ AA တပ်ဖွဲ့ ဝင် ၃ လောင်းနှင့် တပ်မတော်ဘက်မှ အရာရှိ၊ စစ်သည် ၂ ဦး ကျဆုံးခဲ့ကြောင်း၊ ၂၀၁၉ ဇန်နဝါရီလ ၄ ရက်နေ့တွင် ရဲကင်းစခန်း ၄ ခုကို တချိန်တည်း တိုက်ခိုက်ခံရပြီး ရဲ ၁၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန် – လက်နက်ကိုင် ပဋိပက္ခကြောင့်နဲ့ အဖြေမရဘူး
ရခိုင်ပြည်နယ်အတွက် AA ဘာတွေဆောင်ယူပေးမလဲ