သတင်း

ထရမ့်နှင့် ကင်ဂျုံအွန်း ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံပွဲ ဗီယက်နမ် ပြင်ဆင်နေ

Want create site? Find Free WordPress Themes and plugins.

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း၏ နိုင်ငံတော်ခရီးစဉ် ကြိုဆို ဧည့်ခံရေးအတွက် ဟနွိုင်းက ပြင်ဆင်လျက် ရှိကြောင်း သတင်းရင်းမြစ်နှစ်ခုက ရိုက်တာသို့ ပြောသည်။ အစိုးရ တာဝန်ရှိသူများနှင့် သံတမန်များ၏အဆိုအရ ဗီယက်နမ် အစိုးရသည် ကင်မ်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံမည့် ဒုတိယ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးရန် စိတ်အားထက်သန်နေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၄ ရက်မှ ၈ ရက်အထိ တရုတ်နှစ်သစ်ကူးပွဲပြီးလျှင် နိုင်ငံတော်ခရီးစဉ်အဖြစ် ကင်မ်က ဗီယက်နမ်သို့ ရောက်ရှိမည် ဖြစ်ကြောင်း ယင်းခရီးစဉ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုက ဆိုသည်။ သီးခြား သတင်းရင်းမြစ်တခုက ကင်မ်၏ ခရီးစဉ်ကို အတည်ပြုသော်လည်း မည်သည့်နေ့ရက် ဖြစ်ကြောင်းကို အတိအကျ ပြောကြားခြင်းမရှိပေ။

နျူကလီးယား အရေးကိစ္စ ဆွေးနွေးမှု အားကောင်းလာစေရန် “ကြားကာလ” သဘောတူညီမှုတခု အဖြေရှာရေးအတွက် ထရမ့်နှင့် ကင်မ်တို့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံရန် အမေရိကန်နှင့် မြောက်ကိုရီးယားတို့မှ အစိုးရ အဆင့်မြင့် အရာရှိများ ယခုရက်သတ္တပတ်တွင် ဝါရှင်တန်၌ ညှိနှိုင်းနေကြကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားမီဒီယာများက သတင်းဖော်ပြပြီး ဖြစ်သည်။

ကွန်မြူနစ် အစိုးရ အုပ်ချုပ်သော ဗီယက်နမ်သည် အမေရိကန်နှင့်ရော၊ မြောက်ကိုရီးယားနှင့်ပါ ဆက်ဆံရေးကောင်းမွန်ပြီး လာမည့် ဒုတိယ ထိပ်သီးအစည်းအဝေးအတွက် အသင့်လျော်ဆုံး နေရာအဖြစ် သတင်းမွှေးလျက် ရှိသည်။

အဆိုပါ အရှေ့တောင်အာရှ နိုင်ငံသည် ဗီယက်နမ်စစ်အတွင်းက ရန်သူတော်ဟောင်း ဖြစ်သော အမေရိကန်နှင့် ပုံမှန် ဆက်ဆံရေးရှိကြောင်း သက်သေထူသည့် အနေဖြင့် လာမည့်ထိပ်သီးတွေ့ဆုံမှုကို အိမ်ရှင်အဖြစ် လက်ခံရန် စိတ်အား ထက်သန်နေကြောင်း အစိုးရ တာဝန်ရှိသူတဦးနှင့် သံတမန်သတင်းရင်းမြစ် နှစ်ခုတို့က ရိုက်တာသို့ ပြောသည်။

ကင်မ်၏ ဗီယက်နမ်ခရီးစဉ်အတွင်း မြောက်ကိုရီးယားနှင့် အမေရိကန် ထိပ်သီးအစည်းအဝေး ပေါင်းစည်း ပြုလုပ်နိုင်သလား ဟူသော မေးခွန်းကိုမူ အဆိုပါ ဗီယက်နမ်သတင်းရင်းမြစ်က အတည်ပြုဖြေကြားခြင်းမရှိပေ။

ဗီယက်နမ်နိုင်ငံတွင် မီဒီယာကို ပြင်းပြင်းထန်ထန် ဆင်ဆာ ဖြတ်တောက်နေဆဲဖြစ်ပြီး အာဏာရ ကွန်မြူနစ်ပါတီက သတင်းအချက်အလက် များအပေါ် တင်းကြပ်စွာ ထိန်းချုပ်ထားသည်။ ရိုက်တာနှင့် တွေ့ဆုံခဲ့သည့် အစိုးရ တာဝန်ရှိသူများကို အမည်ထုတ်ဖော် ရေးသားနိုင်ခြင်း မရှိသကဲ့သို့ ထိရှလွယ်၍ အကဲဆတ်သည့် အနေအထား ရှိနေဆဲပင် ဖြစ်သည်။

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ထံသို့ ရိုက်တာက သဘောထား မှတ်ချက် တောင်းခံသော်လည်း တုံ့ပြန်ခြင်း မရှိပေ။

ဟနွိုင်းမြို့ရှိ အမေရိကန် သံရုံးမှ ပြောခွင့်ရသူ အမျိုးသမီးတဦးက ၎င်းတို့ အမေရိကန်သံရုံးအနေဖြင့် ထိပ်သီး အစည်းအဝေး ကျင်းပမည့်နေရာနှင့် ပတ်သက်၍ တစုံတရာ ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း အိမ်ဖြူတော်ကို ကိုးကား၍ ပြန်လည် ဖြေကြားခဲ့သည်။

ဇန်နဝါရီလ ၆ ရက်က ဝါရှင်တန်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ထရမ့်က “ဒုတိယ ထိပ်သီး တွေ့ဆုံမည့် နေရာအတွက် အမေရိကန်နှင့် မြောက်ကိုရီးယားတို့ ညှိနှိုင်းနေကြောင်း၊ မဝေးလှသော အနာဂတ်တွင် တွေ့ဆုံမည့်အကြောင်း ကြေညာသွားမည်” ဟု ပြောကြားခဲ့သည်။

အိမ်ဖြူတော် တာဝန်ရှိသူများက နောက်ထပ် သဘောထားမှတ်ချက်ပေးရန် ငြင်းဆန်ကြသည်။

ဇွန်လက ကင်မ်နှင့်ထရမ့်တို့သည် သမိုင်းဝင် ထိပ်သီး တွေ့ဆုံခဲ့ကြသော်လည်း ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေးသို့ ဦးတည်သည့် လုပ်ငန်းစဉ် အထမြောက်ရေးမှာမူ ရုန်းကန်နေရဆဲ ဖြစ်သည်။

ယခင် ထောက်လှမ်းရေးမှူးချုပ်ဟောင်း ကင်မ်ဟောင်ချွဲအပါအဝင် မြောက်ကိုရီးယား အစိုးရ ထိပ်တန်းအရာရှိကြီးများကို ကြာသပတေးနေ့က ဘေဂျင်းလေဆိပ်တွင် တွေ့မြင်ခဲ့ကြရပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် တွေ့ဆုံရန် အမေရိကန်သို့ ဦးတည်သွားရောက်မည်ဟု ယုံကြည်ရကာ ထရမ့်နှင့်လည်း တွေ့ဖွယ်ရှိသည်။

ယခု ရက်သတ္တပတ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ပတ်သက်၍ မေးမြန်းရာတွင် အမေရိကန် နိုင်ငံခြားရေး ပြောခွင့်ရသူတဦးက “ကျနော်တို့မှာ ထုတ်ပြန်ကြေညာဖို့ ဘာအစည်းအဝေးမှ မရှိပါဘူး” ဟု ဖြေကြားသည်။

ဒါနင်းမြို့က A1 ခရီးစဉ်

ဟနွိုင်းမြို့နှင့် ဗီယက်နမ်အလယ်ပိုင်းရှိ ဒါနင်းမြို့ နှစ်မြို့စလုံးကို ဒုတိယ ထိပ်သီးအစည်းအဝေး ကျင်းပရန် ဖြစ်နိုင်သည့် နေရာများအဖြစ် ကမ္ဘာ့အရေး အကဲခတ်သမားများက ထင်ကြေးပေးကြသည်။

ဒါနင်းမြို့ အခြေစိုက် ဗီယက်နမ်အစိုးရ အဆင့်မြင့် တာဝန်ရှိသူတဦးကမူ ၎င်းမြို့နှင့်ပတ်သက်၍ ယင်းကဲ့သို့ အစည်းအဝေးကြီးမျိုး လက်ခံကျင်းပရန် ညွှန်ကြားခဲ့ခြင်းမျိုး မရှိဖူးသေးကြောင်း၊ သို့သော် A1 ခရီးစဉ်ကဲ့သို့ အထူး အရေးကြီး ခရီးစဉ်တခု ဖြစ်နိုင်ချေရှိ၍ ပြင်ဆင်ထားရန် ညွှန်ကြားချက်ကိုမူ ရရှိကြောင်း အများ အာရုံစိုက်ခြင်းခံရသည့် နိုင်ငံခြား ခေါင်းဆောင်တဦးကို ကိုးကား၍ ထည့်သွင်း ပြောကြားခဲ့သည်။

အမေရိကန်သည် ထိပ်သီးတွေ့ဆုံမည့် နေရာရွေးချယ်မှုအတွက် အမျိုးမျိုးသော ရွေးချယ်မှုများ ရှိကြောင်း၊ မြောက်ကိုရီးယားနှင့် ညှိပြီးမှ နေရာကိစ္စ ဆုံးဖြတ်မည်ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရဘက်မှ အဆင့်မြင့် အရာရှိတဦးက ရိုက်တာသို့ ရှေ့ပိုင်းက ပြောကြားခဲ့သည်။ ယင်းနှင့် မရှေးမနှောင်းမှာပင် နောက်ထပ် တောင်ကိုရီးယား အရာရှိတဦးကလည်း “ဗီယက်နမ်သည် ထိပ်သီးအစည်းအဝေး လက်ခံကျင်းပရန် အထူးလိုလားနေသော နိုင်ငံများထဲမှ တနိုင်ငံဖြစ်ကြောင်း” ပြောကြားခဲ့သည်။

စစ်မီးတောက်ကြောင့် ပြာပုံထဲမှ အောင်ပွဲခံကာ အမေရိကန်နှင့် စစ်ဖြစ်ဖူးပြီး ၎င်းကိုယ်ကို အာရှ၏ စီးပွားရေး ဖွံ့ဖြိုးမှု အလျင်မြန်ဆုံး နိုင်ငံအဖြစ် ရုန်းကန်ခဲ့ရသည့် ဗီယက်နမ်နိုင်ငံသည် ယခုအခါ ဝါရှင်တန်နှင့် နီးကပ်သည့် မဟာဗျူဟာများ ချမှတ်လျက် တိုးတက်နေပြီ ဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် ဗီယက်နမ်အပေါ် ချမှတ်ထားသည့် လက်နက် ရောင်းချမှုပိတ်ဆို့ရေးကို ဝါရှင်တန်က ဖြေလျော့ပေးခဲ့ပြီး ပြီးခဲ့သည့်နှစ်က အမေရိကန် လေယာဉ်တင်သင်္ဘောတစင်းသည် ဗီယက်နမ်စစ်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗီယက်နမ်သို့ ဆိုက်ကပ် လာခဲ့သည်။

ဗီယက်နမ်သည် အမေရိကန်သို့ ၎င်း၏ အကြီးဆုံး တင်ပို့ကုန် ဈေးကွက်အဖြစ် တင်ပို့ရောင်းချလျက်ရှိရာ ယမန်နှစ်က ဒေါ်လာ ၄၇ ဒသမ ၅၃ ဘီလျံ တိုးတက်လာပြီး ထိုပမာဏသည် ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းနီးပါး ရှိသည်။

မြောက်ကိုရီးယားသည် အမေရိကန်နှင့် ဆက်ဆံရေး ထူထောင်ခဲ့သည့် ဗီယက်နမ်၏ အတွေ့အကြုံကို လေ့လာ နိုင်ပါကြောင်း ဗီယက်နမ်သို့ လာရောက် လည်ပတ်သည့် မြောက်ကိုရီးယား ကိုယ်စားလှယ်များကို သင်တန်းပေးဖူးသည့် ဗီယက်နမ် စီးပွားရေးပညာရှင်နှင့် ယခင် အစိုးရအကြံပေးဟောင်း လီဒေါင်ဒွတ်က ပြောကြားသည်။

“စစ်ပွဲကာလတုန်းက ဗီယက်နမ် ပြည်သူတွေ အမြောက်အများ ဆုံးရှုံးခဲ့ရပြီးတဲ့နောက် အမေရိကန်နဲ့ ပုံမှန် ဆက်ဆံရေး ပြန်ဖြစ်အောင် ဘယ်လို လုပ်ခဲ့သလဲဆိုတာ သူတို့ အများကြီး မေးကြပါတယ်။ ကျနော်တို့က အတိတ်ကို ဘယ်တော့မှ မေ့မပစ်ပေမယ့် အနာဂတ်ကိုလည်း ကြည့်ရပါမယ်လို့ သူတို့ကို ကျနော် ပြန်ဖြေခဲ့ပါတယ်” ဟု ဒွတ်က ပြောကြားခဲ့သည်။

(Reuters သတင်း Vietnam Prepares for Kim Jong Un Visit Amid Talk of Second Summit With Trump ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading