လက်ရှိ အနေအထားတွင် တိုင်းရင်းသားငယ်များအပေါ် ခွဲခြားဆက်ဆံမှုများ မရှိသဖြင့် နားလည် သဘောပေါက်၍ လူမျိုးစွဲ၊ ဝါဒ ရေးရာအစွဲများ ဘေးဖယ်ပြီး ငြိမ်းချမ်းရေးလမ်းကို အတူတူ လျှောက်လှမ်းရန် လိုလာကြောင်း တပ်မတော် ခေါင်းဆောင်တချို့က မနေ့က နေပြည်တော်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
တိုင်းရင်းသားများ အနေဖြင့် မူဝါဒရေးရာအရ၊ လူမျိုးစွဲအရ ဖြစ်ပေါ်နေခြင်းများကို လက်နက်ကိုင်ပြီး မဖြေရှင်းဘဲ လွှတ်တော် လမ်း ကြောင်းမှ တဆင့် ဥပဒေကြောင်းအရ ဖြေရှင်းရန် တပ်မတော်မှ သဘောထားရှိကြောင်း တပ်မတော်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။
ဗိုလ်ချုပ် စိုးနိုင်ဦးက“ဒါကြောင့် လက်ရှိ အနေအထားမှာ တိုင်းရင်းသားငယ်တွေ အပေါ်မှာ ခွဲခြား ဆက်ဆံတာ မရှိပါဘူး။ ရာထူး၊ ဌာ နမှာပဲ ကြည့်ကြည့်၊ နေရာဒေသမှာပဲ ကြည့်ကြည့် ပိတ်ပင်ထားတာလည်း မရှိပါဘူ။ စီးပွားရေးတွေ ဘာမလုပ်ရဘူးဆိုတဲ့ ပိတ်ပင် ထားတာမျိုးလည်း မရှိပါဘူး”ဟု သတင်းထောက်များကို ပြောသည်။
တိုင်းပြည်တွင် နိုင်ငံတော်အဆင့် ဒုတိယ သမ္မတမှာ တိုင်းရင်းသား ဖြစ်သလို လွှတ်တော် ဥက္ကဌများမှာလည်း တိုင်းရင်းသားများ ဖြစ်ကြောင်း၊ ထို့အတူ တိုင်းရင်းသားများသည် တနေရာထဲတွင် သီးခြားရပ်တည်နေခြင်း မရှိဘဲ ဥပမာအားဖြင့် ရန်ကုန်မြို့တွင် ရခိုင် များစွာ ရှိကြောင်း၊ ထိုက်သင့်သည့် အင်အားရှိသည့် နေရာများတွင် တိုင်းရင်းသားရေးရာ ဝန်ကြီး ရာထူးပေးထားကြောင်း ၎င်းတို့က ပြောသည်။
“ဒါလေးတွေကို နားလည်ပြီးကာမှ လူမျိုးစွဲ၊ ဝါဒရေးရာ အစွဲတွေကို ဘေးဖယ်ထားပြီးကာမှ တိုင်းပြည်အတွက် တကယ်လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကို အတူတူသွားဖို့အတွက် ကျနော်တို့ တပ်မတော်အနေနဲ့ လိုလားပါတယ်”ဟု ယင်းတပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
သို့သော် မြန်မာ့ တပ်မတော်ထဲ၌ ကချင်၊ ကရင်၊ ရှမ်း တိုင်းရင်းသား ဘယ်နှစ်ရာခိုင်နှုန်း ရာထူးတက်သလဲ ဆိုသည်နှင့် တပ်မတော်ထဲတွင် တိုင်းရင်းသား နည်းပါးနေသည့် ပြဿနာရှိကြောင်း သမ္မတဦးသိန်းစိန်လက်ထက် အစိုးရနှင့် ကေအိုင်အိုအကြား တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတခုတွင် ကချင်ကိုယ်စားလှယ်က ဆွေးနွေးခဲ့သည်ဟု တိုင်းရင်းသားရေးရာ လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။
“ပြည်ထောင်စု စနစ်မှာ ပြည်နယ်တွေမှာ ရပိုင်ခွင့်ရှိတဲ့ အာဏာခွဲဝေမှု၊ သံယံဇာတနဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ်၊ လွှတ်တော်နဲ့ ပတ် သက်တဲ့အပိုင်းပဲ ဖြစ်ဖြစ်၊ အစိုးရ အပိုင်းမှာပဲ ဖြစ်ဖြစ် အာဏာခွဲဝေမှုအပိုင်းကို ပီပီပြင်ပြင် လုပ်ပြနိုင်တယ်ဆိုရင် ဒီလိုဟာတွေက တဖက်နဲ့တဖက် ရှင်းပြစရာ မလိုဘဲနဲ့ လက်ခံသွားနိုင်မယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
လူမျိုးစွဲ၊ ဝါဒစွဲဟု ပြောဆိုကြရာတွင် ၂ ဖက်ဖြစ်နေပြီး ပြည်တွင်း ပဋိပက္ခ ပေါ်ပေါက်လာခြင်း၏ အဓိက အကြောင်းရင်းတခုလည်း ဖြစ်ကြောင်း၊ သို့သော် တိုင်းရင်းသားများသည် ပညာရေးအားနည်းသဖြင့် ထိပ်ပိုင်းသို့ မရောက်နိုင်၊ မထူးချွန်ဟု သတ်မှတ်ကြရာ တိုင်းရင်းသားများ မည်သည့်အကြောင်းကြောင့် နောက်ကျနေခဲ့သည်ကို စဉ်းစားရန်လိုကြောင်းလည်း ရှမ်းတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောသည်။
“ဗမာလူမျိုးကြီး ဝါဒကျင့်သုံးပါတယ်လို့ ယူဆခံရတာက တပိုင်း၊ အခုလည်း ဗမာစာပဲ သင်နေတာပဲ။ ဗမာယဉ်ကျေးမှုတွေကို တနိုင် ငံလုံး လွှမ်းခြုံပြီးတော့ ဗမာလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ယဉ်ကျေးမှုတွေ အားလုံးကို ဒီလိုပဲ လုပ်ခိုင်းစေချင်ရင် စဉ်းစား ကြည့် လိုက်ပေါ့။ ခံစားချက်ချင်း တူနိုင်ပါ့မလားလို့။ ဒါက ၂ ဖက် အမြင်ကို စဉ်းစားကြည့်ဖို့ ပြောတာ”ဟု ၎င်းက ပြောသည်။
၎င်းကဆက်၍ “ဒုတိယ သမ္မတအဆင့်အထိ တိုင်းရင်းသားတယောက် ရောက်သွားပြီ ဆိုတာနဲ့ အဲဒီနေရာမှာ နေပြီးတော့ သူက တိုင်းရင်းသား အကျိုးစီးပွားကို ဘယ်လောက်အထိ အကောင်အထည်ဖော်ပေးလဲဆိုတာနဲ့ပဲ တိုင်းတာလို့ ရမယ်။ သူက တိုင်းရင်းသား ဖြစ်ပြီးတော့ နေရာသွားရပြီး အဲဒီတခုတည်းနဲ့ ပြောနေလို့ မရဘူး။ တန်းတူညီမျှမှု အခွင့်အရေးတွေ ရအောင် ဘယ်လောက် အထိ ဆောင်ရွက်ပေးပြီလဲ”ဟု မေးခွန်းထုတ်ခဲ့သည်။
အငြင်းပွားဖွယ်ရာ အကြောင်းတရားများဖြင့် အတည်ပြုခဲ့ရသည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတွင် နိုင်ငံတော်သည် တိုင်းရင်းသား စကား၊ စာပေ၊ ယဉ်ကျေးမှုများ၊ တိုင်းရင်းသား ချစ်ကြည် စည်းလုံးရေး၊ ဖွံ့ ဖြိုးမှု နည်းပါးသည့် ဒေသများ လူမှုစီးပွားရေး ဖွံ့ ဖြိုး တိုးတက်ရန် ကူညီဆောင်ရွက်ရမည်ဟု ပုဒ်မ ၂၂ တွင် ရေးသားထားသည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးများသည် မြန်မာပြည် လွတ်လပ်ရေးရပြီး များမကြာမီ စတင်ပေါ်ပေါက်လာခဲ့ကြပြီး အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆို တိုက်ပွဲဝင်ခဲ့ကြရာ ပြည်တွင်းစစ်သည် ယခုအထိ မရပ်စဲနိုင်သေးပေ။
သမ္မတ ဦးသိန်းစိန်လက်ထက် တိုင်းရင်းသား လက်နက်ကိုင် အချို့နှင့် တနိုင်ငံလုံး ပစ်ခတ်မှု ရပ်စဲရေး သဘောတူနိုင်ခဲ့ကြပြီး လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံများ ကျင်းပကာ နိုင်ငံရေးအရ ဘုံသဘောတူညီချက်ကို ရှာဖွေနေသည်။ တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်ဘက်ခြမ်းမှအပ ကျန်တိုင်းနဲ့ပြည်နယ်များတွင် ဧပြီလထိ အပစ်ရပ်ထားကြောင်း ကြေညာခဲ့သည်။
၂၀၀၉ ခုနှစ်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ရခိုင်လူငယ် ၂၆ ဦးဖြင့်စတင် ဖွဲ့စည်းခဲ့ပြီး ယခုအခါခန့်မှန်းအင်အား ၇၀၀၀ ခန့်ရှိပြီဟု ခန့်မှန်းရသော ရက္ခိုင့်တပ်မတော် (AA) သည် ဇန်နဝါရီလ ၄ ရက်က ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ် ရဲစခန်း ၄ ခုကို ဝင်ရောက် တိုက်ခိုက်ပြီး ကွန်ဖက်ဒရေးရှင်းကို လိုချင်ကြောင်း ပြောဆိုသည်။
မကြာခင်ရက်ပိုင်းကလည်း “ကချင်လူမျိုးများ၏အမျိုးသားညီလာခံမှ သဘောထားထုတ်ပြန်ချက်” ဆိုသည့် ခေါင်းစဉ်ဖြင့် တွက်ပေါ်လာသော ကြေညာချက် တခုတွင် ထိုညီလာခံမှ “ကချင်ပြည်ကို လွတ်လပ်သော ကချင်နိုင်ငံတော် တည်ထောင်ရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း” ဖော်ပြထားသည်။
တပ်မတော်မှ ဗိုလ်ချုပ် စိုးနိုင်ဦးကမူ တပ်မတော်သည် ဒို့တာဝန် အရေး ၃ ပါး ဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို လုံးဝ အထိအခိုက်ခံမည် မဟုတ်ဟု ပြောဆိုသွားခဲ့သည်။