ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာမှ စေတနာ့ဝန်ထမ်းဆရာမနှစ်ဦး ၎င်းတို့၏တဲအတွင်း အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည်မှာ ၄ နှစ်ပြည့်ခဲ့ပြီးဖြစ်သော်လည်း အမှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး တရားမျှတမှုကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
ထိုအမှုက ကချင်လူမှုအသိုင်းအဝန်း၏ နှလုံးသားတွင် မေ့ပျောက်မသွားပေ။ စေတနာ့ဝန်ထမ်းဆရာမ ၂ ဦးဖြစ်သော မရမ်လုရာနှင့်တန်ဘောင်ခေါင်နန်စင်တို့ သတ်ဖြတ်ခံရသော လေးနှစ်ပြည့်ဝတ်ပြု ဆုတောင်းပွဲအခမ်းအနားကို သူတို့၏မိသားစုများ၊ ဆရာများနှင့် လုပ်ဖေါ်ကိုင်ဖက်များက ကောင်းခါးကျေးရွာတွင် ယနေ့ကျင်းပကြသည်။ နှစ်စဉ်နှစ်တိုင်းလည်း အောက်မေ့သတိရ ရှိကြဦးမည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က သတ်ဖြတ်ခံရချိန်တွင် ထိုဆရာမနှစ်ဦးလုံးသည် အသက်၂၀ အရွယ်သာ ရှိကြသေးပြီး ထိုဒေသမှ ကလေးများ၏ ပညာရေးအတွက် ကချင်နှစ်ခြင်းအသင်းတော် (KBC) က စေလွှတ်ခန့်အပ်သော စေတနာ့ဝန်ထမ်း ဆရာမများအဖြစ် တာဝန်ထမ်းဆောင်နေကြသည်။
ဖြစ်ရပ်ဖြစ်ပွားချိန်က မြန်မာ့တပ်မတော် အမှတ် ၅၀၃ ခြေလျင်တပ်ရင်းမှ တပ်သားများသည် ထိုရွာတွင် ရှိနေပြီး သတ်ဖြတ်မှုတွင် စစ်သား၂၈ ဦးပါဝင်သည်ဟု သံသယဖြစ်ခဲ့ကြသည်။ သို့သော် တပ်မတော်က ထိုစစ်သားများ၏ DNA မျိုးဗီဇကို စစ်ဆေးပြီးကြောင်းနှင့် အလောင်းများတွင် တွေ့ရသော DNA နှင့် မတူကြောင်း ယခင်နှစ်များက KBC သို့ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။
တရားခံများအဖြစ် မည်သူက ကျူးလွန်သည်ကို ယခုချိန်ထိ ရှာမတွေ့ သေးသောကြောင့် ထိုအမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း၊ စွဲချက် မတင်နိုင်သေးကြောင်း KBC အတွက် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်နေသည့် ကချင်ရှေ့နေများကွန်ရက်မှ ရှေ့နေ ဘရန်ဒီးက သောကြာနေ့တွင် ဧရာဝတီသို့ပြောသည်။
KBC သည် ထို ကချင်ဆရာမ ၂ ဦးအတွက် တရားမျှတမှုကို အမြဲတောင်းဆိုသော်လည်း တရားမျှတမှု မရရှိသေးပေ။
“ ၄ နှစ်ပြည့်သွားပေမယ့် ကျနော်တို့ရဲ့ စိတ်ထဲမှာတော့ မနေ့တနေ့ကလိုပဲ ဖြစ်နေဆဲပါပဲ။ ကျနော်တို့ တမျိုုးသားလုံးကို အနိုင်ကျင့်တဲ့ လုပ်ရပ်၊ ကျနော်တို့ တမျိုးသားလုံးကို အမြစ်ပြတ်ချေမှုန်းနေတဲ့ လုပ်ရပ်တခု ဖြစ်တယ်လို့ ဒီနေ့ထိ ကျနော်တို့ ခံစားနေရပါတယ်” ဟု KBC ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ခလန်ဆမ်ဆွန်က အင်္ဂါနေ့က အများပြည်သူသို့ ထုတ်ပြန်သောသတင်းစကားတွင် ဖော်ပြသည်။
“မနှစ်က စစ်တပ်က တတိယအကြီးဆုံး စစ်ဗိုလ်ကြီးတယောက်က ဒီဆရာမနှစ်ယောက်ရဲ့ကိစ္စနဲ့ပတ်သက်ပြီး မေ့လိုက်ကြရအောင်လို့ ကျနော့်ကို ပြောလာတယ်။ ကျနော်က ပြောတယ်… ကျနော်တို့ ခရစ်ယာန်ဖြစ်တယ် ဘယ်လိုခွင့်လွှတ်ပေးမယ်၊ ဘယ်လိုသည်းခံမယ်၊ ဘယ်လို မေ့ပျောက်အောင် လုပ်မယ်ဆိုတာကို ကျနော်တို့ သိနားလည်ပါတယ်။ ဒါပေမယ် ခရစ်ယာန်တွေဆိုတာ မှန်ကန်တယ်ဆိုတဲ့ အဖြေကိုတော့ ထွက်အောင် လုပ်ရမယ်။ ကျနော်တို့ စစ်တပ်ကို ပြောချင်တာ မဟုတ်ပါဘူး။ ဒီကိစ္စကို ပြုလုပ်တဲ့ တရားခံကို ကျနော်တို့က ဖော်ထုတ်ချင်တာပဲ ဖြစ်တယ်လို့ ပြန်ပြောခဲ့ပါတယ်” ဟု ၎င်းသတင်းစကားတွင် ဆရာတော် ခလန်ဆမ်ဆွန်က ပြောကြားသည်။