သတင်း

တပ်မတော်ပြောသော AA နှင့် ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက် သမ္မတရုံး ပြန်ရှင်း

Want create site? Find Free WordPress Themes and plugins.

ရက္ခိုင့် တပ်မတော် (AA) ကို အမြစ်ပြတ် ချေမှုန်းရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန် ပြောဆို ချက်နှင့် ပတ်သက်၍ ယင်းကိစ္စသည် နိုင်ငံအဆင့် အစည်းအဝေး ဆွေးနွေးမှုများအား လျို့ ဝှက်ရမည့် အချက်အလက် ဖြစ်သဖြင့် အခြား ထင်မြင်ချက် မပေးလိုကြောင်း သမ္မတရုံးက ယနေ့ ထုတ်ပြန်ပြောဆိုသည်။

“ဒါက Privileged information ဖြစ်ပါတယ်။ အခြား ထင်မြင်ချက် မပေးလိုပါဘူး” ဟု ယနေ့ နေပြည်တော် သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် အလွတ်သဘော လဖက်ရည်ဝိုင်းတွင် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ယင်းစကားလုံးကို သတင်းထောက်များကို ပြောဆိုနိုင်ရန်အတွက် အထက် လူကြီးများ၏ ခွင့်ပြုချက်ကို ရယူလာပြီး စာရွက်ဖြင့် တခါတည်း ရေးသားလာပြီးနောက် မီဒီယာများသို့ ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်သည်။

တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က “Privileged information ဆိုတာက ထူးသီးသန့် အချက်အလက်ပေါ့။ သီးသန့် မိုလို့ ဒီအတိုင်း ထုတ်မပေးဘူးပေါ့ဗျာ။ အခွင့်ထူးခံ လို့လည်း သုံးကြတယ်။ Privileged Class ဆိုရင် အခွင့်ထူးခံလူတန်းစား။ တနည်းပြောရရင် အထူးအခွင့်အရေး ရတဲ့သူတွေပဲ သိ ရတဲ့ ထုတ်ပေးတဲ့ သတင်းအချက် အလက်ပဲ။ အထူးအဆင့် သတင်းအချက်အလက်လို့ ဘာသာပြန်ရမယ်”ဟု ဧရာဝတီသို့ ပြောသည်။

မနေ့က နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရက္ခိုင် တပ်မတော် (AA) ကို အမြစ်ပြတ် ချေမှုန်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မှာကြားခဲ့ကြောင်း တပ်မတော်၏ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောဆိုခဲ့သည်။

AA ကို မချေမှုန်းနိုင်ပါက ARSA ကိုမူ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်းသည် ဘာသာခြားဖြစ်၍ တိုက်ခိုက် ချေမှုန်းခဲ့ခြင်းဟု နိုင်ငံ တကာက မေးခွန်းထုတ်နိုင်သဖြင့် AA ကိုမူ တိုင်းရင်းသားဖြစ်၍ မချေမှုန်းကြဟု စသဖြင့် လက်ညိုးထိုးလာနိုင်သောကြောင့် ပြတ်ပြတ်သားသား ချေမှုန်းရန် လိုအပ်၍ မှာကြားခြင်း ဖြစ်ကြောင်း ယင်းတပ်မတော် တာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။

တပ်မတော်၏ သတင်းစာ ရှင်းလင်းပွဲကို တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ တက်ရောက် ရှင်းလင်းခဲ့ကြသည်။

သို့သော် ဇန်နဝါရီလ ၇ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ဆက်ဆံရေး၊ ပြည်တွင်း လုံ ခြုံရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးသို့ အထက်ပါ ဗိုလ်ချုပ်များ တက်ရောက်ခဲ့ခြင်း မရှိဘဲ တပ်မတော်မှ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်တို့သာ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

အစိုးရဘက်မှ သမ္မတ၊ ဒုတိယ သမ္မတ ၂ ဦး၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြသည်။

ယမန်နေ့က တပ်မတော်၏ ထုတ်ပြန်ပြောဆိုချက်များနှင့် ပတ်သက်၍ သမ္မတရုံး၏ ရှင်းလင်းမှုကို တပ်မတော်သို့ ပြန်လည် ဆက် သွယ်ခဲ့သော်လည်း တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူများက ဖုန်းကိုင်ဖြေဆိုခြင်း မရှိပေ။

တပ်မတော်က ယခုဖြစ်စဉ်တွင် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပါဝင်မှု ရှိကြောင်း ထုတ်ဖော်ရခြင်းသည် တပ်မတော်နှင့် အစိုးရ ၂ ဦး သဘောတူ လှုပ်ရှားလျက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လှုပ်ရှားဆောင်ရွက်နေသည်ကို ထင်ရှားစေလိုသည့် သဘော ဖြစ်ကြောင်း ရန်ကုန်မြို့မှ သတင်းစာဆရာ ဦးသီဟသွေးက ပြောသည်။

“ဒါပေမယ့် ဖြစ်လာတာက ရခိုင်အင်အားစုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား ဟနေတဲ့ အဟက ပိုကြီးသွားနိုင်တာပေါ့။ သူတို့က အစိုးရနဲ့ တပ်မတော်ကြား ပူးပေါင်းဆောင်ရွက်တာကို ပြောချင်ပေးမယ့် အပြင်မှာ Impact (သက်ရောက်မှု) က အဲလောက် သွားတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာ တော်တော်များများ ရှိနေသည့် တပ်မတော်နှင့် ဆက်ဆံရာ တွင် အစိုးရသည် အလွန်သတိထားလေ့ ရှိပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လကလည်း သမ္မတ အိမ်တော်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး တခုတွင် တပ်မတော်က အာဏာ သိမ်းမည်ဟု ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြခဲ့သဖြင့် အစိုးရက ပြန်လည် ဖြေရှင်းခဲ့ရသေး သည်။

ယနေ့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ ရှင်းလင်းချက်တွင် ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်နှင့် ရပ်ရွာ တည်ငြိမ် အေးချမ်းရေးကို ထိပါးနှောက်ယှက်လာသည့် AA ကို နှိမ်နင်းနိုင်ရေးအတွက် အစိုးရက တပ်မတော်သို့ သောင်း ကျန်းသူ နှိမ်နင်းရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ပါဝင်သည်။

ဆက်စပ်ဖတ်ရှုရန်AA ကို အပြတ်ချေမှုန်းရန် ဒေါ်အောင်ဆန်းစုကြည် မှာကြားဟု တပ်မတော် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading