ရက္ခိုင့် တပ်မတော် (AA) အနေဖြင့် ကွန်ဖက်ဒရိတ် စနစ် တည်ထောင်လိုကြောင်း ပြောဆိုလျက်ရှိရာ ယင်းအယူအဆနှင့် ၎င်းတို့၏ လုပ်ဆောင်ချက် ပြောင်းလဲမှသာလျှင် ငြိမ်းချမ်းရေး ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း တပ်မတော်က ထုတ် ပြန်ပြောဆိုသည်။
AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပြောနေသည့် အာဏာခွဲဝေမှု မြင့်မားသည့် ကွန်ဖက်ဒရိတ် စနစ်မျိုးမှာ လက်ရှိ အစိုးရ၊ တပ်မတော်၊ ပြည်သူများ သွားလိုသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုနှင့် လမ်းကြောင်းမတူကြောင်း တပ်မတော်၏ ပြောခွင်ရပုဂ္ဂိုလ် ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။
မနေ့က နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်း ပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်၏ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အ ထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်ပြီး AA ကို သောင်းကျန်းသူအဖြစ် ဆက်လက် နှိမ်နင်းသွားမည်ဟု ပြောဆိုကြသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေး ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦးက “သူ့ (ဗိုလ်ချုပ် ထွန်းမြတ်နိုင်) ရဲ့ အယူအဆရော သူ့ရဲ့ လုပ်ဆောင်ချက်တွေကရော ပြုပြင် ပြောင်းလဲမှသာ ဆက်လက်ပြီးကာမှ ငြိမ်းချမ်းရေး ကိစ္စတွေမှာ ဆက်လက်ဆွေးနွေးသွားနိုင်မယ်လို့ ပြောလိုပါတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “နိုင်ငံတော် အစိုးရော၊ ကျနော်တို့ရော၊ ပြည်သူရော သွားနေတာက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုပါ။ ကွန်ဖက်ဒရေးရှင်း မဟုတ်ပါဘူး။ ဒါဆိုရင် သူ့ရဲ့ အယူအဆဟာ ကျနော်တို့ နိုင်ငံတော် အစိုးရကိုရော၊ တပ်မ တော်ကိုရော၊ ပြည်သူကိုရော သွားမယ်ဆိုတဲ့ လမ်းကြောင်းနဲ့ သူသွားမယ့် လမ်းကြောင်းက တခြားစီ ဖြစ်နေပါတယ်”ဟု ပြောသည်။
ကွန်ဖက်ဒရိတ်ဆိုသည်မှာ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရှိခြင်းဖြစ်ပြီး သို့သော် အတူတကွ ဘုံကာကွယ်ရေးစနစ် ရှိရမည် ဖြစ်ကြောင်း၊ ကိုယ့်ကံတရားကို ကိုယ်စီမံပိုင်ခွင့်မှာ လူမျိုးတိုင်း၏ မေ ျှာ်လင့်ချက် ဖြစ်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာ ဝတီနှင့် တွေ့ဆုံမှုတခုတွင် ပြောဆိုထားသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကြီးတခု ဖြစ်သည့် KNU ကလည်း ရက္ခိုင်တပ်မတော် (AA) ၏ လိုလားသည့် ကွန်ဖက်ဒရေးရှင်း စနစ်သည် မြန်မာနိုင်ငံနှင့် မကိုက်ညီကြောင်း ဧရာဝတီသို့ ထုတ်ဖော်ပြောဆိုထားသည်။
ရက္ခိုင့် တပ်မတော် (AA) သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်ရှိ ရဲကင်းစခန်း ၄ ခုကို ဝင်ရောက်တိုက်ခိုက် ခဲ့၍ ရဲတပ်ဖွဲ့ ဝင် ၁၃ ဦး ကျဆုံးခဲ့သည့်အပေါ် နောက်ကျောကို ဓားနဲ့ ထိုးသည့် လုပ်ရပ်ဟု ရဲတပ်ဖွဲ့ က တုန့်ပြန်ခဲ့ပြီး ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တပ်မတော်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ရက္ခိုင့် တပ်မတော် (AA) က ယင်းသို့ ရဲကင်းစခန်းများကို ဝင်တိုက်ရခြင်းသည် ၎င်းရဲကင်း စခန်းများတွင် တပ်မတော် စစ်ကြောင်း များက စခန်းတွင် ပူးပေါင်းနေထိုင်ကြပြီး တပ်မတော်နှင့် AA တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း အဆိုပါ ရဲစခန်းများမှ လက် နက်ကြီးများဖြင့် ပစ်ကူပေးသည့်အတွက် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း AA သတင်း ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ဆိုသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ကစပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျော်တော်မြို့နယ်များတွင် AA နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့အထိ ၂ ဘက် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမှာ ရက် ဆက်ဆိုသလို ဖြစ်ပွားကာ ရှိပြီး စစ်ဘေးရှောင် အရေအတွက်မှာလည်း တနေ့ထက် တနေ့များပြားလျက် ရှိနေသည်။
တပ်မတော်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်တွင် AA အပါအဝင် အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့များနှင့် ပဏာမ အပစ်ရပ်စာချုပ်၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်များ ရေးထိုးရန် စစ်တိုင်း ၅တိုင်းကို ၂၀၁၉ ခုနှစ် ၊ ဧပြီလ ၃၀ ရက်ထိ အပစ်ရပ်ဆိုင်းပေးထားသည်။ အပစ်ရပ်ဆိုင်းထားသည့် စစ်တိုင်းများတွင် AA တပ်များ ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ မပါဝင်ပါ။