တကျော့ပြန်စိုးရိမ်မှုများ မြင့်တက်လာနေသည့် မြစ်ဆုံရေကာတာအရေးနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနေဖြင့် ပြည်သူနှင့် တသားတည်း ရပ်တည်ကြောင်း NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဒုဥက္ကဋ္ဌလည်းဖြစ် မန္တလေးတိုင်း ဝန်ကြီးချုပ်လည်း ဖြစ်သည့် ဒေါက်တာ ဇော်မြင့်မောင် က ပြောသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း ခရီးစဉ်အဖြစ် NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့နှင့် အတူ ဇန်နဝါရီ ၁၈ ရက်နေ့က တာချီလိတ်မြို့သို့ ရောက်ရှိနေစဉ် NLD ပါတီ၏ မြစ်ဆုံအရေး သဘောထားနှင့် ပတ်သက်ပြီး သတင်းထောက်များကို သတင်းထောက်များအား ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာ ဇော်မြင့်မောင် က “မြစ်ဆုံနဲ့ပက်သက်လို့ရှိရင် စုံစမ်းရေးကော်မရှင် ထပ်ပြီးဖွဲ့ထားပြီးတော့ စိစစ်တာ၊ ဘာစာချုပ်မှ ကိုယ်တို့ မဖတ်ခဲ့ရဘူး၊ ဘာမှ မသိခဲ့ရဘူး၊ အဲဒီတော့ ကော်မရှင်ဖွဲ့ပြီးတော့ စိစစ်လေ့လာနေတာ ပြီးကာနီးပြီ၊ အဖြေပေါ်လာလိမ့်မယ်၊ ဒါပေမယ့် ပြည်သူကိုပဲ မျက်နှာမူပြီးလုပ်နေတာဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့မြစ်ကြီးနားခရီးစဉ်၊ ကချင်ပြည်နယ်ခရီးစဉ်မှာ ပြောခဲ့တဲ့ စကားလုံးလည်း ခင်ဗျားတို့ကြားမှာပါ၊ ဘယ်လိုပဲ သတင်းထွက်ထွက်ပါ NLD ဟာ ပြည်သူနဲ့ တသားတည်း ရှိတယ်” ဟု ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကချင်ပြည်နယ် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် က “ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရဖြစ်ခဲ့ရင် ပထမဦးဆုံး လုပ်မယ့်ကိစ္စက မြစ်ဆုံရေကာတာနဲ့ ပက်သက်လို့ အစိုးရဟာ သက်ဆိုင်ရာ ကုမ္ဗဏီတွေနဲ့ ဘယ်လိုသဘောတူညီချက်တွေ ယူထားသလဲဆိုတာ ပြည်သူကို ချပြဖို့ ကျမတို့ လုပ်ပါမယ်” ဟု ပြောဆိုခဲ့ဖူးသည်။
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံ အမတ်ကြီး မစ္စတာ ဟုန်လျန် (Mr.Hong Liang) က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ သွားရောက်ပြီး ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင် အချို့နှင့် ကချင် ဘာသာရေးခေါင်းဆောင် အချို့နှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် ကချင်ပြည်နယ်သို့ သံအမတ်ကြီး သွားရောက်သည့် ခရီးစဉ် အကြောင်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တွင် မြန်မာ ဘာသာဖြင့် ထုတ်ပြန်ခဲ့ပြီး ထိုထဲ၌ ကချင်ပြည်နယ် ဒေသခံ တိုင်းရင်းသား ပြည်သူများသည် မြစ်ဆုံ ရေအားလျှပ်စစ် စီမံ ကိန်းကို ဆန့်ကျင် ကန့်ကွက်မှု မရှိကြောင်း ထုတ်ပြန်လာသည့်အပေါ် မြင့်ဆုံအရေး စိုးရိမ်မှုများ တကျော့ပြန် မြင့်တက်လာခဲ့ရခြင်းဖြစ်သည်။
ဒေါက်တာ ဇော်မြင့်မောင် က “ကျနော်တို့ရဲ့ NLD ပါတီဟာ ပြည်သူ့အကျိုးကိုပဲ သတိပြုတယ်၊ ပြည်သူနဲ့ တသဘောထားတည်းဖြစ်အောင် ရပ်တည်ထားတယ်၊ အဲဒီမူအပေါ်မှာပဲ ရပ်ခဲ့တာ အခုထက်ထိပဲ၊ ပြည်သူကို ရှေးရှုတယ်၊ ပြည်သူ့အကျိုးကိုပဲ လုပ်တယ်၊ ပြည်သူနဲ့ ဆန့်ကျင်ပြီး လုပ်တာ တခုမှ မရှိသေးဘူး” ဟု ပြောသည်။
မြစ်ဆုံ ရေကာတာစီမံကိန်းကို ပြုလုပ်ရန် တပ်မတော်အစိုးရနှင့် တရုတ်အစိုးရတို့ အကြား စာချုပ် ချုပ်ဆိုသဘောတူ ခဲ့ပြီး စီမံကိန်းတည်ဆောက်ရန် China Power Investment Corporation (CPI) က တာဝန်ယူကာ တည်ဆောက်မှု လုပ်ငန်းကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့သည်။
သို့သော်လည်း ဒေသခံ ကချင်ပြည်သူများအပါအဝင် ပြည်သူလူထုက ကန့်ကွက်ခဲ့ကြသဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ယာယီ ရပ်ဆိုင်းခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် သမ္မတ ဦးထင်ကျော်က ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်တွင် ဧရာဝတီ-မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းခဲ့သည်။
ကော်မရှင်၏ တာဝန်များမှာ စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်မည့် ရေသယံဇာတ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေ ၊ သဘာဝ ပတ်ဝန်းကျင် အခြေအနေ၊ မြစ်ကြောင်း စီးဆင်းနိုင်မှု အခြေအနေ ၊ ပြည်သူများ အကျိုးဖြစ်ထွန်းနိုင်မှု အခြေအနေ နှင့် စီမံကိန်း ဆောင်ရွက်ရန် သင့်မသင့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်မှု အခြေအနေများကို စီစစ်သုံးသပ်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။
သို့သော်လည်း ယခုအချိန်အထိ ထိုကော်မရှင်၏ တိကျသည့် အစီရင့်ခံစာ ထွက်ပေါ်လာခြင်း မရှိသေးသကဲ့သို့ အာဏာရ အစိုးရဘက်မှ ခေါင်းများကလည်း နှုတ်ဆိတ်နေသဖြင့် လူထုအကြား စိုးရိမ်မှု ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က “မြစ်ဆုံ ကိစ္စကတော့ ဖြစ်နိုင်သရွေ့ မြန်မြန် ဆုံးဖြတ်ချက် တခုတော့ ချဖို့ လိုနေပါတယ်။ အဲဒါ အတွက်ကတော့ ကျနော် အုပ်ချုပ်ရေး အကြီးအကဲတွေလည်း စဉ်းစားနေကြလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဧရာဝတီသို့ ဖြေထားသည်။
ဆက်စပ်ဖတ်ရှုရန် – မြစ်ဆုံ စီမံကိန်း အပေါ် အမြင် သဘောထားများ
မြစ်ဆုံစီမံကိန်း ပြည်သူ့ဆန္ဒအတိုင်းသာ လုပ်မည်ဟု ကချင်ဝန်ကြီးချုပ်ပြော