ရှမ်းပြည်နယ်တောင်ပိုင်းမှ မြောက်ပိုင်းနယ်မြေထဲသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့၏ ကျူးကျော်မှုများ အမြန်ဆုံးရုပ်သိမ်းပေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က ဇန်နဝါရီ ၁၈ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန် သတိပေးထားသည်။
RCSS သည် တောင်ပိုင်းကို အခြေခံ၍ ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ကျူးကျော် လှုပ်ရှားလာခြင်းကြောင့် လူထုဒုက္ခရောက်လာသဖြင့် ကျူးကျော်မှုများ အမြန်ရုပ်သိမ်းပေးရန် လိုအပ်သည်ဟု SSPP မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းသန်းအောင် က ဧရာဝတီသို့ပြောသည်။
ဗိုလ်မှူး စိုင်းသန်းအောင် က “RCSS က SSA တောင်ပိုင်းဆိုပြီး အခြေခံဖွဲ့ထားတာဖြစ်ပါတယ်။ အခု သူတို့က ရှမ်းမြောက်က သီပေါ၊ ကျောက်မဲ၊ နမ္မတူ မြို့နယ်တွေမှာ ကျူးကျော် လှုပ်ရှားလာတော့ ကျနော်တို့ ရှမ်း ၂ တပ် လာထပ်နေတော့ လူထုတွေ ဒုက္ခရောက်ရတယ်။ ဒါကြောင့် တောင်ပိုင်းကို ပြန်ဆုတ်သွားဖို့ လိုတယ် ကျူးကျော်နေမှုတွေကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ ကျနော်တို့ ထုတ်ပြန် တောင်းဆိုတာဖြစ်ပါတယ်” ဟု ပြောသည်။
RCSS နှင့် SSPP သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာနောက်ပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ စသည့် မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလာခဲ့ကြသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ၂၀၁၉ ခုနှစ်အတွင်း သီပေါမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် နားမခေါ်ကျေးရွာက ဘုန်းကြီးကျောင်းမှာ ဟိုနား၊ ပန်လုံ၊ ပန်ဟက် စသည့် ကျေးရွာများ အပါအဝင် ကျေးရွာ ၆ ရွာမှ ဒေသခံ ၆၀၀ ဝန်းကျင် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။
ထို့ကြောင့် SSPP က RCSS အား ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တပ်လှုပ်ရှားမှုများကို ရပ်တန့်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းသို့ပြန်လည် ဆုတ်ခွာပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း SSPP ဘက်ကပြောသည်။
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကတော့ ရှမ်းပြည်တပ်မတော်ဖြစ်သဖြင့် ရှမ်းပြည်အတွင်း မည်သည့်နေရာမဆို လှုပ်ရှားခွင့်ရှိကြောင်း၊ နယ်မြေသတ်မှတ်မှုလည်း မရှိသေးကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိမိတို့ တပ်ဖွဲ့များ ယခင်ကတည်းက လှုပ်ရှားလျက်ရှိကြောင်း ၂၀၁၈ အတွင်းက မီဒီယာများသို့ပြောထားဖူးသည်။
SSPP ကတော့ မိမိတို့ အနေဖြင့် ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းကစတင်ပြီး RCSS နှင့် အကြိမ်ကြိမ် တွေ့ဆုံ ညှိနှိုင်းဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း၊ မိမိတို့နှစ်ဖွဲ့ကြား အဓိကကွာခြားနေသည့်အချက်မှာ SSPP ဖက်မှ အပြန်အလှန် ယုံကြည်ရေးနှင့် အပြန်အလှန် အသိအမှတ်ပြုရေး၊ နယ်မြေကျူးကျော်မှု၊ ဗိုလ်ကျစိုးမိုးမှု မပြုရေး၊ ကျူးကျော်မှု များ အမြန်ဆုံးပြန်လည် ရုပ်သိမ်းပေးရေး၊ အပြန်အလှန် ရိုးသားပွင့်လင်းစွာဖြင့် ရှမ်းပြည်ညီညွတ်ရေးကို ပူးပေါင်းလုပ်ဆောင်သွားကြရေး စသည့် မူများဖြင့် အကြိမ်ပေါင်းမြောက်များစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ယခုနှစ် ဇန်နဝါရီ ၁၉ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် RCSS က အပြန်အလှန်ယုံကြည်ရေးနှင့် အပြန်အလှန် အသိအမှတ်ပြုရေး တောင်းဆိုမှုများကို လျစ်လျူရှုခဲ့ပြီး ရှမ်းပြည် မြောက်ပိုင်းသို့ အကြောင်းအမျိုးမျိုးပြကာ RCSS က တသုတ်ပြီး တသုတ် စစ်ကြောင်းများ ဆက်ကာ ဆက်ကာ ပို့ဆောင် ကျူးကျော်ဝင်ရောက်နေပါသည်ဟုလည်း SSPP ဘက်က ဆိုထားသည်။
ထို့သို့ SSPP ၏ ပြောဆိုမှုအပေါ် RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းက အထွေအထူး သဘောထား မပေးလိုကြောင်း ဧရာဝတီသို့ပြောသည်။
ရှမ်းနိုင်ငံရေးပါတီများ အပါအဝင် ရှမ်းလူမှုအဖွဲ့အစည်းများ၊ သံဃာတော်များ၊ လူထုများက တိုက်ပွဲများ ရပ်တန့်ရေးအတွက် ၂ ဖက်ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေး ဖြေရှင်းကြရန် တောင်းဆိုလျက်ရှိသည်။
RCSS သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်(NCA ) ထိုးထားသည့် လက်နက်ကိုင်ဖြစ်ပြီး SSPP ကတော့ NCA ထိုးနိုင်ရေး အစိုးရဖြင့် ညှိနှိုင်းနေသော လက်နက်ကိုင် ဖြစ်သည်။