ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် တပ်မတော်က စစ်ဆင်ရေးများ ရပ်ဆိုင်းပေးထားချိန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များသည် တပ်လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ လာရောက် တိုက်ခိုက်ခြင်းတို့ ပြုလုပ်၍ အခွင့် ကောင်း ယူနေကြသည်ဟု တပ်မတော်က ထုတ်ပြန်ပြောဆိုလိုက်သည်။
တပ်မတော်က ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ က ထုတ်ပြန်ခဲ့သည့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အပေါ်မှာ လက်နက်ကိုင်အဖွဲ့များ သည် လိုက်နာမှု မရှိဘဲ ချိုးဖောက်နေကြခြင်း ဖြစ်ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့က နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုင်တွင် ပြုလုပ်သည့် တပ်မတော်၏ သတင်းစာ ရှင်းလင်းပွဲ တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ် စိုးနိုင်ဦး က “ကျနော်တို့ ဒေသခံ တိုင်းရင်းသားတွေပေါ်မှာ အနိုင်ကျင့်တာ နိုင်ငံတော် အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားတွေကို နှောင့်ယှက်တာ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ အကျိုးစီးပွားတွေကို ထိခိုက်အောင် ဆောင်ရွက်ခြင်းတွေကို တပ်မတော်အနေနဲ့တော့ ထုတ်ပြန်ချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်”ဟု ပြောသည်။
တပ်မတော်၏ ထုတ်ပြန်ကြေညာချက် ပြီးနောက် မြောက်ပိုင်းတိုင်း စစ်ဌာချုပ် နယ်မြေတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် တိုက်ပွဲဖြစ်ပွားမှု မရှိသလို တိုင်းရင်းသား လက်နက်ကိုင်းအချင်းချင်းလည်း တိုက်ပွဲ ဖြစ်ပွားမှု ရှိကြောင်း၊ သို့သော် အရပ်သား ဖမ်းဆီးမှု ၁၃ မှုတွင် တဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း တပ်မတော်မှ သိရသည်။
အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာချုပ်နယ်မြေတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် RCSS/SSA နှင့် မ ဟာမိတ်အဖွဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းကြား တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ KIA က တပ်လှုပ်ရှား မှု ၂ ကြိမ် လုပ်ခဲ့ကြောင်း၊ တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA) က တပ်လှုပ်ရှားမှု ၄၆ ကြိမ်၊ လူသစ် စုဆောင်းမှု ၂ ကြိမ်၊ ကိုးကန့်တပ် (MMDA) က တပ်လှုပ်ရှားမှု ၂ ကြိမ်၊ လူသစ်စုဆောင်းမှု ၆ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ် စိုးနိုင်ဦး က “SSPP/SSA အဖွဲ့တွေအနေနဲ့ တပ်လှုပ်ရှားမှု ၂၃ ကြိမ်၊ လူသစ်စုဆောင်းမှု ၁ ကြိမ်ဆောင်ရွက်ခဲ့ပါတယ်။ RCSS/ SSA အနေနဲ့ တပ် လှုပ်ရှားမှု ၁၅ ကြိမ်နဲ့ ဆက်ကြေးကောက်တာ ၁ ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။ MMDA နဲ့ TLNA ပေါင်းပြီး တပ် လှုပ်ရှားမှု ၁၀ ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။ TLNA နဲ့ SPPA/SSA အနေနဲ့ တပ်လှုပ်ရှားမှု ၅ ကြိမ် ဆောင်ရွက်ခဲ့ပါတယ်” ဟု ရှင်းပြသည်။
UWSA ‘ဝ’အဖွဲ့သည် တပ်လှုပ်ရှားမှု ၃ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင်လည်း တိုက်ပွဲ ၇ ကြိမ် ရှိခဲ့ပြီး တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေမှာ RCSS/SSA အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု ၁ ကြိမ်၊ တပ်လှုပ်ရှားမှု ၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO) ကမူ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသလို တပ်လှုပ်ရှားမှုလည်း မရှိကြောင်း၊ KNPP တွင်လည်း မရှိကြောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် RCSS/SSA အဖွဲ့ တစ်ဖွဲ့ပင် တိုင်းရင်းသား လက်နက်ကိုင် အချင်း ချင်းတိုက်ပွဲဖြစ်ပွားမှု ၁ ကြိမ်၊ တပ်လှုပ်ရှားမှုများလည်း ဆောင်ရွက်ခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် RCSS/SSA နှင့် တပ်မတော်ကြား တိုက်ပွဲ ၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ပြောဆိုသည်။
တြိဂံတိုင်း စစ်ဌာနချုပ်နယ်မြေတွင် UWSA ‘ဝ’ အဖွဲ့အနေနှင့် တပ်လှုပ်ရှားမှု ၂ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ မိုင်းလား အဖွဲ့ အနေဖြင့် တပ်လှုပ်ရှားမှု ၂ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ RCSS/SSA အဖွဲ့အနေဖြင့် တပ်လှုပ်ရှားမှု ၅ ကြိမ်၊ လူသစ် စုဆောင်းမှု ၁ ကြိမ် ဆောင်ရွက်ခဲ့ကြောင်ူ တွေ့ရှိရသည်ဟု တပ်မတော်က ပြောသည်။
“ဒီတိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခုမှာ တပ်မတော်အနေနဲ့ အပစ်ရပ်ထားတဲ့ အခါမှာတော့ တပ်မတော်နဲ့ ၁ ကြိမ်ပဲ တိုက်ပွဲ ဖြစ်ပွားခဲ့ တာတွေ့ ရှိရပါတယ်။ အများဆုံး ဖြစ်ပွားတာ တွေ့ရှိရတာကတော့ တပ်လှုပ်ရှားမှုတွေများလာတာကို တွေ့ရှိရပါတယ်”ဟု ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။
TNLA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး မိုင်းအိုက်ကျော်က လက်ရှိအပစ်ရပ်ဆိုင်းထားသည့် ကာလအတွင်း ပစ်ခတ်မှုများ မရှိသော်လည်း တပ်မတော် ဘက်က TNLA တပ်ဖွဲ့များ လှုပ်ရှားသည့် မန်တုံမြို့နယ်နှင့် နမ့်ဆန်မြို့နယ်တို့တွင် တပ်စခန်းငယ် ၁၂ ခု အသစ် တိုး ဆောက် ထားသည်ဟု ဧရာဝတီသို့ ပြောဆိုထားသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော် က “ရခိုင်ဘက်မှာလည်း ထိုးစစ်တွေလုပ်နေတယ်။ ကြေညာချက်နဲ့ သူတို့လုပ်ဆောင်ချက် က ဘာမှ မသက်ဆိုင်ဘူး။ ကျနော်တို့ သွားလာတဲ့ နေရာတွေမှာ တပ်စခန်းတွေ ချထားတဲ့အတွက် တိုက်ပွဲ မဖြစ် ဖြစ် အောင် တမင်ဖန်တီးတာပဲ” ဟု ဆိုသည်။
တပ်မတော်က အပစ်ရပ်ပေးထားသော်လည်း ယခုလို ပြဿနာ အခက်အခဲများရှိနေခြင်းမှာ NCA စာချုပ်ထဲတွင် ပါသည့် ကြားကာ လစီမံချက် မလုပ်နိုင်၍ ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ စားဝတ်နေရေး ပြဿနာများကို အစိုးရနှင့် တပ်မ တော်တို့က သေချာ မဖြေရှင်းပေးနိုင်သည့်အခါ ယင်းကိစ္စကို အကြောင်းပြု၍ တပ်လှုပ်ရှားမှုများ ရှိနေခြင်း ဖြစ်ကြောင်း PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “တချို့ ကလည်း အခွင့်ကောင်း ယူတာပေါ့။ တဖက်က ငြိမ်နေတယ်ဆိုတော့ ရဲရဲတင်းတင်း သွားလာပြီးတော့ ရန်ပုံငွေကောက်၊ ပိုက်ဆံကောက်တာ တွေလည်း ရှိတယ်။ အမြတ်ထုတ်တာမျိုး မလုပ်ဖို့ သတိပေး လိုတယ်။ တပ်ကလည်း မိမိကိုယ်မိမိ ကာကွယ်ရန်မှတပါး စစ်ဆင်ရေး အရ မတိုက်ဖို့ ပါသင့်တယ်။ မှတပါးဆိုတာ မပါတော့ ကန့်လန့်တွေ ဖြစ်သွားတယ်”ဟု ပြောဆိုခဲ့သည်။