သတင်း

နေပြည်တော်က လူငယ်တွေ ရဲ ၂ ဦးကို ဓားနဲ့ ဝိုင်းခုတ်

Want create site? Find Free WordPress Themes and plugins.

နေပြည်တော် ကောင်စီ နယ်မြေ အတွင်း လူငယ်များ စကားများ ရန်ဖြစ်ရာမှ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဓားနှင့် ခုတ်ခံရကာ ခုတင် ၁၀၀၀ ဆေးရုံ၌ အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။

ပျဉ်းမနားမြို့ အ ထ က ၃ တွင် ပညာ သင်ကြားနေသည့် ဆယ်တန်း ကျောင်းသား ဇော်လင်းဦးနှင့် ချစ်ပိုင်လင်း တို့သည် အခြား ကျောင်းမနေသည့် လူငယ် ၃ ဦးနှင့် ရန်ငြိုးရန်စ ရှိကာ ဇန်နဝါရီလ ၁၈ ရက်၌ ရန်ပွဲ ချိန်းဆိုထားကြကြောင်း ပျဉ်းမနား မြို့မ ရဲစခန်းက သိရသည်။

ထိုချိန်းဆို အပြီး ဆယ်တန်း ကျောင်းသား ၂ ဦးက အစ်ကို ဖြစ်သူ ကိုဇော်မိုးကို ကြိုတင် ဖုန်းဆက်၍ အကြောင်းကြား ထားရာ အကိုဖြစ်သူနှင့် အခြားသူများကလည်း ကျောင်းနားတွင် ကြိုတင်၍ စောင့်နေသကဲ့သို့ အခြားတဖက်မှ ၃ ဦး ကလည်း အသင့် စောင့်နေကာ လေးခွဖြင့် အပြန်အလှန် ပစ်မှု ဖြစ်ပွားခဲ့ကြသည်။

ယင်းသို့ လေးခွဖြင့် ပစ်မှု ဖြစ်ပွားနေစဉ် ပျဉ်းမနား မြို့နယ် တရားရုံးသို့ သက်သေခံ အပ်ရန် အရပ်ဝတ်နှင့် လာရောက်ကြ သည့် ရဲတပ်ကြပ်ကြီး ဝင်းနိုင်ဦး၊ ရဲတပ်ကြပ် ဇေယျာသိန်း တို့ ၂ ဦးက ဝင်ရောက် ဖြေရှင်းခဲ့ခြင်း ဖြစ်ကြောင်း ပျဉ်းမနား မြို့မ ရဲစခန်းက သိရသည်။

ရန်ပွဲမှ လေးခွနှင့် ပစ်သူ အမျိုးသား တဦးကို ဖမ်းဆီးရမိသဖြင့် ကားပေါ်သို့ တင်နေချိန် ကားဖြင့် အမျိုးသား ၁၀ ဦးခန့် ထပ်ရောက်လာရာ မိမိတို့မှာ အရပ်ဝတ်နှင့် ဖြစ်သော်လည်း ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ပြောဆိုသော်လည်း “ရဲလည်း လုပ်တယ်ကွာ။ ခုတ်ကွာ” ဟု တယောက်မှ ပြောဆိုလိုက်ခြင်းကြောင့် ဓားများ ထုတ်ကာ ဝိုင်းဝန်း ခုတ်ကြ ကြောင်း နယ် ထိန်း ခေါင်းဆောင် ဒုရဲအုပ် သက်နိုင်ဦးက ရှင်းပြသည်။

အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်များအား ဓားနှင့် ခုတ်နေချိန် နောက်ထပ် ၅ ဦး ထပ်ရောက်လာသဖြင့် ရဲနှစ်ယောက်မှာ တိမ်းရှောင် သော်လည်း ထပ်ခုတ်ခံရကာ ၎င်းတို့ လဲကျချိန်၌ ကျူးလွန်သူများ ထွက်ပြေးသွားခဲ့ကြောင်း ဒုရဲအုပ် သက်နိုင်ဦးက ရှင်းပြ သည်။

ဒုရဲအုပ် သက်နိုင်ဦးက “၁၇ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက် ဆိုတော့ အင်အား သုံးပြီး ပြစ်မှု ကျူးလွန်တဲ့ အနေအထား ဖြစ်တဲ့အတွက် အတွင်းလူနာ အဖြစ်နဲ့ ဆေးကုသမှု ခံယူနေရပါတယ်။ ခေါင်းဆိုလည်း ဟက်တက် ကွဲတယ်။ တယောက် ဆိုလည်း လက်ကျိုးတယ်။ တပ်ဖွဲ့ဝင်တွေကတော့ တော်တော်လေး ဒဏ်ရာရတဲ့ အနေအထားပေါ့။ စိုးရိမ်ရတဲ့ အနေ အထားတော့ ရှိနေသေးတာပေါ့” ဟု ပြောသည်။

ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ဓားနှင့် ဝိုင်းခုတ်သည့် ၁၇ ဦး အဖွဲ့တွင် ကျောင်းသား နှစ်ဦး အပါအဝင် ဇန်နဝါရီ ၁၈ ရက်တွင် ၄ ဦး ဖမ်းမိပြီး ၁၉ ရက် မနက်ခင်း၌ ၁၃ ဦး ဖမ်းမိခဲ့ကြောင်း၊ ထိုသို့ ကျူးလွန်သူများမှာ ညီအစ်ကို ဝမ်းကွဲ တော်စပ်သူများ ဖြစ် ကာ ပုဗ္ဗသီရိ မြို့နယ်၊ ရွာသစ် အုပ်စု၊ ရေအိုးစင် ရွာတွင် နေထိုင်သူများ ဖြစ်သည်ဟုလည်း သိရသည်။

ထိုသို့ ကျောင်းနေအရွယ် လူငယ်များ ရန်ငြိုးရန်စကြောင့် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို အခြားသော ကျောင်းသား မိဘများ အနေနှင့်လည်း စိုးရိမ် ပူပန်မှုများ ရှိနေကြကြောင်း သိရသည်။

ပျဉ်းမနားမြို့ ရန်အောင်၂ ရပ်ကွက်နေ ၁၀ တန်းကျောင်းသား၏ မိခင် ဖြစ်သူ ဒေါ်ခင်ခင်ဌေး က “အခုခေတ် ကလေးတွေ လွှတ်ထားလို့ မရဘူး။ ဒီအရွယ်က စိတ်ကစားတဲ့ အရွယ်မျိုး ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေကို မိဘတွေ၊ အုပ်ထိန်းသူ တွေ လွှတ်တာနဲ့ ဇွတ်လုပ်တာ။ အခု ဒီလိုတွေ ကြားတော့ မိဘတွေ ပိုတောင် စိုးရိမ်နေရသေးတယ်” ဟု ပြောသည်။

ဖမ်းဆီးရမိသူ ၁၇ ဦးကို ပျဉ်းမနား မြို့မ ရဲစခန်းမှ ပြည်သူ့ ဝန်ထမ်းအား ဝတ္တရား နှောင့်ယှက်မှု ရာဇသတ်ကြီး ပုဒ်မ ၃၃၃၊ ကျူးလွန်သူများအား အားပေး ကူညီမှု ပုဒ်မ ၁၁၄ တို့နှင့် အမှုဖွင့် အရေးယူထားကာ ယင်းပုဒ်မများမှာ ကျေအေးခွင့်နှင့် အာမခံ ပေးခွင့် မရှိသည့် ပုဒ်မ ဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ်နိုင်သည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဒုရဲအုပ် သက်နိုင်ဦးက ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading