နှုတ်ထွက်စာတင်ရန် ညွှန်ကြားခံရသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး ၃ ဦးအနက် အချို့ကို ကချင်ပြည်နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၏ တိုင်ကြားမှုများ ရှိခြင်းကြောင့် ရာထူးမှ ဖြုတ်ခံရခြင်း ဖြစ်သည်ဟု သတင်းရရှိသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် က ဝန်ကြီး ၃ ဦးအနက် ဒေါက်တာ သင်းလွင်ကို ရာထူးမှ ဖြုတ်ပေးရန် လွန်ခဲ့သည့် ၃ လခန့်က လီဆူတိုင်းရင်းသား ရေးရာဝန်ကြီး၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ က သမ္မတထံ စာပို့ တိုင်ကြားဖူးသည်ဟု ပြောသည်။
ဦးခင်မောင်မြင့် က“ဒေါက်တာသင်းလွင်က IDPs တွေကိစ္စမှာ ပြောဆိုတာ လူမျိုးခွဲခြားပြီး ကချင်လူမျိုးတွေကို ကို့ရို့ကားယား ပြောတဲ့အတွက် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ပေါင်းပြီး သမ္မတဆီ စာတင်ထားတယ်။ မြစ်ကြီးနား လူထုက ကချင်လူထုရော ဗမာလူထုရောပေါင်းပြီး လူ ၁၀၀ ကျော် လက်မှတ်ထိုးပြီး လူမှုရေးဝန်ကြီးကို ဖြုတ်ဖို့ စာတင်ထားတယ်”ဟုလည်း ဆိုသည်။
လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ရာထူးမှ ပြုတ်သည်မှာ တိုင်ကြားမှုများ၏ ထိရောက်မှုတခု ဖြစ်သည်ဟု ဦးခင်မောင်မြင့်က ပြောသည်။
ဆက်လက်၍ ဦးခင်မောင်မြင့်က “သူက NLD ကလည်း မဟုတ်ဘူး။ ကျနော်တို့ဆီမှာ အစဉ်အဆက်က လူထု ထဲမှာ ထိတွေ့ပြီး လူထုတွေနဲ့ အဆင်ပြေတဲ့ လူလည်း မဟုတ်ဘူး။ သူတကိုယ်တည်း ပညာရှင် ဆိုပြီး ကျနော် တို့ NLD က လူမရှိလို့ ပညာရှင် အနေနဲ့ သူပါလာတာဆိုပြီး အမြဲတမ်းလျှောက်ပြောနေတယ်။ ဒါမျိုးတွေ ကျနော်တို့ မကြိုက်ဘူး”ဟု ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံ အမိန့်ဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးHလအောင်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြသိန်းနှင့် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်တို့ကို နှုတ်ထွက်စာ တင်ပေးရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ တဆင့် ပြောဆိုခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြသိန်းကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် က ဇန်နဝါရီလ ၁၈ ရက်တွင် ရုံးခန်းသို့ ခေါ်ပြောပြီး ချက်ချင်းနုတ်ထွက်စာ တင်ပေးရန် တောင်းသဖြင့် စာတင်ပေးခဲ့ရသည်။
ဦးHလအောင်နှင့် ဒေါက်တာသင်းလွင်တို့မှာ နေပြည်တော်သို့ အစည်းအဝေး တတ်ရောက်နေသဖြင့် ယနေ့ထိ တိုက်ရိုက် နှုတ်ထွက်စာတင်ရန် ပြောဆိုခြင်းမရှိသေးဟု သိရသည်။
ဒေါက်တာသင်းလွင်က ၎င်းအနေဖြင့် လူမှုရေးဝန်ကြီးအဖြစ် တာဝန်ယူထားသည့် သက်တမ်းတလျှောက်တွင် တိုင်ကြားခံရခြင်းကြောင့် စစ်ဆေးခံရမှုမျိုး တကြိမ်မှ မရှိဖူးပါဟု ပြောသည်။
ဒေါက်တာ သင်းလွင် က“အရွေးခံတဲ့ ပုဂ္ဂိုလ်လည်း မဟုတ်၊ အလုပ်ကို သံယောဇဉ်နဲ့ လုပ်နေတဲ့သူ၊ ပြစ်ချက်အားဖြင့်လည်း ဘာမှ မရှိဘူး။ အစစ်လည်း မခံဖူးတဲ့ လူကို ဘာအကြောင်းပြချက်နဲ့ ထွက်စာတင်ခိုင်းသလဲ ဆိုတော့ ကျနော့်မှာ စွန့်လွှတ်စရာ ဘာမှမရှိဘူး။ အစကတည်း က ဒီတိုင်းပဲ။ ဒီဘဝပဲ”ဟု ပြောသည်။
၎င်းကို ယနေ့ထိ နုတ်ထွက်စာတင်ရန် တိုက်ရိုက်ပြောဆိုခြင်းမျိုး မရှိသေးဘဲ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်မှ ရုံးခန်းသို့ လာတွေ့ရန်သာ ခေါ်နေသည်ဟု ဒေါက်တာ သင်းလွင်က ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ အမှန်တကယ်ညွှန်ကြားခြင်း သေချာပါက နုတ်ထွက်စာ တင်ပေးပါမည်ဟုလည်း ဒေါက်တာသင်းလွင်က ပြောသည်။
ဦးHလအောင်၊ ဦးမြသိန်းတို့ကိုလည်း ပါတီတွင်း တိုင်ကြားမှုများ ရှိသည်ဟု သိရသည်။
ဦးမြသိန်းသည် ကချင်ပြည်နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ တာဝန်ယူထားသူလည်း ဖြစ်ပြီး ၎င်းကို NLD ပါတီတွင်း မနာလိုသူများက တိုင်ကြားထားခြင်းဖြစ်သည်ဟု ကြားရကြောင်း ပြောသည်။
ဦးမြသိန်းက “ကျနော်အခုသိရသလောက်က ကျနော့်ကို မနာလိုနေတဲ့ ပါတီထဲက လူတွေက လုပ်နေတာလို့ အသံထွက် လာပြီ ။ အဲ့လို အခြေအနေ အသံထွက်လာတော့ တနေ့ထက် တနေ့ကျနော်လည်း အဓိပ္ဗာယ် ပေါက်လာတာ”ဟု ပြောသည်။
၎င်းအနေဖြင့် ဝန်ကြီးရာထူးယူထားသည့် ၄နှစ်တာကာလအတွင်း တိုင်ကြားခံရခြင်း၊ စစ်ဆေးခံရခြင်းများ တကြိမ်မှ မရှိဖူးပါဟုလည်း ဦးမြသိန်းက ဆိုသည်။
ဦးမြသိန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ အရ ဝန်ကြီးတဦးကို နိုင်ငံတော်သစ္စာဖောက်ဖျက်ခြင်း၊ အဂတိလိုက်စားခြင်း၊ အကျင့်သိက္ခာပျက်ခြင်း၊ ဖွဲ့စည်းပုံပါ ဥပဒေများ ချိုးဖောက်ခြင်းများ ရှိသည်ဟု စွပ်စွဲပြစ်တင် စစ်ဆေးခြင်း မရှိဘဲ နှုတ်ထွက်စာတင်ခိုင်းသည်ကို မကျေနပ်သဖြင့် NLD ဗဟိုကို တိုင်စာ ပို့ထားသည်ဟု သိရသည်။
NLD ဗဟို၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဝန်ကြီး ၃ဦးကို နှုတ်ထွက်စာ တင်ရန် ဒေါ်အောင်ဆန်း စုကြည် ပြော/မပြောကို အတည်မပြုနိုင်သေးသော်လည်း ဦးမြသိန်း၏ တိုင်စာကို လက်ခံ ရရှိထားပြီဖြစ်သည်ဟု ပြောသည်။
ဖားကန့်မြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် က “လယ်မြေကဏ္ဍမှာတော့ တော်တော်လေးတော့ ပြသာနာတတ်ပါတယ်။ နောက်ဆုံး လယ်စစ်တဲ့ နေရာတွေမှာ ကျနော်တို့ တချို့ လွှတ်တော် ကိုယ်စားလှယ်တွေက တင်ပြထားတာတွေ သူတို့ မြန်မြန်မလုပ်ပေးနိုင်ဘူး။ အဲ့တာတွေတော့ ရှိတယ်။ တခုပဲ ရှိတာက ကျနော်တို့ အတွက် ဦးHလအောင် ပါသွားတာတော့ စိတ်မကောင်းဘူး”ဟု ပြောသည်။
အမည်မဖော်လိုသည့် ကချင်ပြည်နယ် NLD ပါတီဝင်အချို့က ဦးမြသိန်းကို လယ်ယာမြေကိစ္စများဖြင့် တိုင်ကြား ခံထားရခြင်းများရှိသည်ဟု ပြောဆိုကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့တွင် ကချင်လူမျိုး ဝန်ကြီးမှာ ဒေါက်တာခက်အောင်နှင့် ဦးHလအောင် တို့ ၂ ဦးသာ ရှိပြီး ယခုအခါ ဦးHလအောင်ကို အပြစ်တစုံတရာ မပေါ်လွင်ဘဲ ရာထူးမှ ဖြုတ်သည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၆၃ နှင့် မညီဟု ကချင်နိုင်ငံရေး အသိုင်းအဝိုင်းတွင် ဝေဖန်မှုများ ရှိနေသည်။
ဦးHလအောင်ကလည်း ၎င်းကိုယ်တိုင် အပြစ်ကျူးလွန်ထားခြင်း တစုံတရာ မရှိဟု ဆိုသည်။
ဖားကန့်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၇ အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့််ကျင်ပဲ သမ္မတမှ ပြည်ထောင်စုအုပ်ချုပ်မှု အာဏာကို နိုင်ငံတော်အတိုင်ပင်ခံထံသို့ လွှဲပြောင်းနိုင်သည်ဟု ပြောသည်။
ပုဒ်မ ၂၆၄ အရလည်း ပြည်ထောင်စု အုပ်ချုပ်မှုအာဏာရှိသူမှ ဝန်ကြီးတဦးဦးကို နုတ်ထွက်ရန်အတွက် ညွှန်ကြား နိုင်သဖြင့် ယခု ဝန်ကြီး ၃ ဦးကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီသည်ဟု ဦးဒါရှီလဆိုင်းက ပြောသည်။
ဆက်စပ်ဖတ်ရှုရန် – ကချင် ဝန်ကြီး သုံးဦးကို ဘာကြောင့် နုတ်ထွက်စာ တင်ခိုင်းသလဲ
NLD ထဲက လူတွေ လုပ်နေတာလို့ အသံထွက်လာပြီ