မွန်ပြည်နယ်တွင် ယာဉ်မတော်တဆမှုကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူ ပျမ်းမျှအားဖြင့် ၁ ရက်လျှင် ၃ ဦးနှင့် ၄ ဦးဝန်း ကျင် ရှိနေကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။
ဇန်နဝါရီ ၂၁ ရက်က မွန်ပြည်နယ် အစိုးရရုံး အောင်ဆန်း ခန်းမတွင် ကျင်းပသည့် လင်းယုန် စီမံချက်နှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲ၌ ဝန်ကြီးချုပ်က ပြောဆိုခြင်း ဖြစ်သည်။
မွန်ပြည်နယ် ၁၀ မြို့နယ်လုံး၌ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများ မလိုက်နာသည့် စည်းကမ်းမဲ့ယာဉ်များကို လင်းယုန် စီမံချက်ဖြင့် ဇန်နဝါရီလ ၁၅ ရက်က စတင်၍ ရက် ၁၀၀ စီမံချက်နှင့် ဖမ်းဆီးနေခြင်းဖြစ်ကာ ယာဉ်အန္တရာယ်ကြောင့် ပြည် သူ လူထု၏ ကိုယ်လက် အင်္ဂါများ မဆုံးရှုံးစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဒေါက်တာ အေးဇံက ဆိုသည်။
မွန်ပြည်နယ်တွင် ယာဉ်အန္တရာယ်ကြောင့် နှစ်စဉ် သေဆုံးသူ ဦးရေ ၃၅၀ နှင့် ၄၀၀ ကြား ရှိနေပြီး တရက်လျှင် ၁ ဦး ထက် မကသော သေဆုံးမှု ရှိကြောင်းလည်း ၎င်းက ပြောသည်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံက“တပတ် တပတ်ကို ယာဉ်အန္တရာယ်နဲ့ လမ်းပေါ်မှာ အသက် သေဆုံးမှုဟာ လျော့နေခြင်း မရှိဘဲ တနေ့ကို တယောက် ထက်မက သေဆုံးမှုတွေ တွေ့ရှိရတယ်။ အဲဒါတွေ အပြင် တနေ့ကို ၃ ယောက်၊ ၄ ယောက် လောက် ဒုက္ခိတ ဖြစ်ရတဲ့ အခြေအနေကို ရင်ဆိုင်ရပြီး ဖြစ်တယ်”ဟု ပြောဆိုသည်။
ထိုသို့ ယာဉ်မတော်တဆကြောင့် ပြည်သူလူထု အသက်များ၊ လုပ်အားများ ထပ်မံ ဆုံးရှုံးမှု မဖြစ်ရလေအောင် ယာဉ် အန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို လိုက်နာရေး ကြီးကြပ်ရန် အတွက် ပြည်နယ် အစိုးရတွင် တာဝန်ရှိ သဖြင့် စည်းကမ်းမဲ့ယာဉ်များကို ယခင်ကတည်းက ဖမ်းဆီး ဆောင်ရွက်ခဲ့ရာမှ ယခုတွင် လင်းယုန် စီမံချက်ဖြင့် အရှိန်မြှင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဒေါက်တာ အေးဇံက ပြောသည်။
လင်းယုန် စီမံချက် စတင်သည့် ဇန်နဝါရီ ၁၅ ရက်မှ ၂၀ ရက်အထိ စည်းကမ်းမဲ့ ယာဉ်များကို ၂၀၁၅ ခုနှစ် မော်တော် ယာဉ် ဥပဒေဖြင့် အရေးယူခဲ့ရာ မော်တော်ယာဉ် ၂၀၉ စီး၊ မော်တော်ဆိုင်ကယ် ၂၃၅၂ စီး၊ ဘေးတွဲဆိုင်ကယ် ၂၇ စီး၊ သုံးဘီး ဆိုင် ကယ် ၇၈ စီးနှင့် ထော်လာဂျီ ၄ စီးကို အရေးယူခဲ့ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ရှင်းပြသည်။
ထိုဖမ်းဆီးရေး ကာလအတွင်း ယာဉ်လမ်း အသုံးပြုသူ ၃၉၀၀ အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ အသိ ပညာပေး ဆောင်ရွက်မှုများလည်း ၃၂ ကြိမ် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဗိုလ်မှူးကြီး နေထွဋ်ဦးက“စီမံချက် ၆ ရက်တာ ကာလအတွင်းမှာ ယာဉ်မတော်တဆမှု ၁၄ မှု ဖြစ်ပွားပြီးတော့မှ သေဆုံးသူ ၆ ဦးနဲ့ ဒဏ်ရာရသူ ၁၆ ဦး ရှိနေခဲ့တာကို ကျနော်တို့ တွေ့ရှိရပါတယ်”ဟု ပြောသည်။
လင်းယုန် စီမံချက် မစတင်မီ တပတ်နှင့် စတင်ချိန် တပတ်ကို နှိုင်းယှဉ်ကြည့်ပါက ယာဉ်မတော်တဆမှုနှင့် ထိခိုက်ဒဏ်ရာ ရသူဦးရေမှာ အနည်းငယ် လျော့ကျခဲ့သော်လည်း သေဆုံးမှု လျော့ကျခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆိုသည်။
စည်းကမ်းမဲ့ ယာဉ်များနှင့် ဆိုင်ကယ် ဦးထုပ် မဆောင်းသူများကို ပုံမှန် ဖမ်းဆီးရေး ပုံစံမျိုး မဟုတ်ဘဲ စီမံချက်သဖွယ် ဖမ်း ဆီး ဆောင်ရွက်ခဲ့သည်မှာ ၂၀၁၈ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ အေးဇံက ပြောသည်။
ယခင် ဖမ်းဆီး အရေးယူမှု ကိစ္စနှင့် ပတ်သက်၍ ဒေါက်တာ အေးဇံက“အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပေမယ့်လည်း အောင်မြင်မှုဟာ ဆောင်ရွက်စဉ် ခဏပဲ ဦးထုပ်ဆောင်းတာ တွေ့ရတယ်။ အဲဒါပြီးသွားရင် ဆောင်ရွက်တာ အားလျော့ သွား တာနဲ့ ထုံးစံအတိုင်းပဲ ဦးထုပ် မဆောင်းတာတွေ စည်းကမ်း လျော့ရဲတာတွေ တွေ့ရှိပြီးတော့ အသက် ဆုံးရှုံးမှုတွေ ဟာ လျော့နည်းလာခြင်း မရှိတာကို တွေ့ရတယ်”ဟု ပြောဆိုသည်။
စည်းကမ်း ဖောက်သည့် မည်သည့် ယာဉ်ကိုမဆို ဖမ်းဆီးသွားမည် ဖြစ်၍ ဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများ ဆိုသည့် ခွဲခြားချက် မရှိကြောင်းလည်း သိရသည်။