သတင်း

KNU နှင့် တပ်မတော် အကြားက တကျော့ပြန် ပဋိပက္ခ ပြေလည်မှုမရသေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း လမ်းကြောင်း တခုကို အသုံးပြုနေခြင်းနှင့် ပတ်သက်ပြီး တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ (၅) တို့ကြား တကျော့ပြန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး နှစ်ဘက်အကြား ပြေလည်မှုမရသေးကြောင်း သိရသည်။

ဖာပွန်ခရိုင်အတွင်းရှိ ဘော်စဲခို-လယ်မူပလောလမ်း၊ ဘော်စဲခို- ယွန်းစလင်းလမ်းတို့အား တပ်မတော်က စက်ယန္တရားများဖြင့် ပြင်ဆင်ကာ ထိုလမ်းကြောင်းရှိ ရှေ့တန် စစ် စခန်းများသို့ ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်က ရိက္ခာပို့ရာ KNU တပ်မဟာ (၅) နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မျိုးအောင် က “၉၀ ခုနှစ် နောက်ပိုင်း ကတည်းက ပေါက်ပြီးသားတွေ အဲလမ်းတွေ တောက်လျောက် ကျနော်တို့ တပ်တွေရှိ တယ်၊ ဒီလမ်းတွေက တနှစ်ပတ်လုံး သုံးလို့မရဘူး၊ တနှစ်ပတ်လုံးဆိုတာ ရာသီဥတု အခြေအနေ အရ ပြန်ပျက် စီး သွားတာ ရှိတယ်၊ ဒါနဲ့ ပတ်သက်ပြီး တချို့နေရာတွေကို စက်တွေနဲ့ ပြန်ပြင်တာ ရှိတယ်၊ ဒီရာသီ ဒီအချိန်မှာ တော့ ပြန်ပြင်ကြတာပေါ့လေ၊ ပြန်ပြင်ပြီးပြီဆိုတာနဲ့ ကျနော်တို့ စစ်သည်တွေ စားဖို့ ရှေ့တန်းမှာ တာဝန် ထမ်းဆောင်တဲ့ စစ်သည်တွေ စားဖို့ ရိက္ခာတွေ ကျနေ်ာတို့ ပုံပေးရတဲ့အခါကျတော့ ကားတွေ သုံးပြီး ပို့ပေး ရတာ”ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် တပ်မတော်ဘက်က စစ်သည် တဦး ကျဆုံးပြီး ရိက္ခာပို့ဆောင်သည့် ယာဉ် တစီး မိုင်းနင်းမိသဖြင့် ပျက်စီးသွားကြောင်း တပ်မတော်ဘက်က ပြောသည်။

ထိုလမ်းသည် ၁၉၉၀ ခုနှစ်ကတည်းက အသုံးပြု၍ တပ်မတော်က ရှေ့တန်းစခန်းများသို့ ရိက္ခာ ပို့ကြောင်း၊ ပစ်ခတ်မှုအပေါ် KNU ဗဟိုအပါအဝင် တပ်မဟာ (၅) နှင့် တပ်မဟာ (၃) က တာဝန်ရှိ သူများ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)၊ ပြည်နယ်အဆင့် JMC-S တို့ကို ကန့်ကွက်စာ ပေးပို့ထားကြောင်း ဗိုလ်မှူးကြီး မျိုးအောင် က ဧရာဝတီသို့ ပြောသည်။

တပ်မဟာ (၅) နှင့် အငြင်းပွားနေသော လမ်းကြောင်း အသုံးပြုမှုအပေါ် KNU မှ တာဝန်ရှိသူများဖြင့် တွေ့ဆုံ ဆွေးနွေးသွားရန် အသင့်ရှိ ကြောင်း ဗိုလ်မှူးကြီး မျိုးအောင်က ပြောသည်။

“ကျနော်တို့ကတော့ အရင်တုန်းကတော့ JMC ပေါ့နော်၊ JMC-S မှာ လစဉ်ပုံမှန် ဆွေးနွေးပွဲတွေရှိတယ်၊ အခု ဒီနောက်ပိုင်းမှာတော့ KNU က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တော့ ခဏ ရပ်ထားတယ်ဆိုတဲ့အခါကျတော့ အဲမှာလည်း ကျနော်တို့က ခဏရပ်တာပေါ့နော်၊ သူတို့အနေနဲ့ ဒီတွေ့ဆုံပွဲ ပြန်လုပ်မယ်ဆိုရင် ကျနော်တို့ တွေက တော့ အမြဲတမ်း လုပ်ဖို့ အသင့်ပါပဲ။ ကျနော်တို့ကလည်း သူတို့ ဘယ်နေ့ ပြန်ပြီးလုပ်မလည်း ဒါပဲ ကြည့်နေတာ။ NCA ပါ စာချုပ်အတိုင်းပဲ ဖြေရှင်းမယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး KNU ဗဟိုမှ တာဝန်ရှိသူများ အပါအဝင် တပ်မဟာ (၅) မှ တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း မရသဖြင့် KNU  ဘက်မှ သဘောထားကို ထည့်သွင်းဖော်ပြနိုင်ခြင်း မရှိပါ။

သို့သော် KNU ဘက်ကတော့ ညောင်လေးပင်ခရိုင်၊ ဖာပွန်ခရိုင်၊ တောင်ငူခရိုင်၊ သထုံခရိုင်အတွင်း တပ်မတော် အနေဖြင့် လမ်းဖောက်လုပ်နေခြင်းကို ရပ်ဆိုင်းပေးရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်က KNU တောင်ငူခရိုင်၏ (၆) ကြိမ်မြောက် ခရိုင်ညီလာခံက ထုတ်ပြန် တောင်းဆိုထားဖူးသည်။

ယခင်ကလည်း ဖာပွန်ခရိုင်အတွင်းရှိ ခေးပူ-လယ်မူပလောလမ်း ဖောက်လုပ်ခြင်းကြောင့် တပ်မတော်နှင့် KNU တပ်မဟာ (၅) ကြား ၂၀၁၈ ခုနှစ်ဆန်းပိုင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲရှောင် ၂၀၀၀ ဝန်းကျင်အထိ ပေါ်ပေါက်ခဲ့သေးသည်။

ထိုအငြင်းပွားမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ရာ ပြေလည်သွားခဲ့သည်။

လက်ရှိ အငြင်းပွားမှုအပေါ်မှာတော့ KNU က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တရားဝင် အစည်းအဝေးများ တက် ရောက်မှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် တွေ့ဆုံ ဆွေးနွေးရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

တပ်မတော်က စစ်တိုင်း (၅)တိုင်း စစ်ဆင်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်က ကြေညာခဲ့ရာမှာ NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များဖြစ် တွေ့ဆုံ ဆွေးနွေးနိုင်ရန်အတွက် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့တဖွဲ့ကိုလည်း ဖွဲ့စည်းပေးထားသည်။

တပ်မတော်ဘက်ကတော့ ဘော်စဲခို-လယ်မူပလောလမ်းနှင့် ဘော်စဲခို- ယွန်းစလင်းလမ်းသည် မဟာဗျူဟာ အရ တောင်ငူသို့ ပေါက်ပြီး၊ တောင်ငူကနေ ထိုင်းနိုင်ငံ၊ချင်းမိုင်ဘက်သို့ ပေါက်သည့်အတွက် ဆက်လက် အသုံး ပြုသွားမည်ဟုလည်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောသည်။

KNU နှင့် တပ်မတော်သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုး ထားကြသည်။

Loading