မြန်မာနိုင်ငံအတွင်း အလုပ်ရှင်၊ အလုပ်သမားများအကြား အလုပ်သမားရေးရာ အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်းသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှု အတွက် အတားအဆီးတခု အသွင်ဆောင်ကာ စိန်ခေါ်မှုတရပ်ဖြစ်လာနိုင် သည်ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ သိရသည်။
မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးသက်နှင်းအောင် က “အငြင်းပွားမှုတွေကို ကြည့်မယ်ဆိုရင် အလုပ်သမားအများစုက အလုပ်ထုတ်ပယ်ခြင်းခံရတာတွေကြောင့် ဖြစ်ရတာအများဆုံးပဲ၊ ဒီလို အလုပ်သမားရေးရာ အငြင်းပွားမှုများဖြစ်ပေါ်နေခြင်းက ကျနော်တို့သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းနဲ့ ဆန့်ကျင်သွေဖယ်နေပါတယ်၊ ဒီလိုပြဿနာတွေကို ပြေလည်အောင်ဖြေရှင်း မပေးနိုင်ဘူးဆိုရင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အတားအဆီးတခု အသွင်ဆောင်ကာ စိန်ခေါ်မှုတ ရပ်ဖြစ်လာနိုင်တယ်”ဟု ပြောသည်။
ထိုကဲ့သို့ အလုပ်ရှင်၊ အလုပ်သမားများအကြား အလုပ်သမားရေးရာ အငြင်းပွားမှုများအနက် မန္တလေးတိုင်းဒေသကြီး အတွင်း၌ ၂၀၁၈ ခုနှစ်က အလုပ်ရှင်ဘက်မှ ဥပဒေချိုးဖောက်၍ အလုပ်ထုတ်ခံရသည့် အလုပ်သမားသမဂ္ဂ ခေါင်းဆောင်နှင့် အဖွဲ့ဝင် စုစုပါင်း ၁၅၅ ဦး ထိရှိကြောင်း သိရသည်။
“အလုပ်ရှင်ဘက်ကနေ ဥပဒေချိုးဖောက်ပြီး အလုပ်ထုတ်တာတွေ အများကြီးပဲ၊ ဒါတောင် ကျနော်တို့ဆီမှာရှိတဲ့ စာရင်းပဲ ရှိသေးတယ်၊ ကျနော်တို့ မသိလိုက်တဲ့ အခြားအလုပ်ထုတ်ခံ အလုပ်သမားတွေရှိနိုင်သေးတယ်” ဟု ကိုသက်နှင်းအောင် က ဆက်လက် ပြောသည်။
အလုပ်ထုတ်ခံရသည့် အလုပ်သမားများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လစ်လျူရှုနေပြီး ဖြေရှင်းပေးမှု အားနည်းကြောင်း၊ အလုပ်ထုတ်ခံရသည့် အလုပ်သမားမျာအနေဖြင့် အချို့ စားဝတ်နေရေး အခြေအနေအရ အခြားအလုပ်ပြောင်း၍ လုပ်ကိုင်နေရသည့် အလုပ်သမားများရှိသကဲ့သို့ အခြားစက်ရုံ၊ အလုပ်ရုံတွင်လည်း အလုပ်သမား အဖြစ် လက်မခံသည့် အလုပ်ထုတ်ခံ အလုပ်သမားများ ရှိကြောင်း အလုပ်ထုတ်ခံ အလုပ်သမားများက ပြောသည်။
ပုလိပ်မြို့ ချည်မျှင်နှင့် အထည်ချုပ်စက်ရုံမှ အလုပ်ထုတ်ခံရသည့် မယမင်း က “ကျမမှာ မိသားစုဝင် ၆ ဦးရှိပါတယ်၊ ကျမကိုပဲ မှီခိုပြီးနေနေ ကြရတာပါ၊ အလုပ်ထုတ်ခံရတော့ မိသားစုတခုလုံး အခက်အခဲ ဖြစ်ရတယ်၊ အခြားကို အလုပ်ပြန်ဝင်မယ်ဆိုတော့လည်း အလုပ်ထုတ် ခံထားရတဲ့သူဖြစ်လို့ဆိုပြီး လက်မခံချင်ကြဘူး၊ ကျမကို အလုပ်ထုတ်ခဲ့တာ ဘာအကြောင်းပြချက်မှ တိတိကျကျမရှိဘူး၊ ကျမအနေနဲ့ ဘာပြစ်ချက်မှ လုပ်ထားတာမရှိဘူး၊ စက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့နေရာမှာ ပါလို ထုတ်ပြစ်ခဲ့ကြတယ်လို့ ထင်တယ်၊ အဲဒီအတွက် ကျမ အရမ်းနစ်နာရပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော အလုပ်ရှင်၊ အလုပ်သမားများအကြား ဖြစ်ပေါ်နေရသည့် ပြသနာများကို ဖြေရှင်း ပေးနိုင်ရန်အတွက် အစိုးရက အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့အား ၂၀၁၂ ခုနှစ်က စတင်ဖွဲ့စည်းကာ ဆောင်ရွက်ပေး လျက်ရှိသော်လည်း ပြဿနာများ ဖြေရှင်ရာတွင် အခက်အခဲများစွာကို ရင်ဆိုင်နေကြရကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဝန်ကြီး ဦးမျိုးသစ် က “ကျနော်တို့က အလုပ်သမား အရေးကိစ္စတွေကို ဖြေရှင်းပေနေပါတယ်။ ဥပဒေဘောင်ထဲကနေ လုပ်ပေးလို့ရတာ မှန်သမျှ အားလုံးဖြေရှင်း ပေးနေပေမယ့် အချို့အလုပ်ရှင် အလုပ်သမားကိစ္စတွေကျတော့ အချိန်ယူပြီးမှ ညှိနှိုင်းဖြေရှင်းပေးရတာမျိုးတွေ ရှိနေတယ်” ဟု ဧရာဝတီသို့ပြောသည်။
အလုပ်သမားတစ်ဦး၏ တစ်ရက် အနည်းဆုံးလုပ်ခ သတ်မှတ်ချက် ထုတ်ပြန်ပြီးနောက် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သ မားလျှော့ချမှုများ ပြုလုပ်လာမှုနှင့် အတူ အလုပ်သမားရေးရာ အငြင်းပွားမှုပြသနာများလည်း ပို၍ဖြစ်ပေါ်လာလျက်ရှိပြီး ယခုအခါ အလုပ်သမားရေးရာ အငြင်းပွားမှုများဖြေ ရှင်းခြင်းများအတွက် ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းပြီးဖြစ်သဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဖြေ ရှင်းသင့်ကြောင်း၊ သို့မှသာ ကုန်ထုတ်လုပ်ငန်းများနှင့် နိုင်ငံ၏ စီးပွားရေးများ ဖွံဖြိုးတိုးတက်လာနိုင်မည်ဟု သိရသည်။
ယခုအခါ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင် လုပ်ဆောင်နေလျက်ရှိပြီး အလုပ်သမားရေးရာ အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အတားအဆီးတခု အသွင်ဆောင်ကာ စိန်ခေါ်မှုတရပ်ဖြစ်လာနိုင်ခြင်းများ ကြောင့် အလုပ်သမားရေးရာ အငြင်းပွားမှုများကို သက်ဆိုင်ရာမြို့နယ်အဆင့်၌ အလုပ်ရှင်၊ အုပ်ချုပ်သူ၊ အလုပ်သမား သုံးပွင့်ဆိုင် ညှိနှိုင်းအဖြေရှာ၍ ဥပဒေနှင့်အညီ ဆောင်ရွက်သင့်သည်ဟုလည်း ထောက်ပြကြသည်။