ဗိုလ်မှူးချုပ်ဟောင်းနှင့် ၁၉၉၀ ခုနှစ်များက မြန်မာစစ်အစိုးရ၏ စီးပွားရေး အကြီးအကဲ ဒေးဗစ် အိုလီဗာ အေဘယ်သည် ဇန်နဝါရီလ ၂၀ ရက်နေ့က ရန်ကုန်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဂူသွင်းခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၄ နှစ်ရှိပြိဖြစ်သည်။
အင်္ဂလိပ်မြန်မာကပြား၊ အိန္ဒိယနှင့် ဂျူးကက်သလစ်မျိုးနွယ်များမှ ဆင်းသက်လာသော သူသည် စစ်အစိုးရအတွင်းတွင် ဗုဒ္ဓဘာသာမဟုတ်သူ အနည်းငယ်အနက်မှ တဦးဖြစ်သည်။ ရန်ကုန်တွင်မွေးဖွားခဲ့ပြီးနောက် ၁၉၅၃ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ ဗြိတိန်နိုင်ငံ ဆင်းဟာ့ချ်ရှိ တော်ဝင် စစ်တက္ကသိုလ်တက်ရန် ရွေးချယ်ခံရပြီး ဘောဂဗေဒပညာဖြင့် ဘွဲ့ရခဲ့သည်။
မြန်မာတပ်မတော်အတွင် ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ရခိုင်ပြည်နယ်မှ မူဂျာဟေဒင်များ၊ ရှမ်းပြည်မြောက်ပိုင်းမှ ကွန်မြူနစ်များနှင့် တိုက်ခိုက်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် စစ်အာဏာသိမ်းအဖွဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုအဖွဲ့(SLORC) က စစ်အစိုးရကို ဖွဲ့စည်းပြီး နောက်ပိုင်းတွင် သူသည် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် အစိုးရအဖွဲ့ဝင်ဖြစ်လာသည်။ ၁၉၉၁ ခုနှစ်တွင် စစ်လက်နက်ပစ္စည်း ဝယ်ယူမှု ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၉၁ ခုနှစ်တွင် ဗိုလ်မှူးချုပ် ရာထူးဖြင့် တပ်မတော်မှ အနားယူခဲ့သည်။
ဒေးဗဒ်အေဘယ်သည် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဌ ရုံးဝန်ကြီး စသည်ဖြင့် တာဝန်အမျိုးအမျိုးကို လှည့်လည်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် သူသည် နိုင်ငံ၏ စက်မှုကဏ္ဍကို အားပေးရန်နှင့် အမျိုးသားစီးပွားရေး တည်ငြိမ်စေရန် တပ်မတော်က တည်ထောင်သည့် လုပ်ငန်စုကြီး ၂ ခုအနက်တခုဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်ကို တည်ထောင်ခဲ့သည်။ သူ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံသည် ၁၉၈၉ ခုနှစ်မှ ၁၉၉၄ အတွင်း နိုင်ငံတကာ ကုန်သွယ်မှုကို သိသိသာသာဖွင့်ပေးခဲ့သည်။
သို့သော် ၁၉၉၇ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းအပြီးတွင် ဗိုလ်ချုပ်ကြီးများ ချမှတ်သော စီးပွားရေးမူဝါဒကို ဒေးဗစ်အေဘယ်က မေးခွန်းထုတ်သောကြောင့် ဗိုလ်ချုပ်ကြီးများက သူ့ကို အလိုမကျဖြစ်လာသည်ဟု ဆိုသည်။ မြန်မာ့စီးပွားရေးဖွံ့ပေးရေးနှင့် ပတ်သက်သောသူ၏ ပြောဆိုမှုများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့က မထောက်ခံကြဟု ဆိုသည်။ ထိုနောက် သူတို့က ဦးပိုင်ကို ပြုပြင်ပြောင်းလဲရန် အားထုတ်မှုများကို ပိတ်ပင်လိုက်ခြင်းကြောင့် ဒေးဗစ်အေဘယ် စိတ်ပျက်ခဲ့ရသည်။
သူသည် အစိုးရမှ ၂၀၀၃ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ သို့သော သူ့ကို တပ်မတော်က ပြည်ပသို့ မသွားရောက်ရန် ပိတ်ပင်ထားခဲ့သည်။ စီးပွားရေးအကြံပေးဟောင်းသည် တိုင်းပြည်၏ စီးပွားရေးပြဿနာများနှင့် မူးယစ်ရာဇာများ၊ ပြည်ကုမ္ပဏီများနှင့် ဆက်စပ်မှုများအကြောင်း ပွင့်ပွင့်လင်းလင်း ဆက်လက်ပြောဆိုနေမည်ကို တပ်မတော်က စိုးရိမ်ခဲ့ပုံရသည်။
ဒေးဗစ်အေဘယ်၏ နာရေးသတင်းတွင် ဗိုလ်မှူးချုပ်ဟောင်းနှင့် ဝန်ကြီးဟောင်းဟု ဖေါ်ပြသည်။ သူသည် အခြား SLORC နှင့် စစ်အစိုးရ အဖွဲ့ဝင်များကဲ့သို့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ ရာထူးတက်ရန်အလားအလာရှိခဲ့ကောင်းရှိခဲ့နိုင်သည်။ သူ၏ စီပွားရေးတိုးတက်ရန်အားထုတ်မှုများကို သူ၏ဆရာသမားများက မနှစ်မသက်ဖြစ်ခဲ့ပါသလား။ သူ၏ ခရစ်ယာန်ဘာသာ ယုံကြည်သက်ဝင်မှုကို သူ၏ ဆရာသမားများ မနှစ်မသက်ဖြစ်ခဲ့ပါသလား။ ထိုသူများသာ သိပေလိမ့်မည်။