ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်တွင် အသုံးပြုမည့်ကား ၅ စီး ဝယ်ယူမှုတွင် ငွေကြေး အလွဲသုံးစား ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ဧရာဝတီတိုင်း၊ လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောသည်။
ဦးစံမင်းအောင်က “လွှတ်တော်မှာ သုံးဖို့ ဝယ်ယူတဲ့ ကား ၅ စီးနဲ့ ပတ်သက်လို့ ကျနော် တယောက်တည်း သဘောဆန္ဒနဲ့ လုပ်ခဲ့တာ မရှိသလို ၉ ဦး ပါဝင်တဲ့ ကော်မတီ အဖွဲ့ဝင်တွေနဲ့ တိကျစွာ ကျနော်တို့ ဆောင်ရွက်ပါတယ်။ ဒီကိစ္စမှာ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ကိုယ်ကျိုးအတွက် တပြားတချပ်မှ မသုံးစွဲတဲ့ အပြင် ကိုယ့်အိတ်ထဲက ကိုယ်ပိုင်ငွေနဲ့ စိုက်ထုတ်ပြီး ဆောင်ရွက်ခဲ့တယ် ဆိုတာ လုံးဝ အာမခံပါတယ်”ဟု ဧရာဝတီကို ပြော သည်။
ဧရာဝတီတိုင်း လွှတ်တော် အတွက် ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေမှ ခွင့်ပြုငွေ ကျပ်သိန်း ၁၅၈၀ ကို အသုံးပြု၍ ကားများ ဝယ်ယူရာတွင် အဖွဲ့ ခေါင်းဆောင် ဦးစံမင်းအောင် အနေဖြင့် ငွေကြေး အလွဲသုံးစား လုပ်သည်ဟု ဆိုကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ရာသက်ပန် ထုတ်ပယ်ခဲ့သည်။
ဦးစံမင်းအောင် အနေဖြင့် ကားများဝယ်ယူသည့် ကိစ္စတွင် ငွေကြေး အလွဲသုံးစား ပြုလုပ်သည်ဟုဆိုကာ ပုသိမ်မြို့တွင် နေထိုင်သည့် NLD နှင့် နီးစပ်သူ တဦးက တိုင်ကြားသည့် အတွက် NLD ပါတီ ဗဟို မှ အရန် ဗဟို ကော်မတီဝင် ဦးကျော်ဟိုး ဦးဆောင်သည့် အထူး စုံစမ်းရေး အဖွဲ့နှင့် ပါတီတွင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးပြီးနောက် ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်နှင့် ဦးစံမင်းအောင်ကို ဇန်နဝါရီလ ၁၃ ရက်က ပါတီမှ ရာသက်ပန် ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ကားဝယ်ယူရေး အဖွဲ့တွင် ပါဝင်သည့် ကိုယ်စားလှယ် ၃ ဦး ဖြစ်သော ပုသိမ်မြို့နယ်၊ အမှတ် ၂ တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူထွေး၊ မအူပင် မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
ဦးသက်ကိုလေးနှင့် ကျိုက်လတ် မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းလှိုင် (ခ) ဦးညို တို့ ကိုလည်း NLD ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့က ပြင်းထန်စွာ သတိပေးခဲ့ကြောင်း သိရသည်။
NLD ပါတီ ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွန့်က ပါတီမှ ထုတ်ပယ်ခဲ့သည့် ဦးစံမင်းအောင်၏ ငွေကြေးဆိုင်ရာ ကိစ္စ ရပ်များအား လိုအပ်သလို ဆောင်ရွက်နိုင်ရန် အတွက် ဧရာဝတီတိုင်း လွှတ်တော်နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ ဆက်လက် အကြောင်းကြားသွားမည်ဟု မီဒီယာများကို ထုတ်ဖော် ပြောဆိုထားသည်။
ပါတီမှ ထုတ်ပယ်ခံခဲ့ရပြီး နောက်ပိုင်း လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးစံမင်းအောင်မှာ မီဒီယာများ၏ ဆက်သွယ် မေးမြန်းမှုအား ပြန်လည် ဖြေကြားခြင်း မရှိဘဲ ဇန်နဝါရီလ ၂၁ ရက်က ကျင်းပသည့် ဒုတိယ အကြိမ်မြောက် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန် အစည်းအဝေး တက်ရောက်ပြီးချိန်တွင် လွှတ်တော်သို့ သတင်းယူကြသည့် မီဒီယာများ ကို ဖိတ်ခေါ်၍ ငွေကြေး အလွဲသုံးစား ပြုလုပ်သည် ဆိုသော ကိစ္စအား ပထမဆုံး အကြိမ် တုံ့ပြန် ရှင်းလင်းခဲ့ခြင်း ဖြစ် သည်။
ဦးစံမင်းအောင် က “မီဒီယာတွေ ဖော်ပြချက် အရ ကြားသိရတာကတော့ ဧရာဝတီတိုင်း လွှတ်တော်မှာ အသုံးပြုဖို့ အတွက် ရုံးသုံး ယာဉ် ၅ စီး ဝယ်ယူရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ အလွဲသုံးစား ပြုခဲ့တယ် ဆိုပြီး ပါတီက ထုတ်တယ်လို့ပဲ သိရပါ တယ်။ ပါတီ ဗဟိုကို ကျနော် ဆက်သွယ်တဲ့ အခါမှာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က ဒီအမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်ရင် ပြန်ပြီးတော့ အယူခံဝင်နိုင်ပါတယ်လို့ ပြောကြားပေမယ့် ကျနော့်ဆီကို အခုချိန် အထိ ထုတ်ပယ်ခဲ့တဲ့ အော် ဒါ၊ တိကျခိုင်မာတဲ့ အချက်အလက် စာရွက်စာတမ်း တခုမှ မရောက်သေးပါဘူး” ဟု ပြောဆိုသည်။
မိမိ အနေဖြင့် လွှတ်တော် ဒုဥက္ကဋ္ဌရာထူးမှ နုတ်ထွက်မည်ဟု လွှတ်တော် အကြီးအကဲများထံ နှုတ်ဖြင့်ရော၊ စာဖြင့်ပါ
တင်ပြထားခြင်း မရှိကြောင်းနှင့် လွှတ်တော် ဒုဥက္ကဋ္ဌ တာဝန်အား ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များမှ တင်မြှောက်ထားခြင်းဖြစ်သည့် အတွက် လွှတ်တော်၏ အဆုံးအဖြတ်ကိုသာ ခံယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးစံမင်းအောင်က “အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်လာခဲ့ရင်လည်း ကျနော့်အနေနဲ့ ဥပဒေနဲ့ အညီပဲ ရင်ဆိုင် ဖြေရှင်းသွားမှာပါ” ဟု ပြောသည်။
ထို့ပြင် ဦးစံမင်းအောင်၏ ဖြေရှင်းမှု အပေါ် ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်အား ဧရာဝတီ သတင်း ဌာနမှ မေးမြန်းရာ၌ ထင်မြင်ချက် တစုံတရာ မပေးလိုကြောင်း ပြောဆိုခဲ့သည်။
ဘိုကလးမြို့နယ် NLD ဥပဒေ အထောက်အကူပြု အဖွဲ့ အတွင်းရေးမှူး အဖြစ် ထမ်းဆောင်ခဲ့သူ ဦးစံမင်းအောင်မှာ ပါတီမှ ထုတ်ပယ်ခံခဲ့ရသော်လည်း ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်
နေပြီး ဘိုကလေးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး ကိုယ်စားလှယ် အဖြစ် ဒုတိယ အကြိမ်မြောက် ဧရာဝတီတိုင်း လွှတ် တော် ၁၅ ကြိမ်မြောက် ပုံမှန် အစည်းအဝေး တက်ရောက်နေခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း လွှတ်တော်တွင် အသုံးပြုရန် လိုအပ်နေသည့် ကား ၅ စီး ဝယ်ယူရန် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ပြည် ထောင်စု လွှတ်တော် ရန်ပုံငွေထဲမှ ကျပ်သိန်း ၁၅၈၀ ရရှိခဲ့ပြီး မီနီဘတ်စ် ၁ စီး၊ လိုက်ထရပ် ၁ စီး၊ အန်စာတုံးကား ၂ စီးနှင့် ဒယ်ဘယ်ကပ် (Toyota Double Cub) ၁ စီးဝယ်ယူရန် တိုင်း လွှတ်တော်မှ ကော်မတီ ဖွဲ့ကာ တင်ဒါခေါ် ယူခဲ့ကြောင်း သိရသည်။
အဆိုပါ တင်ဒါသို့ ကုမ္ပဏီ ၃ ခု လာရောက် လျှောက်ထားခဲ့ရာ ကုမ္ပဏီ ၁ ခုသာ အရည်အသွေး ပြည့်မီခဲ့ပြီး ကားများ လာ ရောက် ပြသရန် ချိန်းဆိုသော်လည်း လာရောက်ခြင်း မရှိသည့် အတွက် တင်ဒါဖြင့် ဝယ်ယူသည့် အစီအစဉ်ကို ဖျက်သိမ်း ခဲ့ကာ ဧရာဝတီတိုင်း လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ဖြင့် ဝယ်ယူ ခွင့်ပြုရန် ဧရာဝတီတိုင်း အစိုးရ အဖွဲ့ထံ တင်ပြခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ထိုသို့ တင်ပြရာတွင် မီနီဘတ်စ် အစား သွားလာရ လွယ်ကူပြီး လူ ၁၅ ဦး လိုက်ပါနိုင်သည့် အန်စာတုံး HiAce ကား ပြောင်းလဲ ဝယ်ယူရန်နှင့် ငွေကြေး မလောက်ငှသည့် အတွက် ဒယ်ဘယ်ကပ် Double Cub အစား အိတ်စတာကပ် Extra Cub ကား ပြောင်းလဲဝယ်ယူရန် တိုင်း အစိုးရအဖွဲ့အား တင်ပြခဲ့ရာ ခွင့်ပြုသည့် အတွက် တိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင် ကျော်ခိုင်မှ အဖွဲ့ဝင် ၉ ဦးပါ ကားဝယ်ယူရေး အဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။
အဆိုပါ အဖွဲ့တွင် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်အား အဖွဲ့ ခေါင်းဆောင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဆင့် အရာ ရှိကြီး တဦးအား အတွင်းရေးမှူး အဖြစ် တာဝန် ပေးအပ်ခဲ့ပြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အရာရှိများ နှင့် တိုင်း လွှတ်တော် ကိုယ်စားလှယ် ၃ ဦး ပါဝင်ကြောင်း သိရသည်။
ထို့နောက် တပတ်ရစ် HiAce အံစာတုံးကား ၃ စီး၊ လိုက်ထရပ် ၁ စီးတို့ကို ကုမ္ပဏီ တခုထံမှ လည်းကောင်း၊ တိုယိုတာ Extra Cub ကားသစ် တစီးတို့ကို ကုမ္ပဏီ တခုထံမှ လည်းကောင်း အသီးသီး ဝယ်ယူခဲ့ပြီး တံဆိပ်ခေါင်း ခွန်ကျပ် ၃ သိန်း၊ ပြည်ထောင်စု လွှတ်တော်၏ ညွှန်ကြားချက် အရ ပုသိမ်မြို့နယ် ပြည်တွင်း အခွန်များ ဦးစီးဌာနသို့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း အနေဖြင့်ကျပ် ၃၁ သိန်းကျော် ပေးဆောင်ခဲ့ကြောင်း၊ ဝယ်ယူခဲ့ပြီး ကားများကို အသင့် အသုံးပြု စီးနင်းနိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်ရာ အဆိုပါ ကုန်ကျမှုကြောင့်လည်း ကားဈေးနှုန်းများမှာ မူလ ဈေးထက် မြင့်တက်သွားခဲ့ခြင်း ဖြစ်ကြောင်းကို ဦးစံမင်းအောင်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက မီဒီယာများကို ပြောခဲ့သည်။
လက်ရှိ ပြည်တွင်း ကားဈေးကွက်တွင် တပတ်ရစ် အန်စာတုံးကား တစီးလျှင် ကျပ်သိန်း ၃၅၀ ဝန်းကျင်၊ တပတ်ရစ် လိုက် ထရပ် တစီးလျှင် ကျပ်သိန်း ၁၅၀ ဝန်းကျင်နှင့် တိုယိုတာ Extra Cub အသစ် တစီးလျှင် ကျပ်သိန်း ၃၅၀ ဝန်းကျင် ပေါက် ဈေး ရှိကြောင်း ဈေးကွက် အတွင်းက စုံစမ်း သိရသည်။
ဘိုကလေးမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည့် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင် သည် အသက် ၃၈ နှစ် အရွယ် ရှိပြီး အထက်တန်း ရှေ့နေ တဦးလည်း ဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲ၌ ဘိုကလေး မဲဆန္ဒ နယ်တွင် ခိုင်လုံမဲ ၃၃၃၈၉ မဲဖြင့် အနိုင်ရခဲ့သည့်နောက် လွှတ်တော် ဒု ဥက္ကဋ္ဌ အဖြစ် တာဝန် ပေးအပ်ခြင်းခံရသူ တဦး ဖြစ် သည်။
ဆက်စပ်ဖတ်ရှုရန် – ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ရာထူးမှနုတ်ထွက်ခွင့် တင်ပြ
ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ကို NLD ပါတီမှ ရာသက်ပန်ထုတ်ပယ်