ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့၌ တောင်မင်းကြီး တောင်ပေါ် အစုအဖွဲ့ပိုင် ထင်းရှူးတော မီးလောင်မှုကို စစ် ဆေး အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ တိုင်ကြားမည် ဖြစ်ကြောင်း အဆိုပါ သစ်တောတွင် ဦးဆောင် စိုက်ပျိုးသူ ဒေသခံ ကိုအောင်ရဲပြည့် က ဧရာဝတီကို ပြောသည်။
“ဘာကြောင့် ရှို့တယ် ဆိုတာ ရည်ရွယ်ချက် မသိရပေမယ့် အချက်အလက် စုံရင် သစ်တောနဲ့ မီးသတ်ကို ဥပဒေ အတိုင်း အရေးယူ ဆောင်ရွက်ပေးဖို့ တိုင်ကြားမှာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ ထင်းရှူးတော၌ ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၃ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကာ ညနေ ၅ နာရီကျော်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ထင်းရှူးပင်နှင့် အခြား နှစ်ရှည်ပင် တချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
“ကျနော်တို့ခြံရဲ့ အောက်ဖက်ခြံက မီးရှို့တာကနေ စဖြစ်တာပါ။ ဘယ်လို ရည်ရွယ်ချက်နဲ့ ဆိုတာ မသိပေမယ့် တောမီး ရှို့မယ် ဆိုရင် မီးတားလမ်း လုပ်ပြီးမှ ရှို့ရမှာက မီးရှို့တဲ့သူ တာဝန်ပါ။ ဒါကို မလုပ်ဘဲ မီးရှို့လိုက်တော့ ကျနော်တို့ ခြံ ဘက် အထိ မီးက ရောက်လာပြီး လောင်တာပါ။ ကံကောင်းတာ လေကြောင်း ပြောင်းသွားတဲ့အတွက် အရမ်း ပျက်စီး မှု မများခဲ့ဘူး” ဟု ကိုအောင်ရဲပြည့်က ဆိုသည်။
ဧက ၄၀ ခန့် အကျယ်အဝန်း ရှိသည့် အဆိုပါ အစုအဖွဲ့ပိုင် သစ်တောကို ကလော ဒေသခံ လူငယ်များ ထူထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်က စတင်၍ ထင်းရှူး၊ ထောပတ်၊ ချယ်ရီ၊ ခါတော်မှီ၊ ကော်ဖီ စသည့် နှစ်ရှည်ပင်များကို စိုက်ပျိုးခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သစ်တော အနီးဝန်းကျင်၌ တရားမဝင် ကျုးကျော် နေထိုင်သူများလည်း ရှိနေကြောင်း ကိုအောင်ရဲပြည့်က ပြောသည်။
၂၀၁၂ ခုနှစ် နောက်ပိုင်းမှ စတင်၍ ခရီးသွား လုပ်ငန်းကြောင့် လည်းကောင်း၊ ရာသီဥတု သာယာသည့် အတွက်လည်း ကောင်း ကလောမြို့ အိမ်ခြံမြေ ဈေးကောင်းလာပြီး သစ်တောမြေများတွင် တရားမဝင် ကျုးကျော် နေထိုင်ခြင်း၊ အကွက်ရိုက် ရောင်းချခြင်းများ ရှိလာသည်ဟု ကလော ဒေသခံများက ပြောဆိုကြသည်။
ကလောမြို့ခံ ကိုသိန်းဇော်က “တချို့ကျလည်း မြေနေရာ ဦးချင်လို့ အစုအဖွဲ့ပိုင် သစ်တော အဖြစ် လျှောက်ပြီး ဘာမှ မစိုက်ဘဲ ပစ်ထားတဲ့ သူတွေလည်း ရှိနေပေမယ့် တကယ် စိုက်ပျိုး ပြုစုနေတဲ့သူတွေကိုတော့ သစ်တောကလည်း ဥပဒေ အရ ကာကွယ်ပေးမှုတွေ လုပ်ပေးသင့်တယ်။ ဒါမှလည်း ကိုယ့်မြို့ အတွက် ဒီသစ်တောတွေကို ထိန်းသိမ်း သင့်တယ် ဆိုတာ ဂရုပြုကြမှာ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ကိစ္စများကြောင့် သစ်တော ဧရိယာများတွင် တရားမဝင် ကျုးကျော် နေထိုင်ခြင်း၊ နေထိုင်ပါက အမြန်ဆုံး ဖယ် ရှားပေးရန် သစ်တောဦးစီး ဌာနက သတိပေးစာများ ထုတ်ထားကြောင်း မြို့ခံများထံက သိရသည်။
ကလောမြို့နယ် သစ်တော ဦးစီးမှူး ဦးနေယု က “လောလောဆယ်ထိတော့ အဲဒီ မီးလောင်မှုကို လာရောက် တိုင်တာ မျိုး မရှိသေးပါဘူး။ တိုင်တန်းလာရင်တော့ ဒါက ရဲအရေးပိုင်မှု ဖြစ်တဲ့ အတွက် ရဲစခန်းမှာ ဦးတိုက် တိုင်တန်းသွားမှာ ဖြစ်ပါတယ်။ မီးရှို့ခံရတာ မှန်ကန်ရင်တော့ သစ်တော ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ဧရာဝတီ ကို ပြောသည်။
သစ်တော ဥပဒေ ပုဒ်မ(၄၁) တွင် သစ်တော နယ်မြေအား မီးသင့် ပျက်စီးစေခြင်း ပြစ်မှု ခိုင်လုံပါက ထောင်ဒဏ် ၂ နှစ် (သို့မဟုတ်) ငွေဒဏ် ၃ သိန်းမှ ၅ သိန်း အထိ(သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
သစ်တော ကြိုးဝိုင်းများတွင် အစုအဖွဲ့ပိုင် သစ်တောများ လုပ်ပိုင်ခွင့် ရရှိသူများ လိုက်နာရမည့် မိမိသစ်တောအား မီး ဘေး အန္တရာယ်မှ အစ ကာကွယ် စောင့်ရှောက်ခြင်း၊ အုပ်ချုပ် လုပ်ကိုင်မှု လုပ်ငန်း စီမံချက်များကို ထုတ်ပြန်ပေးပြီး ဖြစ် ကာ အမှန်တကယ် လိုက်နာ ဆောင်ရွက်ခြင်း ရှိ၊မရှိကို သစ်တော ဦးစီးဌာနက ကြပ်မတ် စစ်ဆေးခြင်း၊ မီးလောင်မှု ကိစ္စ တစုံတရာ ဖြစ်ပါက သွားရောက် စစ်ဆေးခြင်းနှင့် တရားရုံး၌ သက်သေ အဖြစ် ထွက်ဆိုပေးခြင်းကိုသာ ဆောင်ရွက် ပေးရကြောင်း သစ်တော ဦးစီးမှူး ဦးနေယု က ရှင်းပြသည်။
လက်ရှိတွင် ကလောမြို့ရှိ သစ်တောကြိုးဝိုင်းများ အတွင်း ကျုးကျော် နေထိုင်သူများ၊ အဆောက်အအုံ တည်ဆောက် ထားသူများအား ဖယ်ရှားပေးရန် သတိပေးစာ ၃ ကြိမ် ထုတ်ထားပြီး ဖြစ်ရာ မလိုက်နာပါက ဥပဒေ ကြောင်း အရ အရေးယူ ဆောင်ရွက်သွားရန် အစီအစဉ် ရှိကြောင်းလည်း သစ်တောဦးစီးဌာနက သိရသည်။
ကိုအောင်ရဲပြည့်က “သစ်တောတွေ ပြုန်းလာတဲ့ ထင်းရှူးမြို့ကို သစ်ပင်တွေနဲ့ ပြန်ဖြစ်အောင်၊ ဒီလို စိုက်ရင် ရတယ် ဆိုပြီး အများ အားကျ အတု ယူနိုင်အောင် စိုက်တဲ့ သစ်တော တခုမို့ ဘယ်နည်းနဲ့ ဖြစ်ဖြစ် မီးလောင် ပျက်စီးသွားရင် ကျနော်တို့ အကျိုး အတွက်တင် မဟုတ်ပါဘူး မြို့နဲ့ ပတ်ဝန်းကျင် အတွက်ပါ ဆုံးရှုံးမှာပါ” ဟု ပြောသည်။
လက်ရှိ၌ ကလောမြို့သည် ရာသီဥတု သာယာခြင်း၊ တောတောင်များနှင့် ရှုခင်း လှပခြင်း၊ အေးမြသည့် ရာသီဥတု ရှိ ခြင်း၊ ဒေသခံ တိုင်းရင်းသားများ၏ ဓလေ့စရိုက် ယဉ်ကျေးမှုများကို လေ့လာနိုင်ခြင်း စသည့် အချက်များကြောင့် ယခင် ပြည်ပ ခရီးသွား အများသာ သွားရောက် လည်ပတ်ကြရာမှ ယခု နောက်ပိုင်း ပြည်တွင်း ခရီးသွားများပါ စိတ်ဝင် တစား သွားရောက် လည်ပတ်မှု များသည့် ခရီးစဉ်ဒေသ တခု ဖြစ်လာခဲ့ကြောင်း ဒေသခံ များက ပြောဆိုသည်။