တိုင်းနှင့် ပြည်နယ် အစိုးရများသည် ကိုယ့်ဒေသရှိ ပြည်သူလူထုနှင့် မကြာခဏ တွေ့ဆုံပွဲများ ကျင်းပပြုလုပ်ရန်နှင့် မိမိဌာနနှင့် ပတ်သက်သည့် ကိစ္စရပ်များအကြောင်း ပြည်သူလူထုနှင့် နယ်လှည့် ဆွေးနွေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဒေါ်အောင်ဆန်း စုကြည်က မှာကြားလိုက်သည်။
ယနေ့ စစ်ကိုင်းတိုင်း ကလေးမြို့တွင် ပြည်သူလူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်စဉ် ဒေသခံပြည်သူများက အခြေခံ ဒေသဖွံ့ ဖြိုးရေး လိုအပ် ချက်များအကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြစဉ် ၎င်းက အထက်ပါအတိုင်း မှာကြားလိုက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် က “ဒူးတိုက် ဆွေးနွေးပွဲတွေ လုပ်ပါ။ ဒူးတိုက် ဆွေးနွေးပွဲဆိုတာ ဘယ်တော့မှ ခေတ်မကုန်ပါဘူး။ ဒူးမတိုက်ဘဲနဲ့ ကုလားထိုင်ပေါ် မျက်နှာချင်းဆိုင် ထိုင်ပြီးတော့လည်း ဆွေးနွေးပါ။ ဒီဟာတွေက ခက်ခက်ခဲခဲ ရှင်းပြရမယ့် ကိစ္စတွေ မဟုတ်ဘူးလို့လည်း ပြောချင်ပါ တယ်”ဟု ပြောသည်။
ပြည်နယ်နှင့် တိုင်းအစိုးရများသည် ပိုမို အရေးကြီးပြီး ပြည်ထောင်စု အစိုးရထက် ပို၍ ပြည်သူလူထုနှင့် နီးစပ်မှု ရှိကြောင်း၊ ထို့ ကြောင့် လူထု လိုအပ်ချက်ကို ပို၍ ထိထိရောက်ရောက် လုပ်နိုင်ကြောင်း၊ ပြည်သူများကလည်း ပြည်နယ်နှင့် တိုင်း အစိုးရများကို မိသားစုသဖွယ် သဘောထားပြီး လိုအပ်သည်များကို တောင်းဆိုနိုင်ကြောင်းလည်း ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် က “ဒါတွေက ကျမလာမှ တင်ပြရမယ့် ကိစ္စတွေ မဟုတ်ပါဘူး။ ပြည်သူလူထုနဲ့ ထိတွေ့ပြီးတော့ ဖြေပါ။ တိုင်း နဲ့ ပြည်နယ် အစိုးရ လုပ်နိုင်တဲ့ ကိစ္စတွေကို ကျမတို့က ဝင်ဝင်ပြီး လုပ်တယ်ဆိုတာလည်း ကျမတို့အတွက်လည်း မကောင်းဘူး” ဟု ပြောသည်။
တိုင်းအစိုးရအဖွဲ့သည် မြို့တိုင်းသို့ ရောက်ခဲ့ပြီး ဖြစ်ကြောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ တိုင်းဒေသကြီး အဆင့် ဖြေရှင်းရမည့် ကိစ္စရပ် များကို ပြည်သူ လူထုက မေးလာသဖြင့် ဝန်ကြီးများ သိ၊ မသိကို မေးခွန်းထုတ်သည့် သဘော ဖြစ်ကြောင်း၊ ပြည်ထောင်စု အဆင့် ဝန်ကြီးများ မသွားနိုင်သည့် ကိစ္စများကို တိုင်းအဆင့် ဝန်ကြီးများ ဆင်းပေးရန် မှာကြားသွားခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်း စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။
ဦးမြင့်ကြည် က“ကျနော်တို့ အစကတည်းက ဒီမေးခွန်းတွေကို ပြောတယ်။ ဒီမေးခွန်းတွေက တိုင်းဒေသကြီးက လုပ်ရမယ့် ကိစ္စတွေ။ အမေစုကို သွားမေးစရာ မလိုဘူး။ တိုင်းဒေသကြီး ဖြေရှင်းပေးမယ်ဆိုတာကို မေးတဲ့လူတွေကလည်း အမေစုကိုပဲ မေးချင်ကြတာ။ ခေါ်ပြောတယ်။ မေးခွန်းမေးတဲ့ ပုဂ္ဂိုလ်ကို။ အဲဒါကို ကျနော်တို့က အမေစုကို မေးတာတဲ့။ တိုင်းဒေသကြီးက ပြောတာကို မသိချင် ဘူးတဲ့။ အဲဒါမျိုး” ဟု ရှင်းပြသည်။
၎င်းက ဆက်၍ “အမေစုကတော့ ပြည်သူကို ကိုယ်စားပြုစေချင်တယ်။ ဝန်ကြီးတွေ အလုပ်လုပ်စေချင်တယ်။ ဒါကြောင့် ပြောတာ။ ကျနော်တို့ တိုင်းဝန်ကြီးတွေ တရက်မှကို မနားရဘူး။ အမေစုပြောတာလည်း မှန်တယ်။ ဝန်ကြီးတွေ အလုပ်လုပ်တာလည်း မှန်တယ်။ ပြည်သူတွေရဲ့ ဆန္ဒလည်း မှန်တယ်။ ဘာပဲဖြစ်ဖြစ် အမေစုဆိုတော့ အားကိုးတာပေါ့ဗျာ” ဟု ပြောကြားသည်။
ကလေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ)ဒေါ်ရှားမီးက တိုင်းအဆင့်ဝန်ကြီးများသည် ဒေသများသို့ ဆင်း ရာတွင် အားနည်းမှုများ ရှိသော်လည်း တိုင်းတခုလုံး လွှမ်းခြုံနိုင်ရန်မှာလည်း အကျိုးအကြောင်း ရှိနိုင်ကြောင်း၊ သို့သော် ပြည်သူလူ ထုမှာ လွှတ်တော် ကိုယ်စားလှယ်ထက် ဝန်ကြီးချုပ်၊ ဝန်ကြီးများကို ပိုမြင်တွေ့ရန် မျှော်လင့်ကြကြောင်း ပြောသည်။
ဒေါ်အေးအေးမူ (ခ)ဒေါ်ရှားမီးက “ဝန်ကြီးချုပ်၊ ဝန်ကြီးတွေကိုယ်တိုင် ကျမတို့ ကလေးက မြို့တော်ခန်းမမှာ တွေ့ တယ်။ ရွာကြီး ၂ ရွာ ၃ ရွာလောက်မှာ တွေ့ ြ့ပီး ပြည် သူလူထုရဲ့ လိုအပ်ချက်တွေ ဆွေးနွေးတင်ပြနိုင်တဲ့အခါ ဝန်ကြီးချုပ်ရှေ့မှာ ပြောချင်တာတွေ ပြောရတာ ပြည်သူလူထုက ကျေနပ် တယ်” ဟု ပြောသည်။
စစ်ကိုင်းတိုင်း အစိုးရသည် ဒေသများသို့လည်း ကွင်းဆင်းသည် မှန်သော်လည်း သေသေချာချာ နားမ ထောင်သည့် ပြဿနာ ရှိကြောင်း၊ အတိုင်ပင်ခံ ပြောသည့် ဒူးတိုက် ဆွေးနွေးသည် အနေအထားမျိုး မဟုတ်ဘဲ ဒေသရှိ ဖွံ့ ဖြိုးရေး ကိစ္စများအကြောင်းပြု လာရောက်သည့်အခါ လူထုနှင့် တွေ့ဆုံလေ့ ရှိကြောင်း ဝန်းသိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေစိုးအောင်က ပြောသည်။
ဦးနေစိုးအောင် က “သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒေသက ပြောတာတွေကို ဆုံးအောင် ပြောလို့ မရတာတွေတောင် ကြုံဖူးတယ်။ တ ချို့ နေရာတွေမှာ။ ဆုံးအောင် နားမထောင်တာက သူက သိပြီးသားတွေပေါ့ဗျာ။ ဒါမျိုးတွေက ဆိုပြီး ဖြတ်ချလိုက်တာ အများကြီး ပဲ” ဟု ပြောသည်။
မိမိနှင့် နေ့တဓူဝ ထိတွေ့ နေရသည့် ပြည်သူများ၏ ဖွံ့ ဖြိုးတိုးတက်မှုအတွက် လုပ်ရန် တာဝန်သည် ပြည်နယ်နှင့် တိုင်းအစိုးရများ အပေါ်တွင် အင်မတန်မှ ကြီးကြီးမားမား ရှိနေသဖြင့် ယခု ကိစ္စကို မမေ့စေလိုကြောင်း၊ တချု့ိ ပြည်သူလူထု၏ တောင်းဆိုချက်များကို ချက်ချင်း လုပ်မပေးနိုင်သည်မှာ တိုင်းပြည်၏ ဘဏ္ဍာရေး အခက်အခဲကြောင့် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့သည်။
“တချို့ ကိစ္စတွေက ချက်ချင်းလက်ငင်း လုပ်မပေးနိုင်တာက ဘဏ္ဍာရေး အခြေအနေကြောင့်ပါ။ ကျမတို့ စထားတဲ့ လုပ်ငန်းတွေကို တော့ ပြီးစီးအောင် လုပ်ပေးပါ့မယ်။ တခြားသူတွေ စထားတဲ့ လုပ်ငန်းတွေတော့ ပြီးချင်မှ ပြီးပေမယ့် ကိုယ့်စထားတဲ့ လုပ်ငန်းတွေကို ပြီးစီးအောင် လုပ်ပေးမှာပါ”ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ကလေးမြို့ သို့ မရောက်မီ ချင်းပြည်နယ်အတွင်းရှိ ဟားခါး၊ ဖလမ်း၊ ထန်တလန်မြို့ များသို့ သွားရောက်ခဲ့ပြီး ဒေသဖွံ့ ဖြိုးရေး လိုအပ်ချက်များကို ဆောင်ရွက်ပေးခဲ့သလို ပြည်သူလူထုနှင့် တွေ့ဆုံပွဲများလည်း ပြုလုပ်ခဲ့သည်။