သတင်း

နှစ်ကြိမ် ခွဲတက်ရမည့် အဝေးသင် စနစ် အဆင်မပြေလျှင် ပြန်ညှိနှိုင်းမည်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

အဝေးသင် ပညာရေး စနစ်တွင် တနှစ်၂ ကြိမ် သင်ကြားရေး အတွက် အဆင်မပြေမှုများ ရှိလာပါက အကောင်းဆုံး ဖြစ် အောင် ညှိနှိုင်း ဆောင်ရွက်သွားမည် ဟု ပညာရေး ဝန်ကြီး ဌာန ဒု ဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။

ဇန်နဝါရီ ၂၂ ရက်က အမျိုးသား လွှတ်တော် အစည်းအဝေး တက်ရောက်လာစဉ် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေ ကြားခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းမော်ထွန်းက“ဒီလို ဖြစ်ရင် ကောင်းမယ်လို့ သင်ကြားရေးဘက်က သဘောထား ရှိတဲ့အတွက် ဒါဖြင့်လည်း သင် ဆိုပြီး ပြောလိုက်တာ။ အဆင်မပြေမှုတွေ အမှန်တကယ် ရှိနေရင် ပြန်ကြည့်ပေးရမယ်။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးတာ ဆေးအတွက် လေးတာတော့ ဖြစ်လို့ မရဘူးပေါ့။ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးပါ့မယ်”ဟု ဆိုသည်။

လက်ရှိ အဝေးသင် ပညာရေးနှင့် ပတ်သက်သော ကိစ္စရပ်များ အားလုံးကို မန္တလေး အဝေးသင် တက္ကသိုလ် (အထက် မြန် မာပြည်) နှင့် ရန်ကုန် အဝေးသင် တက္ကသိုလ် (အောက်မြန်မာပြည်) တို့၏ စီမံခန့်ခွဲမှုမှ တဆင့် နိုင်ငံတဝန်း ဖွင့်လှစ်ထား သော ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ၄၀ ကျော် တို့တွင် ဌာနခွဲများ ဖွင့်လှစ်ကာ သင်ကြားပေးနေခြင်း ဖြစ်သည်။

အဝေးသင် ပညာရေးနှင့် ဆိုင်သော ကျောင်းအပ်နှံခြင်းမှ စာမေးပွဲ စစ်ဆေးခြင်း အထိ စီမံခန့်ခွဲမှုများကို နိုင်ငံတဝန်းရှိ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များကို လွှဲပြောင်း လုပ်ဆောင် ခွင့်ပြုရန်နှင့် အဝေးသင် ကျောင်းသားများ စာမေးပွဲ မကျင်းပမီ အနီးကပ် သင်တန်း အဖြစ် ၁၀ ရက် သင်ကြားပေးသည့် စနစ်မှ လာမည့် မေလ၌ ဘာသာရပ်များကို မိတ်ဆက် ရှင်းလင်း မည့် ၅ ရက် သင်တန်း တကြိမ်၊ စာမေးပွဲ ဖြေဆိုမည့် ကာလ ဖြစ်သော အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် ၅ ရက် အနီးကပ် သင်တန်း တကြိမ် ဟူ၍ နှစ်ကြိမ် ခွဲ ပို့ချရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီး ဌာနက သိရသည်။

ယခင်က အဝေးသင် ကျောင်းသားများ တနှစ်ကို စာမေးပွဲ မဖြေခင် အနီးကပ် သင်တန်း ၁၀ ရက် တက်ရောက်ရာမှ ပညာ သင် အခွင့်အလမ်း ပိုမိုတတ်မြောက်နိုင်ရန် အတွက်၂ ကြိမ်ခွဲ၍ တက်ရောက်ရန် ပြောင်းလဲ စီစဉ် လိုက်ခြင်း ဖြစ်သော် လည်း အလုပ်လုပ်နေသည့် ကျောင်းသားများ အတွက် အဆင်မပြေမှုများ ရှိနေသည်ကို ကြားသိရသဖြင့် ပြန်လည် စဉ်းစား ရမည် ဖြစ်ကြောင်း ဒု ဝန်ကြီးက ပြောသည်။

ဦးဝင်းမော်ထွန်း က“အလုပ် လုပ်နေတဲ့ ကလေးတွေ ခွင့်၂ ခါယူရမယ်။ အဆောင် ၂ ခါ ခွဲရမယ်။ ထမင်းဖိုး ၂ ခါ ပေးရမယ် စသဖြင့် အခက်အခဲ အများကြီး ကျနော်တို့ ကြားရပါတယ်။ ရည်ရွယ်ချက်က ပညာသင်တာ ပိုထိရောက်အောင် ဆောင် ရွက်တာ၊ မထိရောက်ဘူး ဆိုရင်တော့ ပြန်စဉ်းစားရမှာပေါ့။ သက်ဆိုင်ရာ တက္ကသိုလ်က ပါမောက္ခတွေ၊ ပါမောက္ခချုပ်တွေနဲ့ ပညာ သင်ကြားမယ့် ကျောင်းသားတွေ အသံ နားထောင်၊ ညှိနှိုင်းပြီးရင် တရားဝင် ပြန်ပြောပေးပါမယ်”ဟု ပြောသည်။

အဝေးသင် တက္ကသိုလ် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ သင်ခန်းစာများကို လေ့လာ သင်ယူရာတွင် ပိုမို အဆင်ပြေစေရန် အတွက် သင်ယူမှု စနစ် ပိုမိုတိုးတက်မှု ရှိစေရန် ရည်ရွယ်ကာ အနီးကပ် သင်တန်းကို စာသင်နှစ် တနှစ်လျှင် ငါးရက်စီ နှစ်ကြိမ်ခွဲ ပို့ချပေးရန် စီစဉ်နေကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ တက္ကသိုလ် ပညာရေးစနစ်မှာ Day (နေ့ကျောင်း) နှင့် Distance (အဝေးသင်) ဟူ၍ စနစ် ၂ မျိုးဖြင့် သင်ကြား နေခြင်း ဖြစ်ပြီး နေ့ကျောင်း တက်သူ ဦးရေထက် အဝေးသင် တက်သူ ဦးရေမှာ ပိုများကာ အဝေးသင် တက် သည့် ကျောင်းသား အများစုမှာ လုပ်ငန်းခွင် ဝင်ရောက်နေသူများ ဖြစ်သည်။

တောင်ငူ တက္ကသိုလ်၌ တတိယနှစ် မြန်မာစာ တက်နေပြီး ဖုန်းအရောင်းဆိုင်၌ လုပ်ကိုင်နေသူ မသက်ဝေဇင်က“အစ သတင်းထွက် လာတာက အနီးကပ်ကို ၂ ခါ ခွဲတက်ရမယ်ဆိုတော့ အလုပ်ကနေ ၂ ခါ ခွင့်ယူရမလို ဖြစ်နေတာ။ ၁ ခါ ခွင့် ယူဖို့တောင် သိပ်အဆင်ပြေလှတာ မဟုတ်ဘူး ဆိုတော့ အရင်အတိုင်းစနစ်ပဲ ကြိုက်ပါတယ်”ဟု ပြောဆိုသည်။

နှစ်ကြိမ်ခွဲ တက်ရမည့် အဝေးသင် ပညာရေး စနစ်တွင် အဆင်မပြေလှသည့် ကျောင်းသားများလည်း ရှိနေသလို အနီးကပ် သင်ကြားရက်ကို ပို၍တိုးကာ သင်ကြားမည့် စနစ်ကို တောင်းဆိုနေသည့် ကျောင်းသားများလည်း ရှိနေသည်ဟု ဆိုသည်။

မန္တလေး အဝေးသင် တက္ကသိုလ်တွင် တတိယနှစ် ဥပဒေဘာသာဖြင့် တက်ရောက်နေသူ ကိုနေလင်းဦးကလည်း “ကျနော် ကတော့ အနီးကပ် ၁၀ ရက်ကို အခုလို ပြောင်းမယ့် အစား၊ ကျောင်းမှာ သင်တန်းပေးတဲ့ ရက် ပိုပေးစေချင်တယ်။ ကျောင်းမှာသာ အနီးကပ်ရက်ကို ဒီထက်ပိုပေးရင် ကျောင်းသားတွေလည်း တနေရာတည်းမှာ စုစုစည်းစည်းနဲ့ စာသင်လို့ ရသလို၊ ကျူရှင်ခ လည်း အများကြီး သက်သာမယ်”ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဝိဇ္ဇာ ၊ သိပ္ပံ တက္ကသိုလ် ၄၀ ကျော်တွင် အဝေးသင် ကျောင်းသားများကို လက်ခံ သင်ကြားပေး နေပြီး၂၀၁၈ ခုနှစ် စာရင်း အရ အဝေးသင် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၅ သိန်းခွဲခန့် ရှိကြောင်း ပညာရေး ဝန်ကြီးဌာန က သိရသည်။

ဆက်စပ် ဖတ်ရှုရန်အဝေးသင် ပညာရေးကို ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်များသို့ လွှဲမည်

Did you find apk for android? You can find new Free Android Games and apps.
Loading