ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းရှိ တာလုံကျေးရွာအနီးတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါဒေသသည် SSPP လှုပ်ရှားနေသည့် ဧရိယာဖြစ်ပြီး ယနေ့မွန်းလွဲပိုင်းတွင် အင်အား ၂၀၀ ဝန်းကျင်ရှိ RCSS တပ်များက ၆၀ မမ လက်နက်ကြီးများကိုပါ အသုံးပြုပြီး အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း SSPP မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းသန်းအောင် က ပြောသည်။
ဗိုလ်မှူး စိုင်းသန်းအောင် က “တိုက်ပွဲကတော့ သူ (RCSS) တို့ ချေမှုန်းရေးပုံစံနဲ့ ထိုးစစ်ဆင်တာ တိုက်ပွဲတော့ တော်တော် ပြင်းတယ်။ လက်နက်ကြီးက သူတို့ သုံးတာက ၆၀ မမတွေပါတယ်။ ကျနော်တို့ဘက်ကတော့ M-79 လောက်ပဲ သုံးပါတယ်။ ဒါပေမယ့် သူတို့ ထိုးစစ်ဆင်တဲ့ အပေါ် မူတည်တာပေါ့လေ၊ ထိုးစစ်ဆင်နေတာဆိုရင်တော့ ဒီထက်ကြီးတဲ့ လက်နက်တော့ သုံးမှာပါ”ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် SSPP ဘက်မှ ပြောဆိုချက်များကို အတည်ပြုနိုင်ရန် အတွက် RCSS ပြောခွင့်ရ ပုဂ္ဂိုလ်များထံ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း တုန့်ပြန်ဖြေဆိုခြင်း မရှိသဖြင့် အတည်ပြုချက် မရရှိခဲ့ပါ။
သီပေါမြို့နယ်ရှိ နယ်စည်းမခြား ပရဟိတအဖွဲ့မှ ကိုမျိုး က “ခုဏကတော့ သူတို့ အဲမှာတော့ အသံတွေ ကြားနေ ရတယ်၊ ဘယ်နေရာဖြစ်တယ်ဆိုတာတော့ ကျနော်တို့ အတိအကျမသိဘူး၊ အသံတွေ ကြားတော့ ကြားနေရတယ်၊ ဒါပေမယ့် ကျနော်တို့နဲ့ နည်းနည်းလေး လှမ်းနေတယ်” ဟု ပြောသည်။
ယခု ဖြစ်ပွားနေသော တိုက်ပွဲကြောင့် တာလုံကျေးရွာမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်မှုများ မရှိကြောင်း၊ တချို့မှာ ဆွေမျိုးသားချင်း အိမ်များသို့ သွားရောက်သူ အနည်းငယ်တော့ ရှိကြောင်း ၎င်းက ဆိုသည်။
ဗိုလ်မှူး စိုင်းသန်းအောင် က “အဲနားမှာ သူတို့ တပ်လည်း တပ်စွဲထား တာ လည်းမရှိဘူး၊ ကျနော်တို့ တပ် လည်း တပ်စွဲထားတာ မရှိဘူး၊ ဒါပေမယ့် အဲတာလုံရွာက ကျနော်တို့ အုပ်ချုပ်ရေး နယ်မြေဖြစ်နေတယ်။ ကျနော်တို့ အုပ်ချုပ်ရေးမြို့နယ် ၂၅ မြို့နယ် ထဲမှာ ပါတယ်” ဟု ပြောသည်။
တပ်မတော်ကတော့ အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် အတွက်ဟု ဆိုကာ ယခင်နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က ၄ လတာ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။
ထိုကြေညာချက်တွင် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ပြည်သူများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး အတွက် လေးစားလိုက်နာရန် လိုအပ်ကြောင်း သတိပေးထားသည်။
ရှမ်းလက်နက်ကိုင် ၂ ဖွဲ့အကြား ယနေ့ဖြစ်ပွားခဲ့သော တိုက်ပွဲကို သေသေချာချာ မသိရသေးသော်လည်း RCSS နှင့် PNLO တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများကို ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးနေကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း “အခု သူတို့ဖြစ်တာ ငြိမ်းချမ်းရေးကော်မရှင်ဘက်ကနေ တက် မလာသေးဘူး။ NRPC တို့ ဘာတို့ ဘက်က တက်မလာသေးဘူး” ဟု ပြောသည်။
RCSS သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး SSPP သည် NCA ထိုးနိုင်ရေး အစိုးရဖြင့် ဆွေးနွေး ညှိနှိုင်းနေသော လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။