ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုသော တော်ဝင် ဒီကရီအမိန့်ကို မကြာမီထုတ်ပြန်မည်ဟု ဝန်ကြီး ချုပ် ပရာယွဒ် ချန်အိုချာက ပြောဆိုမှုကို တော်ဝင် ဂေဇက်တီးယား တွင် ရေးသားဖော်ပြထားသည်ဟု Bangkok Post သတင်းက ဆိုသည်။
ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက “ဒီတော်ဝင်အမိန့်ဒီကရီကို မကြာခင်ထုတ်ပြန်တော့မယ်။ ကျေးဇူးပြု၍ စိတ်ရှည်ရှည် ထားပေးကြပါ”ဟု ပြောသည်။
မူလက အထွေထွေ ရွေးကောက်ပွဲကို လာမည့် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ကျင်းပမည်ဟု ယူဆ၍ အထက်ပါ တော်ဝင် အမိန့်ဒီကရီကို ယခုလ ၂ရက်နေ့က ထုတ်ပြန်မည်ဟု အများက မျှော်လင်ခဲ့သော် လည်း ထုတ်ပြန်ခြင်း မရှိသည့်အတွက် ထိုင်းပြည်သူများ အကြား သို့လော သို့လော ပြောဆိုမှုများ ရှိခဲ့သည်။
သတင်းရင်းမြစ်တခုကမူ ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုသည့် တော်ဝင်အမိန့် ဒီကရီ မထုတ် ပြန်နိုင်ပါက ရွေး ကောက်ပွဲ ကော်မရှင် အနေဖြင့် မဲပေးမည့် နေ့ရက်ကို သတ်မှတ်နိုင်ခြင်း မရှိသည့် အတွက် ယင်းကော်မရှင် မှာ ရက်သတ်မှတ်ရေးနှင့် ပတ်သက်၍ ကြီးမားသော ဖိအားအောက်တွင် ကျရောက်နေသည်ဟု ထင်ကြောင်း တနင်္လာနေ့က ပြောသည်။
အကယ်၍ တော်ဝင် အမိန့်ဒီကရီကို လာမည့် ကြာသပတေးနေ့အထိ ကြေညာခြင်းမရှိလျှင် “ရွေးကောက်ပွဲ လိုလားသည့် ပြည်သူများ” အမည်ရှိ အဖွဲ့က နောက်တကြိမ် လူထုအစည်းအဝေးတခု ကို စနေနေ့တွင် ကျင်းပရန် စီစဉ်ထားသည်။
ပြီးခဲ့သည့်သောကြာနေ့ ကလည်း တော်ဝင်အမိန့်ဒီကရီကို ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိ၍ ထိုအဖွဲ့သည် စနေနေ့တွင် သမာဆတ်တက္ကသိုလ်ဝင်း အတွင်း၌ စုဝေးခဲ့သေးသည်။
“ရွေးကောက်ပွဲ မတိုင်မီ ညီညွတ်ရေး” ဟု သူတို့ဖာသာ သူတို့ခေါ်သော တန်ပြန်ဆန္ဒပြရေး အဖွဲ့က လည်း ထိုနေ့မှာပင် ဒီမိုကရေစီ ကျောက်တိုင်အနီး တန်ပြန်ဆန္ဒထုတ်ဖော်ထုတ်ပြီး “တိုင်းပြည်၌ နိုင်ငံရေးခိုက်ရန် ဖြစ်ပွားမှုတွေ တော် လောက်ပြီ ”ဟု ကြွေးကြော်ကာ ရွေးကောက်ပွဲ တောင်းဆို သောလှုပ်ရှားမှုများ ရပ်တန့်ရန် တောင်းဆိုခဲ့သည်။
အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကောင်စီ(NCPO)သည် မည်သည့် အကြမ်းဖက်မှု ကို မဆို တားဆီးရန် နိုင်ငံရေးလှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်သွားမည်ဟု ၎င်းကောင်စီပြော ခွင့်ရ အမျိုးသမီး ဗိုလ်မှူးကြီး စရိချန်နာသောင်က ပြောကြားသည်။
ပါတီများ သာမက ပါတီဝင်များပါ အမိန့်အတိုင်း လိုက်နာလုပ်ဆောင်ရန် လုံခြုံရေးအရာရှိများက တာဝန်ယူရေး NCPO ကောင်စီ အထွေထွေအတွင်းရေးမှူး ကြည်းတပ်ဦးစီးချုပ် အပီရတ် ကွန်စွမ် ပေါင်ထံမှ ညွှန်ကြား ချက်ရရှိထားကြောင်း သူမက ဆက်လက်ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ တော်ဝင်အမိန့်ဒီကရီကို မကြာမီ ထုတ်ပြန်မည်ဟု ကြည်းတပ် ဦးစီးချုပ်က ယုံကြည် ထားကြောင်း ဗိုလ်မှူးကြီးစရိချန်က ဆိုသည်။
အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူုး ဗိုလ်ချုပ်ကြီး ဝမ်လော့ရက်စနော့က ယခုဆန္ဒပြနေသော နှစ်ဖွဲ့ လုံးသည် အကြမ်းဖက်မည့် အသွင်သို့ ကူးပြောင်းမြင့်တက်မည့် အသွင်မရှိဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ သည်။
အဆိုပါဆန္ဒပြနှစ်ဖွဲ့သည် ၎င်းတို့နိုင်ငံရေးရပ်တည်ချက်များကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိသော်လည်း ထိုရပ်တည်ချက် များသည် အကြမ်းဖက်ခြင်း ကင်းရှင်းရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးက ဆက်လက်ပြောကြားသည်။
“အကြမ်းဖက်မှု မပါဘဲနဲ့ သဘာထားတွေကို ထုတ်ဖော်ပါလို့ ပါတီအားလုံးကို ကျနော် တိုက်တွန်းချင်ပါတယ်။ တကယ်လို့ တခုခုဖြစ်ခဲ့ရင် ကမောက်ကမနဲ့ ရွေးကောက်ပွဲအတွက် အလားအလာကောင်းမှာ မဟုတ်ပါဘူး” ဟု သူက ပြောသည်။
ထောက်လှမ်းရေးအာဏာပိုင်များအနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုအစီအစဉ်များကို သတင်းစုဆောင်း လျက်ရှိရာ အဆိုပါ ဆန္ဒပြ အုပ်စု နှစ်ခုသာမကဘဲ ပါတီများကိုလည်း စုံစမ်းနေကြောင်း၊ ယခုအချိန် အထိ အကြမ်းဖက်မှုအသွင်မျိုး ဆောင် လာနိုင်ခြေမရှိကြောင်း ဗိုလ်ချုပ်ကြီး ဝမ်လော့၏ အဆိုအရ သိရသည်။