အပစ်အခတ်ရပ်စဲရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တပ်မတော်၊ အစိုးရတို့ အကြား ယုံကြည်မှု တည်ဆောက်ရန် မကြာခဏတွေ့ဆုံ ဆွေးနွေးမှုများရှိရန် လိုအပ်သည်ဟု KIA ဘက်မှ ပြောသည်။
KIA ၏သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က “ယုံကြည်မှု တည်ဆောက်တာကတော့ အရေးကြီးဆုံးပါ။ အရေးကြီးဆုံးဆိုတဲ့ အရာကို ရရှိဖို့ ကတော့ ခဏခဏ တွေ့မှ ဖြစ်မယ်ထင်တယ်။ ခဏခဏ တွေ့ဆုံဆွေးနွေးမှ ဖြစ်မယ်။ မဟုတ်ရင်တော့ အချင်းချင်း ယုံကြည်မှု ရရှိဖို့ ဆိုတာ အခက်အခဲ ရှိပါတယ်”ဟု ဧရာဝတီကို ပြောသည် ။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ၄ လတာ အပစ်ရပ်ထားသည့် ကာလတွင် ပဏာမအပစ်ရပ်စာချုပ် တခုချုပ်ရန် KIA နှင့်အစိုးရကြား ဆောင်ရွက်နေပြီး ဇန်နဝါရီလ ၂၁ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် KIA မှ ထိပ်သီးခေါင်းဆောင်များနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဘက်မှ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံမှုမှာ အလွတ်သဘောတွေ့ဆုံခြင်း ဖြစ်ပြီး အပစ်ရပ်ဆိုင်းထားသည့် ကာလအတွင်း PC ဘက်မှ ဆောင်ရွက်မည့် အခြေအနေများကို မေးမြန်းခြင်းသာ ဖြစ်ပြီး တပ်မတော်၏ အပစ်ရပ်ကြေငြာချက်တွင် NRPC နှင့် ညှိနှိုင်းပါဟု ပါရှိသဖြင့် သွားတွေ့ဆုံခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူက “ခဏခဏ တွေ့ဆုံပြီးမှ တဖက်နဲ့ တဖက် တဖွဲ့နဲ့ တဖွဲ့ လိုလားချက်တွေကို ဆွေးနွေးကြ ရင်တော့ တဖြည်းဖြည်းနဲ့ ယုံကြည်မှုက တည်ဆောက်လို့ ရမှာပါ ”ဟုလည်း ပြောသည်။
နှစ်ဖက်တပ်များ တွေ့ဆုံဆွေးနွေးရေး ပြန်လည်ပေါ်ပေါက်လာစေရန် တပ်မတော်ဘက်မှ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်နှင့် KIA ဘက်မှ ထိပ်သီးခေါင်းဆောင်များအကြား ကြားဝင်ညှိနှိုင်းပေးမှုများ ပြုလုပ်ပေး ထားသည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) မှ ဦးဆန်အောင်က တပ်မတော်နှင့် KIA ကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးမှာ အရေးကြီးသည်ဟု ပြောသည်။
ဦးဆန်အောင် က “အရင်တုန်းကတော့ ယုံကြည်မှု အတိုင်းအတာ တခုထိ ရောက်ပြီးမှ NCA ဆွေးနွေးတဲ့ အချိန်ထိ ဖြစ်သွားတယ်။ ၂၀၁၆ ဒီဘက်ကျတော့ ယုံကြည်မှုတွေ ပျက်သွားတော့ ယုံကြည်မှု ပြန်တည်ဆောက်ရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်”ဟု ဆိုသည်။
အပစ်ရပ်ဆိုင်းထားသည့် ၄ လတာ ကာလအတွင်း တပ်မတော်နှင့် KIA တို့အကြား ပစ်ခတ်မှုများ ပြန်မဖြစ်ရန် အရေးကြီးသဖြင့် ရှေ့တန်းနယ်မြေများတွင် တပ်မတော်၏သွားလာမှုများ၊ ရိက္ခာသယ်ယူမှုများကိုပင် အထင်မလွဲစေရန် PCG က KIA တပ်များကို သတင်းပေးပို့ကာ နှစ်ဖက်တပ်များ နားလည်မှုရစေရန် ဆောင်ရွက်ပေးနေသည်ဟု ဦးဆန်အောင်က ပြောသည်။
KIA က ပဏာမအပစ်ရပ်စာချုပ်ကိစ္စ ဆွေးနွေးရာတွင် အပစ်ရပ်ရေးကိစ္စများအပြင် စစ်ဘေးရှောင်ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အတွက် သဘောတူညီချက်များ ရရန်လည်း အဓိက ဆွေးနွေးသွားမည်ဟု ဦးဆန်အောင်က ပြောသည် ။
ဧရာဝတီမှ ရရှိထားသည့် သတင်းအချက်အလက်များအရ ဗိုလ်ချုပ်ဂွန်မော် ဦးဆောင်သည့် KIA အဖွဲ့ ကိုယ်စားလှယ်များ၊ NRPC ဘက်မှ အတွင်းရေးမှူးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ဒုဝန်ကြီး ဦးခင်မောင်တင်နှင့် အဖွဲ့ဝင်များ ဇန်နဝါရီလ ၂၁ ရက်က တွေ့ဆုံရာတွင် KIA ဘက်မှ အပစ်ရပ်ဆိုင်းထားသည့် ၄ လတာ ကာလအတွင်း အစိုးရဘက်မှ ဆောင်ရွက်မည့် အစီအစဉ်များကို မေးမြန်းသည်ဟု သိရသည်။
ထို့ပြင် KIA က အစိုးရနှင့်ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ၎င်း၏မဟာမိတ်များ ဖြစ်သည့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ၊ ရက္ခိုင့်တပ်မတော် (ULA/AA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ( MNTJP/ MNDAA) တို့နှင့်အတူတကွ ဆွေးနွေးလိုကြောင်း မေတ္တာရပ်ခံသည်ဟု ပြောဆိုထားသည်။
KIA အနေဖြင့် ဝ ၊ မိုင်းလား တို့နှင့် မဟာမိတ်ဖွဲ့ထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေး ကော်မတီ (FPNCC) အနေဖြင့် ရပ်တည်ထားပြီး FPNCC ထဲတွင် ၎င်းတို့ ၄ဖွဲ့သာ ပဏာမအပစ်ရပ်စာချုပ် လက်မှတ်ထိုး ရန် ကျန်နေသဖြင့် ၄ဖွဲ့ အတူတကွ ဆွေးနွေးလိုခြင်း ဖြစ်သည်ဟု သိရသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးမှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ယုံကြည်မှုအတိုင်းအတာကတော့ လက်တွေ့ ဖြစ်နေတာကိုပဲ ကြည့်ရမယ်။ ၂၁ ရက်နေ့ ထုတ်ပြန်ပြီးကတည်းက မြောက်ပိုင်းမှာ ဘာတိုက်ပွဲဖြစ်တာ မရှိဘူး။ အဲ့လောက်ဆို ယုံကြည်မှု အတိုင်းအတာကို မှန်းလို့ ရပါတယ်။ မှန်းကြည့်ရင် သိနိုင်ပါတယ်”ဟု ပြောသည်။
KIA နှင့် တပ်မတော်ကြား ၁၇ နှစ် အပစ်ရပ်ထားစဉ်က နယ်မြေသတ်မှတ်ချက်များ သဘောတူညီချက်များ ရှိပြီး ထိုသဘောတူညီချက်များအတိုင်း မချိုးဖောက်ဘဲ ဆက်လက်လိုက်နာရန် ပထမ အရေးကြီးပြီး ဒုတိယအနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးရန် လိုသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
KIA သည် FPNCC အဖွဲ့ဝင်အဖြစ် ရပ်တည်ထားပြီး FPNCC အဖွဲ့ဝင်များက ပဏာမအပစ်ရပ်စာချုပ် ထိုးရန် သဘောတူကြသော်လည်း NCA ကို ငြင်းဆိုထားကြသည်။
FPNCC က အပစ်ရပ်စာချုပ်သစ်တခုကို အစိုးရ၊ တပ်မတော်တို့နှင့် ဆွေးနွေးလိုသည်ဟု ကြေငြာထားသည်။