သတင်း

ဖမ်းမိထားသည့် ဘင်္ဂါလီများအား လ.ဝ.က ဥပဒေဖြင့်တရားစွဲတင်

Want create site? Find Free WordPress Themes and plugins.

မလေးရှားသွားမည်ဟုဆိုကာ ရခိုင်ပြည်နယ်မှ ထွက်လာသည့် ဘင်္ဂါလီ ၁၅ ဦးပါတဖွဲ့နှင့် ၁၂ ဦးပါတဖွဲ့တို့အား ဆက်တိုက် ဖမ်းမိပြီးနောက် လ.ဝ.က ဥပဒေဖြင့် သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ကာ တရားစွဲတင် ထားကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၃၄ အနီးတွင် ဇန်နဝါရီ ၁၉ ရက်နေ့နေ့လည်ပိုင်းက လမ်းဘေးထိုးကျနေသည့် စူပါကာစတန်ကားပေါ်တွင် ဘင်္ဂါလီ ၁၂ ဦးအား ဖမ်းမိခဲ့ပြီးနောက် ဇန်နဝါရီ ၂၀ ရက်မနက် အစောပိုင်းတွင် မင်းတုန်း-သရက်လမ်းပေါ်၌ ဘင်္ဂါလီ ၁၅ ဦးအား ထပ်မံဖမ်းမိခဲ့ခြင်းဖြစ်သည်။

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ ရဲမှူးဇာနည်မောင် က “စစ်ဆေးချက်တွေအရ သူတို့က ရန်ကုန်သွားမယ်၊ အဲ့ကနေ မြဝတီ ဆက်သွားပြီး မလေးရှား သွားမယ်ပြောတယ်” ဟု ဧရာဝတီသို့ပြောသည်။

အမြန်းလမ်းတွင် ဖမ်းမိသည့် ဘင်္ဂါလီ ၁၂ ဦးအား ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်နေ ခင်မောင်ဝင်းဆိုသူက မောင်းနှင်ကာ ခေါ်ဆောင်လာခြင်းဖြစ်ပြီး ၎င်းအား အမြန်လမ်း၊ ဗောဓိကုန်းရဲစခန်းတွင်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ဖမ်းထားသူ ၁၂ ဦး(ကျား ၁၀ ဦး၊ မ ၂ ဦး)တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပိုက်သေကျေးရွာမှ ၅ ဦးပါဝင်ပြီး ကျောက်တော်မြို့နယ်၊ သံတောင်းကျေးရွာမှ ၇ ဦးဖြစ်ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် ရခိုင်ပြည်နယ်မှ ပဒံ-မလွန်တံတား၊ ကံပြား-နေပြည်တော်တို့ကိုဖြတ်ကာ အမြန်လမ်းပေါ်တက် လာခြင်းဖြစ်ပြီး ယာဉ်မောင်း အိပ်ငိုက်ကာ လမ်းဘေးထိုးကျခဲ့ရာမှ ဖမ်မိခြင်းဖြစ်ကြောင်းလည်း အမြန်လမ်း ရဲတပ်ဖွဲ့ထံက သိရသည်။

အမြန်လမ်းတွင် ဖမ်းမိထားသူများ / မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

မကွေးတိုင်းဒေသကြီး မင်းတုန်း-သရက်လမ်းပေါ်တွင် ပူးပေါင်းအဖွဲ့များမှ ပိတ်ဆို့စစ်ဆေးစဉ် မင်္သကာဖွယ် ယာဉ် နှစ်စီးအား ဖမ်းမိပြီးနောက် စစ်ဆေးရာမှ အလယ်ချောင်း နယ်မြေရဲစခန်းနှင့် တမိုင်ခန့်အကွာ လျှိုအတွင်း ဝှက်ထားခဲ့သည့် အထောက် အထားမဲ့သူ မောင်မောင်သန်း အပါအဝင် ဘင်္ဂါလီ ၁၅ ဦးအား ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မင်းတုန်းမြို့မရဲစခန်းကပြောသည်။

ယင်း ၁၅ ဦးတွင် စစ်တွေမြို့နယ်မှ ၅ ဦးနှင့် ကျောက်တော်မြို့နယ်မှ ၁၀ ဦးဖြစ်ကြောင်းသိရပြီး ၎င်းတို့အားခေါ်ဆောင်လာသည့် ရန်ကုန်မြို့နေ မွတ်စလင် ၆ ဦးအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ ဖြင့် ကနဦးအမှုဖွင့်ကာ စစ်ဆေးလျှက်ရှိကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။

အလယ်ချောင်း နယ်မြေရဲစခန်းမှူး ရဲအုပ်အေးကို က “ဖမ်းမိတဲ့ ဘင်္ဂါလီ ၁၅ ဦးကို ဒီနေ့ပဲ မင်းတုန်းတရားရုံးမှာ တရားစွဲတင်ခဲ့ပြီး ဆက်လက် ချုပ်နှောင်ထားတယ်၊ သူတို့ကိုခေါ်လာတဲ့ ၆ ဦးကိုတော့ စခန်းမှာ ဆက်စစ်နေတုန်းပဲ” ဟု ပြောသည်။

မင်းတုန်းတွင်ဖမ်းမိသူအချို့မှာ ရန်ကုန်မှတဆင့် မလေးရှား၊ ထိုင်းတို့ကို ဆက်လက် သွားရောက်မည် ဖြစ်ကြောင်း သိရသော်လည်း အမြန်လမ်းတွင် ဖမ်းမိသည့်အဖွဲ့နှင့် ဆက်စပ်မှုရှိမရှိအား အတည်ပြုပြောနိုင်ခြင်းမရှိသေးကြောင်း ရဲတပ်ဖွဲ့ဝင်များကပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း တရုတ်နိုင်ငံ၊ ရွှေလီသို့သွားရောက်မည့် ဘင်္ဂါလီ ၁၅ ဦးအား လိုက်ပါ ပို့ဆောင်သူနှစ် ဦးနှင့်အတူ ရှမ်းပြည်နယ်၊ နောင်ချို့မြို့အနီးတိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်။

စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာတွင် နေထိုင်သည့် ၎င်းတို့အနေဖြင့် ဒီဇင်လာ ၈ ရက်နေ့တွင်လူစုကာ စက်လှေဖြင့် ရန်ကုန်မြို့သို့ ရေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ၁၀ ရက်နေ့တွင်ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး ယင်းနေ့ညပိုင်းတွင် ၃ ဖွဲ့ခွဲကာ မူဆယ်သို့ထွက်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ထားသည်။

နိုဝင်ဘာလအတွင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ဖမ်းမိသည့် ဘင်္ဂါလီ ၁၀၅ ဦးနှင့် တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံမြို့နယ်တွင်ဖမ်းမိသည့် ဘင်္ဂါလီ ၉၃ ဦးတို့အား စစ်ဆေးမှုများပြလုပ်ပြီးနောက် တပ်မတော်ရေယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ ပြန်ပို့ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading