သတင်း

ရန်ကုန်မြို့လယ် လမ်း ၂ ခု လူ့အခွင့်အရေး နောက်ဖေးလမ်းကြား အဖြစ် ပုံဖော်မည်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့လယ်ရှိ နောက်ဖေး လမ်းကြား နှစ်ခုကို လူ့အခွင့်အရေးနှင့် ပတ်သက်၍ အသိပညာပေးရာ နေရာ တခု အဖြစ် ဖန်တီး ပုံဖော်သွားမည် ဖြစ်ကြောင်း ပန်းဘဲတန်း လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဧရာဝတီသို့ ပြောသည်။

လူ့အခွင့်အရေး နောက်ဖေးလမ်းကြား အဖြစ် ပုံဖော်မည့် နေရာများမှာ ပန်းဘဲတန်း မြို့နယ် ၉ ရပ်ကွက်ရှိ ၃၁ -၃၂ လမ်း (အောက်ဘလောက်)ရှိ နောက်ဖေးလမ်းကြားနှင့် ဗိုလ်ဆွန်ပတ်လမ်း နောက်ဖေးလမ်းကြား တို့တွင် ဖြစ်ပြီး ယခုနှစ် ဧပြီလ တွင် အပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးသန်းနိုင်ဦး က “ကျနော်တို့ နိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ကျနော်တို့ ပါတီရဲ့ မူဝါဒထဲမှာလည်း ကိုယ့် နိုင်ငံက ဒီမိုကရေစီ အရေးနဲ့ လူ့အခွင့်အရေး ရအောင် ရည်မှန်းချက် ထားတာ ဖြစ်တဲ့ အတွက် ဒီလမ်းကြားကို လူ့အခွင့် အရေး နောက်ဖေးလမ်းကြား ဆိုပြီး ပုံဖော်ဖို့ စီစဉ် ထားပါတယ်” ဟု ဆိုသည်။

အဆိုပါ နောက်ဖေးလမ်းကြားတို့၌ လူ့အခွင့်အရေးနှင့် ဆိုင်သည့် နိုင်ငံတကာမှ အထိမ်းအမှတ် လက္ခဏာများ၊ လူ့အခွင့် အရေးတွင် ထင်ရှားသူများ၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး အတွက် တိုက်ပွဲဝင်ခဲ့သူများ၏ ပုံရိပ်များနှင့် ပုံဖော် ခြယ်သ သွားမည် ဖြစ်ကြောင်း သိရသည်။

လူ့အခွင့်အရေး နောက်ဖေးလမ်းကြား အဖြစ် ပုံဖော်မည့် ၃၁ နှင့် ၃၂ လမ်း(ဓာတ်ပုံ-သဇင်လှိုင်/ဓာတ်ပုံ)

၃၁ လမ်းတွင် နေထိုင်သည့် ဦးအောင်ထွန်းက “နောက်ဖေးလမ်းကြား ဖွံ့ဖြိုးမှု ဆိုတာ ကျနော်တို့ ရပ်ကွက်နေ ပြည်သူ လူထုရဲ့ လူနေမှု အဆင့်အတန်း မြှင့်တင်ခြင်းပဲ ဖြစ်ပါတယ်။ ပြည်သူ လူထုနဲ့ လွှတ်တော် ကိုယ်စားလှယ် ပူးပေါင်းပြီး ဆောင်ရွက်ဖို့ ဆန္ဒ ရှိပါတယ်” ဟု ပြောသည်။

မြေဈေး ကြီးမြင့်မှုကြောင့် အများပြည်သူများနှင့် သက်ဆိုင်သည့် အပန်းဖြေ နေရာ ရှားပါး နေပြီဖြစ်သော ရန်ကုန် မြို့လယ် ကောင်ရှိ နောက်ဖေးလမ်းကြား စီမံချက်များသည် သန့်ရှင်းရေး အတွက် သာမက အများပြည်သူ အပန်းဖြေနေရာများ ပါ ပေါ်ထွက်လာမည် ဖြစ်ကြောင်း ဦးသန်းနိုင်ဦး က ဆိုသည်။

“ကျနော်တို့ ဆောင်ရွက်တဲ့ နောက်ဖေးလမ်းကြားတွေက ပေါ်ပင် လုပ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ရန်ကုန်ဟာ မြေဈေး အင် မတန် ကြီးပါတယ်။ ကျနော်တို့ တာဝန်ယူတဲ့ ၅ နှစ်တာ ကာလမှာ ဆိုးရွားနေတဲ့ နောက်ဖေးမှာ အမှိုက်ပုံတွေ ဖြစ်နေတဲ့ အနေအထားကို public space တွေ အဖြစ် ပြန်ရအောင်၊ အနားယူချင်စရာ ကောင်းတဲ့ နေရာဖြစ်အောင် ကလေး သူငယ် တွေ ဆော့တဲ့ နေရာ ဖြစ်အောင် ပြန်ဖော်ထုတ်တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့လယ်ကောင်ရှိ အပန်းဖြေ နေရာ နောက်ဖေးလမ်းကြားများ ပြုပြင် တည်ဆောက်ခြင်း၊ အဆင့်မြှင့်ခြင်းကို ၂၀၁၇ ခုနှစ်မှ စတင်ခဲ့ပြီး ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင် စသည့် မြို့နယ် တို့ရှိ လမ်းကြား အချို့တွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ရန်ကုန် နောက်ဖေးလမ်းကြားများ ပြုပြင် ထိန်းသိမ်းကာ အများပြည်သူ အပန်းဖြေစရာ နေရာ ဖန်တီးခြင်း လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆိုပါ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်၊ ဒို့အိမ် (Doh Eain) အဖွဲ့နှင့် ရပ်ကွက်နေ ပြည်သူ လူထုနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading