ရန်ကုန်တိုင်း ဒေသကြီး၊ စမ်းချောင်းမြို့နယ် ဗဟိုလမ်း၊ အိမ်အမှတ် ၁၇၈၊ ငွေတောင် လက်ဖက်ရည်ဆိုင်တွင်း ဂတ်စ်အိုး ယိုစိမ့်မှုမှ တဆင့် မီးလောင်မှု ယနေ့ နံနက် ၅ နာရီခွဲ အချိန်က ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အနောက်ပိုင်း ခရိုင် မီးသတ် ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဌေးဝင်းက မီးလောင်သည့် အကြောင်းရင်းနှင့် ပတ်သက်၍ “အောက်ထပ်မှာရှိတဲ့ လက်ဖက်ရည်ဆိုင် ကနေပြီးတော့မှ ဂတ်စ်အိုး ယိုစိမ့်တာကို မသိဘဲနဲ့ မီးဖို ဖိုလိုက်တဲ့ အခါ ဂတ်စ်အိုးကို ကူးစက်ပြီး လောင်သွားတာ” ဟု ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
မီးလောင်မှုကြောင့် အိမ်အပေါ်ထပ်နေ အိမ်ရှင် ဖြစ်သူ ဦးမြခိုင် (၇၄ နှစ်)၊ ဦးမြခိုင်၏ သမီး မစိုးစိုး (၃၈ နှစ်) နှင့် ဦးမြခိုင်၏ ဇနီး ဒေါ်မြမြ (၈၃ နှစ်) တို့ သေဆုံးသွားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဆိုင် အလုပ်သမား နှစ်ဦး (အဖျော်ဆရာနှင့် စားပွဲထိုး) ထိခိုက်ဒဏ်ရာ ရခဲ့သော်လည်း မစိုးရိမ်ရကြောင်း ၎င်းက ဖြည့်စွက် ပြောသည်။
ဦးဌေးဝင်း က “အဓိကက မီးဖိုနဲ့ ဂတ်စ်အိုး နီးကပ်စွာ ထားတော့ ဂတ်စ်အိုး ယိုစိမ့်တာကနေ မီးဖိုလိုက်တဲ့ အခါ ထလောင်တာဖြစ်တဲ့ အတွက် ကောင်းတာကတော့ ဂတ်စ်အိုးကို အပြင်မှာ သီးသန့် မီးဖိုနဲ့ သပ်သပ်ထား။ နီးကပ်စွာ ထားထားတော့ ကူးစက် မြန်တာပေါ့။ မီးဖိုနဲ့ နီးကပ်စွာ မထားဖို့ ပြောချင်တယ်” ဟု ဆိုသည်။
မီးလောင်မှု ဖြစ်စဉ်တွင် စတင် လုပ်ဆောင်သူမှာ ဆိုင်ဝန်ထမ်း အောင်သူဟု ကနဦး သတင်း ရရှိထားသော်လည်း ၎င်းမှာ ထွက်ပြေးနေကြောင်း၊ ၎င်းကို ပုဒ်မ ၂၈၅/၃၀၄ (မီးပေါ့ဆမှု/လူသေမှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
“အပြင်မှာပဲ တွေ့ကြတယ် ပြောတယ် အားလုံးက (ဘေးပတ်ဝန်းကျင်)။ မီးသတ်ကားတွေ ရောက်ပြီး ငြိမ်းတဲ့ အထိ အပြင် မှာပဲ တွေ့တယ်လို့ ပြောတယ်။ ထွက်တော့ ပြေးနေတယ်” ဟု ဦးဌေးဝင်းက ပြောသည်။
ယင်း မီးလောင်မှု ဖြစ်စဉ်ကြောင့် နှစ်ထပ် ပျဉ်ထောင်အိမ် ၁ လုံး (ငွေတောင် လက်ဖက်ရည်ဆိုင်) မီးလောင်သွားပြီး ဘေး ကပ်လျက်ရှိ အမှတ်(၁၇၃) ဟောင်ကောင်တိုက် သုံးထပ်တိုက် တခြမ်းနှင့် ထပ်ခိုးပါ မီးလောင်ကျွမ်းသွားကြောင်း၊ ဆုံးရှုံးမှု တန်ဖိုး စုစုပေါင်း ငွေကျပ် ၁၇၇ သိန်း ၅ သောင်းရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကို Level 2 ထိ သတ်မှတ်ကာ မီးသတ်ယာဉ် ၂၈ စီး၊ အုပ်ချုပ်မှုယာဉ် ၈ စီး၊ အထောက်အကူယာဉ် ၉ စီး၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၂၁၈ ယောက်၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၆၅ ယောက်တို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၁ မိနစ်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း ဦးဌေးဝင်းက ပြောဆိုသည်။