တပြည်လုံးတွင် တပ်မတော် ထောက်ခံပွဲများ ကျင်းပလျက်ရှိရာ နေပြည်တော် ကျန်နေသဖြင့် လုပ်ရမည်ဆိုသည့် အမိန့်ကြောင့် ယနေ့ တပ်မတော် ထောက်ခံပွဲကို လုပ်ရခြင်း ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီးဟောင်း ဦးရန်မျိုးဝင်းက ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော် ထောက်ခံပွဲတွင် သတင်းထောက်များကို ပြောသည်။
ဗိုလ်ကြီးဟောင်း ဦးရန်မျိုးဝင်း က “တပြည်လုံးက လုပ်နေတာဆိုတော့ ကျန်တာက နေပြည်တော် ကျန်နေတယ်။ အဲ့တော့ နေပြည် တော်ဟာ လုပ်ရမယ်ဆိုတဲ့ အမိန့်နဲ့ လုပ်တာပါ။ လုပ်ရမယ်ဆိုတာက စစ်မှုထမ်းဟောင်း (ဗဟို) က ညွှန်ကြားတာပေါ့”ဟု ပြောသည်။
ထိုသို့ ပြောဆိုနေစဉ် အခြား စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်တဦးက ထိုသို့ မဖြေကြားရန် ဟန့်တားသဖြင့် နေပြည်တော်တိုင်း ကြီးကြပ် ရေးအဖွဲ့ ၏ တာဝန်ပေးချက်ကြောင့် ဖြစ်ကြောင်း ၎င်းက ထပ်မံ ဖြေဆိုခဲ့သည်။
ယနေ့ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ယခင် အဝေးပြေးကားဝင်းဟောင်းတွင် ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ဇေယျာ သီရိမြို့နယ် ၅ ခု၊ ပျဉ်းမနား၊ လယ်ဝေးတို့မှ စစ်မှုထမ်းဟောင်းအဖွဲ့ ၅၀၀ နီးပါးသည် မြန်မာ့ တပ်မတော်ကို ထောက်ခံကြောင်း ပိုစတာများ ကိုင်ဆောင်ပြီး စနစ်တကျ ငြိမ်သက်စွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဗိုလ်ကြီးဟောင်း ဦးရန်မျိုးဝင်း က “တပ်မတော်ရဲ့ အခန်းကဏ္ဍကို တတပ်တအား အထောက်အကူ ပြုတာပါ။ တပ်မတော်ရဲ့ အရန်အင်အား အဖြစ်နဲ့ အခုလို့ စုတာပါ။ ဘယ်အချိန် ဘယ်အချိန်မှာ လိုအပ်တယ်။ စစ်မှုထမ်းဟောင်း တပ်စု၊ တပ်ခွဲ၊ တပ်ဖွဲ့ တွေ ဖွဲ့ ထားပါဆိုတော့ ဖွဲ့ ထားလိုက်တယ်”ဟု ပြောသည်။
ပျဉ်းမနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဗိုလ်မှူးဟောင်း ဦးသန်းအောင်ကမူ ၎င်းလက်အောက်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ ဝင် ၆၀၀ ကျော်က အခြားနေရာများတွင် ထောက်ခံပွဲ လုပ်ပြီးဖြစ်၍ နေပြည်တော်တွင်လည်း ထောက်ခံပွဲ လုပ်လိုကြောင်း တင်ပြလာ သဖြင့် ယခုပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း မီဒီယာများသို့ ပြောသည်။
“သူတို့တွေက သတင်းပို့ပါတယ်။ ကျန်တဲ့နေရာတွေက ထောက်ခံပွဲတွေ လုပ်နေပြီ။ ဘာလို့ မလုပ်တာလဲ။ နေပြည်တော်က လုပ်ပေးပါဆိုလို့ အောက်ခြေ စစ်မှုထမ်းဟောင်း အဖွဲ့ ဝင်တွေရဲ့ တောင်းဆိုချက်အရ သူတို့ ဆန္ဒအတိုင်း လုပ်ပေးခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်ကြီးဟောင်း ဦးရန်မျိုးဝင်း က ရှင်းပြသည်။
မြန်မာနိုင်ငံရဲ့ အနောက်တံခါးတွင် ရင်ဆိုင်နေရသည့် ပြဿနာများ တပ်မတော်က ဖြေရှင်းရာတွင် သတင်းများက ပြောင်းပြန် ဖော် ပြနေကြောင်း၊ တပ်မတော်က ဘင်္ဂလီများကို မတရားသဖြင့် နှိပ်စက်ခြင်း၊ အစ္စာလာမ် ဘာသာဝင်များကို သတ်ဖြတ်ခြင်းများ ပြုလုပ် နေသည်ဟု စွပ်စွဲမှုများ ရှိနေသဖြင့် ယနေ့ ထောက်ခံပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ယနေ့ပွဲကို ဦးဆောင်သူများက ပြောသည်။
ယခု ထောက်ခံပွဲကို တက်ရောက်လာသူ ဒုတပ်ကြပ်ဟောင်း ဦးကျော်ဝင်းက လည်း “တပ်မတော်ရှိမှ တိုင်းပြည်ဆိုတာ တည်တံ့ ခိုင်မြဲမှာ ဖြစ်တယ်” ဟု သတင်းထောက်များကို ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းများအဖွ့ဲ၏ နာယက ဖြစ်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာ လကုန်ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ အထူးညီလာခံ (၂၀၁၈) ဒုတိယနေ့ အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်း ပြောကြားရာတွင်လည်း တပ်မတော် ထောက်ခံပွဲများကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း ထည့်သွင်းပြောဆိုသွားသည်ကို တွေ့ရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “တပ်မတော်၏ ဆောင်ရွက်ချက်များအပေါ် ထောက်ခံပွဲများ ပြုလုပ်နေသည်ကို တွေ့ရကြောင်း၊ အဆိုပါ ဆောင်ရွက်ချက် များသည် နိုင်ငံတော်နှင့် ပြည်သူအပေါ်ထားရှိသည့် တပ်မတော်၏ စစ်မှန်သော သဘောထားများ ကိုသိရှိပြီး တပ်မတော်နှင့် ပြည်သူ တသားတည်း ရှိသည်ဆိုသည့် ပြယုဂ်ပင်ဖြစ်ကြောင်း၊ ဒီလိုအစဉ်အလာ ကောင်းများကို ဆက်လက် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း” ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်ထောက်ခံပွဲများကို ၂၀၁၆ ခုနှစ်ကတည်းက နိုင်ငံတွင်း မြို့ ကြီးများတွင် စတင်ခဲ့ခြင်း ဖြစ်ပြီး အနည်းဆုံး မြို့ ကြီး ၁၂ ခုတွင် တပ်မတော် ထောက်ခံပွဲများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ရခိုင်အရေး အကြောင်းပြု၍ တပ်မတော် ထောက်ခံပွဲများ ကို ယခုနောက်ပိုင်းတွင် ခပ်စိတ်စိတ် တွေ့ မြင်လာရကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက မှတ်ချက်ပြုသည်။
မြန်မာလူထုသည် တပ်မတော်ကို ထောက်ခံပြီးသား ဖြစ်၍ သီးခြား ထောက်ခံနေရန် မလိုကြောင်း၊ တိုင်းပြည်၏ ဌာနများအားလုံးထဲတွင် တပ်မတော်ကို အဓိက ပံ့ပိုးပေးရမည် ဖြစ်သော်လည်း နိုင်ငံတော် ကာကွယ်ရေးနှင့် နိုင်ငံတော်ကို စောင့်ရှောက်ရုံမှ လွဲ၍ နိုင်ငံရေးထဲသို့ မဝင်စေချင်ကြောင်း မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။
တပ်မတော်တွင် ဗိုလ်ကြီးအဆင့်အထိ ထမ်းဆောင်ခဲ့သူ ၎င်းက “တပ်မတော် ထောက်ခံပွဲဆိုတာ ဘယ်တုန်းကမှလဲ မရှိခဲ့ဘူး။ ဟို တုန်းက တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်ဆိုတဲ့ အချိန်တုန်းက တပ်မတော် တခုတည်း ရှိတာ။ အခုက အစိုးရလည်း ရှိနေတယ်။ အခု အစိုးရကလည်း တပ်မတော်ကို ထောက်ခံပြီး ဦးစားပေးတဲ့ အစိုးရပါပဲ” ဟု ပြောသည်။
ဆက်စပ်ဖတ်ရှုရန်
နေမြင့်လာသော တပ်မတော်ထောက်ခံပွဲများ၏ လာရာနှင့် လားရာ
စိတ်ဓာတ်စစ်ဆင်ရေး၊ ဝါဒဖြန့်ချိရေးတွေက အလုပ်ဖြစ်ရဲ့လား