သတင်း

မန္တလေးတွင် နယ်ထိန်း တဦးက အသက် ၁၅ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်မှု ဖြစ်ပွား

မန္တလေးတွင် နယ်ထိန်း ရဲဒုတပ်ကြပ်တစ်ဦးက အသက် ၁၅ နှစ်အရွယ် မိန်းကလေးအား ဇန်နဝါရီ ၂၂ ရက်နေ့က အဓမ္မကျူးလွန်မှု ဖြစ်ပွားခဲ့ကြောင်း အမှတ် ၇ နယ်မြေရဲစခန်းမှ သိရသည်။

အသက်မပြည့်သေးသော မိန်းကလေးအား အဓမ္မကျူးလွန်ခဲ့သူမှာ မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် အမှတ် ၇ နယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ် တေဇာအောင်ဖြစ်ပြီး မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အနောက်ရပ်ကွက်၏ အပိုင်နယ်ထိန်း တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရသည်။

အမှတ် ၇ နယ် မြေရဲစခန်း စခန်းမှုး ရဲအုပ်ခင်ဇော် က “တရားခံကတော့ အဲ့ဒီနေ့ ဖြစ်ပြီးကတည်းက စခန်းကို ပြန်မလာတော့ဘူး၊ အဲ့ဒီရပ်ကွက်မှာ သူတို့ ပြဿနာဖြစ်ပြီး ပြောဆို နေကြပြီးတော့ စခန်းကို ပြန်မလာဘဲနဲ့ ရှောင်နေတာ၊ ကျနော်တို့လည်း တရားခံမိချင်တာပေါ့၊ တပ်ဖွဲ့ဝင်က ဖြစ်တာဆိုတော့ ပိုပြီးတော့ မိချင်တာပေါ့၊ ရန်ကုန်နဲ့တခြား တိုင်းနဲ့ပြည်နယ်တို့ကိုတော့ လှမ်းပြီး ချိတ်ထားပါတယ်၊ ဒီကောင့်ရဲဇာတိက ရန်ကုန်တိုင်းဆိုတော့ ရန်ကုန်ရဲ့လိပ်စာတွေ ဘာတွေနဲ့ စခန်းမှုးတွေကို အကူအညီတောင်းထားတယ်” ဟု ပြောသည်။

ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ် အမှတ် ၇ နယ်မြေရဲစခန်းမှ အိမ်ထောင်ရှိသူ ရဲဒုတပ်ကြပ် တေဇအောင်က မဟာအောင် မြေမြို့နယ်၊ မဟာအောင်မြေ အနောက်ရပ်ကွက်၊ မင်းစံရပ်၊ အကွက် (၅၄၁) နေ အသက် (၁၅) နှစ်အရွယ် အမျိုးသမီးတဦးကို တည်းခိုခန်းတွင် ခေါ်၍ သားမယားပြုကျင့် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲအုပ်ခင်ဇော် က “အဲ့ဒီကောင်က ရဲဒုတပ်ကြပ် တေဇာအောင်ပေါ့၊ သူက အဲဒီရပ်ကွက်က နယ်ထိန်း၊ နယ်မြေထဲသွားလာရင်းနဲ့ ကျူးလွန်ခံရတဲ့ ကောင်မလေးရဲ့ ဖခင်နဲ့ နည်းနည်းတော့ လူချင်းခင်တာရှိတယ်လို့ သိရတယ်၊ ကောင်မလေးကို ခေါ်သွားပြီး တည်ခိုခန်းကို ခေါ်သွားတယ်လို့ ကျနော်တို့ စစ်ဆေးတွေ့တာပေါ့နော်၊ သူတို့ရဲ့ အသက်အထောက် အထားတွေ ယူထားတယ်” ဟု ဆက်လက်ပြောသည်။

အဆိုပါဖြစ်စဉ်ကို ကျုးလွန်ခံရသူ၏ ဖခင် ဦးဝင်းလှိုင်က ရဲစခန်းသို့ တိုင်ကြားခဲ့ရာ ကျူးလွန်ခံရသူ ဝတ်ဆင်ခဲ့သော အဝတ်အစားများအား ဓါတုဗေဒဝန်ရုံးသို့ ပို့အပ်၍ ထင်မြင်ချက်တောင်းခံခြင်း၊ တရားလိုနှင့် သက်သေများအား စနစ်တကျ စစ်ဆေး၍ အမှုအား ခိုင်မာအောင် တည်ဆောက်ပြီး ဥပဒေ အကြံပြုချက်တောင်းခံကာ ဥပဒေအကြံပြုချက်နှင့်အညီ အမြန်ဆုံး တရားစွဲတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဦးဝင်းလှိုင် က “မနေ့က မဟာအောင်မြေတရားရုံး ရောက်နေတဲ့အချိန် သမီးကြီးက အိမ်မှာ ပြဿနာတက်နေလို့ ပြန်လာခဲ့ဖို့ ဖုန်းဆက်ခေါ် တယ်၊  အိမ်ပြန်ရောက်တော့ သမီးငယ်ကို နယ်ထိန်းတေဇာအောင်က မာကြူလီတည်းခိုခန်းကို ခေါ်သွားပြီး သားမယားအ ဖြစ်ပြုကျင့်ခံရတယ်လို့ သိရတာကြောင့် စခန်းမှာ မနေ့ညက အမှုဖွင့်ခဲ့တာပါ၊ ဒုရဲတပ်ကြပ်က ကျနော်သား ရိုက်မှုကိစ္စနဲ့ ပတ်သက်ပြီး ပြောဆို ခင်မင်ဆက်ဆံတာတော့ ရှိတယ်၊ ကျုးလွန်ခံရတာက မနေ့ကနေ့လယ်ပိုင်းကပါ” ဟု  ပြောသည်။

ပြုကျင့်ခံရသည့် အသက် (၁၅) နှစ်အရွယ် မိန်းကလေးအား မန္တလေးအထွေထွေရောဂါကုဆေးရုံသို့ တင်ပို့ထားပြီး မဟာ အောင်မြေမြို့နယ် အမှတ် ၇ နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကာ ကျူးလွန်သူမှာ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ထွက်ပြေး လွတ်မြောက်နေဆဲဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်ခံရသူ၏ ဖခင်ဖြစ်သူ ဦးဝင်းလှိုင်က တရားလိုပြုလုပ်၍ နယ်ထိန်းရဲဒုတပ်ကြပ် တေဇာအောင်အား အရေးယူပေးရန် တိုင်ကြားခဲ့ရာ အမှတ် ၇ နယ်မြေရဲစခန်းက (ပ) ၆၂/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၃၇၆/၃၆၃ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Loading