အိမ်အကူ မကရင်မ သေဆုံးမှုတွင် သံသယ တရားခံ ဖြစ်သည့် တပ်မတော် အရာရှိ ဇနီး ဒေါ်သိင်္ဂီစုကို ထောင်ဒဏ် တသက်ကျွန်း အထိ အပြစ်ပေးနိုင်သည့် လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင် လိုက်သည်။
မကရင်မ သေဆုံးမှုတွင် သံသယရှိသူ ဒေါ်သိင်္ဂီစုကို ရန်ကုန် တောင်ပိုင်း ခရိုင် တရားရုံးတွင် ဇန်နဝါရီလ ၂၃ ရက်တွင် ရုံး ထုတ်ခဲ့ပြီး စွဲချက်တင်ခြင်း ဖြစ်သည်။
တရားလို ရှေ့နေ ဒေါ်စန်းစန်းမြင့်က“တရားလိုနဲ့ တရားလိုပြ သက်သေတွေကို စစ်ဆေး ကြားနာပြီးတဲ့နောက်မှာ စွဲချက် တင်လိုက်တာက ပုဒ်မ ၃၀၂ (၂) နဲ့ စွဲချက်တင်လိုက်တယ်”ဟု ပြောပြသည်။
လူသတ်မှု ပုဒ်မ ၃၀၂ (၂) သည် လူသတ်မှု ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ ၁၀ နှစ် အထိ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ဒေါ်စန်းစန်းမြင့်က“တရားသူကြီးက ဥပဒေကို မျက်နှာပြုပြီးတော့ ဆုံးဖြတ်တယ်။ တရားလို၊ တရားခံ ဘယ်သူ့မှ ဘက် မလိုက်ဘဲနဲ့ စစ်ဆေး ပေါ်ပေါက်ချက် အပေါ်မှာ မျှတတဲ့ စွဲချက်ကို တင်လိုက်တယ်လို့ မြင်ပါတယ်”ဟု ဆိုသည်။
သေဆုံးသူ အိမ်အကူ မကရင်မသည် တပ်မတော် အရာရှိ ဇနီး ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ခြင်း ဖြစ် သည်။
ကလေး ၄ ဦး၏ မိခင်လည်း ဖြစ်သူ မကရင်မသည် ဝမ်းဗိုက်တွင် ရရှိသည့် ဒဏ်ရာကြောင့် အူအတွင်း ပေါက်ပြဲကာ ၂၀၁၈ ခုနှစ် မေလ ၁၉ ရက်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦးက“ဒါက တရားတယ်၊ စွဲချက် တင်တယ်ဆိုတာ အပြစ်ပေးတာ မဟုတ်ဘူး။ မြင်သာတဲ့ သက်သေခံ အထောက်အထား ရှိရင် စွဲချက်တင် ဖြေရှင်းခိုင်းရ တယ် ဥပဒေရဲ့ မူသဘော”ဟု ပြောသည်။
ဦးသိန်းသန်းဦးက ဆက်လက်ပြီး“မကရင်မက သူ့ အိမ်မှာနေသွားတယ် သူကပြန်လိုက်ပို့တယ်၊ ဒဏ်ရာတွေနဲ့၊ ကျောက်ပျဉ် နဲ့ ထုခံရတယ် ပြောတယ် ပြီးတော့ သေသွားတယ် အဲဒါက သူလုပ်တာ မဟုတ်ပါဘူးလို့ ဖြေရှင်းရမယ့် တာဝန်ရှိတယ်၊ ၃၀၂ (၂) နဲ့ စွဲချက်တင်တာက ဥပဒေနဲ့ အညီ ဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ယင်းအမှုတွင် တရားလိုပြ သက်သေ အဖြစ် ၂၉ ဦး တင်သွင်းထားရာ ၈ ဦးကို သက်သေမှ ထုတ်ပယ်ခဲ့သည်။
ဒေါ်သိင်္ဂီစုက တရားလိုပြ သက်သေများမှ ဦးစိန်သန်းနှင့် ဒေါ်လှလှဝင်း တို့ကို ပြန်ခေါ်သက်သေ အဖြစ် ခေါ်ယူလိုကြောင်း ယနေ့ ရုံးချိန်းတွင် တရားသူကြီးအား စာရင်းပေးခဲ့သည်။
ပြန်ခေါ် သက်သေ အဖြစ် ခေါ်ယူမည့် ဦးစိန်သန်းသည် သေဆုံးသူ မကရင်မကို သံသယ တရားခံ ဒေါ်သိင်္ဂီစု အိမ်သို့ ပို့ ဆောင်ပေးခဲ့သူ ဖြစ်ပြီး ဒေါ်လှလှဝင်းသည် မကရင်မ၏ မိခင် ဖြစ်သည်။