ပြည်သူလူထု သွားလာရေး အဆင်ပြေစေရန် မွန်ပြည်နယ် အတွင်းရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို တရားဝင် လိုင်စင် ထုတ် ပေးသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။
ဆိုင်ကယ်များကို တရားဝင် လိုင်စင်ပေးရန် မွန်ပြည်နယ် အစိုးရက ဇန်နဝါရီ ၁၆ ရက်က အစည်းအဝေး လုပ်ခဲ့ကြောင်း ၎င်း က မီဒီယာများအား ပြောဆိုသည်။
ဒေါက်တာ အေးဇံက“မွန်ပြည်နယ် ဆိုင်ကယ် လိုင်စင်ကို ထုတ်ပေးမယ်။ အဲဒီတော့ ဆိုင်ကယ် လိုင်စင်ကို ထုတ်ပေးတဲ့ နေရာမှာ ညွှန်ကြားချက် အတိုင်း စနစ်တကျ ဖြစ်အောင် အစီအစဉ် ဆွဲပြီးတော့ မြို့နယ်တိုင်းကို ဒီဟာကို လုပ်ဆောင် ဖို့ အစီအစဉ် ရှိတယ်”ဟု ရှင်းပြသည်။
ဆိုင်ကယ်များ လိုင်စင်ပေးရန် စီမံချက် ရေးဆွဲပြီးပါက သတ်မှတ် အခွန်နှုန်းထားများနှင့် လိုင်စင်ပေးမည့် အချိန်ကို ကြေညာပေးသွားမည် ဖြစ်ကြောင်း ဒေါက်တာ အေးဇံက ဆိုသည်။
၎င်းက“တရားဝင်ဖြစ်အောင် လုပ်ဖို့ အတွက် စီမံချက် ရေးဆွဲဆဲ အခြေအနေ ဖြစ်တယ်”ဟု ပြောဆိုသည်။
တရားဝင် ဆိုင်ကယ် လိုင်စင် ပြုလုပ်ရာတွင် အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းရခြင်းကြောင့် ခွင့်မရသော ရုံးဝန် ထမ်း များ၊ ကုမ္ပဏီ ဝန်ထမ်းများနှင့် အလုပ်မအားသူများ အတွက် ကိုယ်စား သွားလုပ်ပေးသည့် ပွဲစားများနှင့် လုပ် ဆောင် ကြကြောင်း မော်လမြိုင်မြို့ ဆီဆုံရပ်မှ ကိုအောင်ကိုလတ်က ပြောသည်။
“အရင်တုန်းက မွန် လိုင်စင်ကို ၅ (မ) နဲ့ ထွက်လာ ဖူးတယ်။ အဲဒီတုန်း ကတော့ ၅ (မ) က ယာယီပဲ။ အဲဒီတုန်းက သိပ် မကုန်ဘူး ၄၊ ၅၊ ၆ သောင်းပဲ၊ လိုင်စင်ကြီးတုန်းက ကျတော့ ယိုးဒယား ဆိုင်ကယ်ကို ၁၂၅၀၀၀ လောက် ကျတယ်။ အင်ဂျင် ပါဝါပေါ် မူတည်ပြီးတော့ နှုန်းတွေ ပြောင်းသွားတာ”ဟုလည်း ၎င်းက ပြောပြသည်။
မွန်ပြည်နယ်တွင် ယာဉ်လိုင်စင် မှတ်ပုံတင်ထားသည့် ဆိုင်ကယ် အစီးရေ ၃၅၄၄၇၈ စီး ရှိပြီး မော်လမြိုင် ခရိုင် အတွင်း ၂၉၉၇၅၃ စီး၊ သထုံ ခရိုင်တွင် ၅၄၇၂၅ စီးဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံး (မော်လမြိုင်) ထံမှ စုံစမ်း သိရှိရသည်။
ဇန်နဝါရီလ ၁၅ ရက်က စတင်၍ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုများနှင့် ထိခိုက် ဒဏ်ရာရရှိမှုများ လျော့ကျ စေရန် အတွက် ပြည်နယ် အစိုးရက စည်းကမ်းမဲ့ယာဉ်များကို ရက် ၁၀၀ စီမံချက်ကို မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် ဆောင် ရွက်လျက် ရှိသည်။