သတင်း

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ၌ ရွာသားတဦး ပစ်သတ်ခံရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတွင် ယမန်နေ့ ည ၉နာရီ ကျော်အချိန် က ရွာသားတဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်း ရရှိသည်။

အဆိုပါ သေနတ်ဖြင့်ပစ်ခတ်ခံရသူမှာ ဦးမောင်အေးသိန်း ( ၅၆ ) နှစ်ဖြစ်ပြီး ညအချိန် ၎င်းနေအိမ်ရှေ့ သို့ လူတဦး ရောက်ရှိ လာသဖြင့် ခြံစည်းရိုး တံခါးသွားဖွင့်ရန်သွားရောက်စဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ် ကြောင်း မင်းပြားမြို့မ စခန်းမှူး ဒုရဲမှူး မြဇော်က ပြောသည်။

ဒုရဲမှူးမြဇော်က “ သူ့ ( ဦးမောင်အေးသိန်း ) အိမ်ရှေ့ကို လူတယောက်ရောက်လာပြီး တံခါးဖွင့်မယ် လုပ်နေတော့ ဧည့်သည်ထင်ပြီး အိမ်ပေါ်ကဆင်းပြီး ထွက်ကြည့်တာ အဲဒီမှာ ခြံစည်းရိုးအဝကနေ သေနတ်နဲ့ ပစ်သွားတာပါ ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုပစ်ခတ်မှုကြောင့် ဦးမောင်အေးသိန်းမှာ ခန္ဓာကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာ ၅ ချက်ဖြင့် သေဆုံး သွားခဲ့ပြီး လက်ရှိ အချိန်တွင် အလောင်းအား ပန်းမြောင်း တိုက်နယ် ဆေးရုံတွင် စစ်ဆေးလျှက် ရှိကြောင်းလည်း သိရသည်။

ပန်းမြောင်းကျေးရွာသား ဦးမောင်အေးသိန်းသည် ကျပန်း လုပ်ကိုင်စားသောက်နေသူ တဦးဖြစ်ကာ လုပ်ကြံပစ်ခတ်ခံရစဉ် ၎င်း၏ အမျိုးသမီးလည်း နေအိမ်၌ ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်က ပြောသည်။

“ရွာသားတွေကတော့ ဘာမှ မမြင်လိုက်ဘူး ။ ဗြောက်အိုးဖောက်သံ လိုပဲကြားလိုက်ရတယ်ပေါ့။ သူ့မိန်းမကတော့ သေနတ်သမားကို မြင်လိုက်တယ်လို့ ဆိုတယ်။ ပန်းမြောင်းဒေသခံတော့ မဟုတ်ဘူး။ တခြားဒေသတခုက ဖြစ်မယ်လို့ ပြောတယ်။ အခု သူလည်း ခေါင်းမူးပြီး အိပ်ရာထဲမှာ လဲနေတယ် ” ဟု ၎င်းကဧရာဝတီသို့ ပြောသည်။

ပန်းမြောင်းကျေးရွာတွင် အိမ်ခြေ ၁၄၀၀ ကျော်ရှိပြီး ထိုသို့ ဦးမောင်အေးသိန်း ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ကျေးရွာ အတွင်း စိုးရိမ်မှုများ မြင့်တက်လျှက်ကာ မည်သည့် အကြောင်းကြောင့် လုပ်ကြံ ပစ်သတ်ခံရ မှုကို မသိရှိရသေးပေ ။

သေဆုံးသွာသူ ဦးမောင်အေးသိန်းသည် ယခင်က ပြည်ခိုင်ဖြိုး ပါတီဝင်တဦး တဦးဖြစ်ကာ ကျေးရွာ ဆယ်အိမ်မှူးနှင့် အရန်မီးသတ်တပ်ဖွဲ့တို့တွင်လည်း အဖွဲ့ဝင် အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ တဦး ဖြစ်ကြောင်း ၊ မင်းပြားမြို့မစခန်းမှူး ဒုရဲမှူး မြဇော်က ပြောသည်။

“သူအရင်က ပြည်ခိုင့်ဖြိုးပါတီမှာ ကျေးရွာအဆင့် ပါတီဝင်အဖြစ် လုပ်ခဲ့တယ်လို့ သိရတယ်။ နောက်ပြီးတော့ ကျေးရွာအုပ် ချုပ်ရေးမှာ ဆယ်အိမ်မှူးနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် တယောက် အနေနဲ့ လည်း လုပ်ခဲ့တယ် လို့ ပြောတယ်။ ကျနော် စုံစမ်းရရှိထားတဲ့ အချက်အလက် မစုံသေးတော့ ဘာကြောင့်အသတ်ခံရတယ်ဆိုတာ ဆုံးဖြတ်လို့ မရသေးဘူး ။ ပစ်သွားတဲ့ ကျည်အမျိုးအစားကိုတော့ ကျနော်တို့ စစ်ဆေးတုန်းပဲ” ဟု ဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါ ပန်းမြောင်းကျေးရွာသား ဦးမောင်အေးသိန်း ပစ်သတ်ခံမှုနှင့် ပတ်သက်ပြီး မင်းပြားမြို့မ စခန်းမှ ပ / ၁၉ ၊ ရာဇသတ်ကြီး ဥပေဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ တရားခံအား ရှာဖွေ စုံစမ်းလျှက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာ တွင်နေထိုင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD ) ပါတီမှ ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးခင်သန်းမောင်မှာ နေအိမ်တွင် တဦးတည်း တီဗွီထိုင်ကြည့်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသေးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading