ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း ဖြစ်ပွားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS /SSA)နှင့် ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) တို့၏ တိုက်ပွဲအတွင်း အရပ်သား ၁ ဦး ကျည်ဆံမှန်ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။
ထိုတိုက်ပွဲတွင် တာလုံကျေးရွာမှ အသက် (၂၈) နှစ်အရွယ် အိုက်ကမ်ခေါ် အမျိုးသားတဦးသည် တိုက်ပွဲကြားမှ ထွက်ပြေးရန် တောင်ပေါ်အတက်တွင် ခြေထောက်၌ သေနတ်ကျည် ထိမှန်သွားခဲ့ပြီး သီပေါဆေးရုံမှာ ဆေးကုသ မှု ခံယူနေကြရကြောင်း နားမခေါ်တိုက်ပွဲရှောင် ကူညီရေးကော်မတီမှ တာဝန်ခံ ဦးတင်စိန် က ပြောသည်။
ဦးတင်စိန် က “သူက ထွက်ပြေးဖို့ တောင်ပေါ်ကို တက်တဲ့အခါမှာ ကျည်ဆံမှန်သွားတာလို့သိရတယ်။ အိုက်ကမ်လို့ ခေါ်တယ်။ အစက နမ့်လန်ဆေးရုံမှာ အခု သီပေါဆေးရုံကို ပို့ပြီး ကုသနေတယ်။ မစိုးရိမ်ရဘူး လို့ ကြားတယ်”ဟု ပြောသည်။
RCSS နှင့် SSPP တို့ သီပေါမြို့နယ်၊ တာလုံကျေးရွာအနီးမှာ ဇန်နဝါရီ ၂၂ ရက်က ၆၀ မမ၊ M-79 စက်သေနတ် စသည့် လက်နက်များ အသုံးပြု၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။
RCSS နှင့် SSPP တို့ အကြားဖြစ်ပွားသော တိုက်ပွဲများကြောင့် တာလုံကျေးရွာမှ ဒေသခံ ၅၀ ဦးမှာလည်း နားမခေါ် ကျေးရွာသို့ ထွက်ပြေး တိမ်းရှောင် လာခဲ့ကြောင်း လူမှုကူညီရေး အသင်းအဖွဲ့များက ပြောသည်။
လက်ရှိတွင် တာလုံကျေးရွာမှာ တိုက်ပွဲ ပြန်လည် ငြိမ်သက်သွားသော်လည်း RCSS နှင့် SSPP တပ်ဖွဲ့များ လှုပ် ရှား လျက်ရှိနေသည့် အတွက် ရွာသားများ နေရပ် မပြန်ရဲသေးဘဲ ဖြစ်နေကြောင်း၊ နားမခေါ် ကျေးရွာရှိ တိုက်ပွဲရှောင် စခန်းမှာ ဟိုနား၊ ဝမ့်ဟုမ်၊ နိုင်းလုံစသည့် ဒေသများမှ တိုက်ပွဲရှောင်များလည်း ရှိနေသည့်အတွက် စားနပ် ရိက္ခာများ လိုအပ်နေကြောင်း ၎င်းက ပြောသည်။
တိုက်ပွဲရှောင်များအရေး ကူညီပေးနေသည့် နယ်စည်းမခြားပရဟိတအဖွဲ့ (သီပေါ) မှ ကိုမျိုး က “တာလုံကျေးရွာ က ဒေသခံ တချို့ နားမခေါ်က ဘုန်းကြီးကျောင်းဘက်ကို တိုက်ပွဲရှောင်လာတယ်။ ကျနော်က အခု ခရီးထွက် နေတော့ မရောက်သေးဘူး။ ပြန်ရောက်မှ သူတို့ဆီသွား ကြည့်ရမယ်။ အဲမှာ အသေးစိတ် ပြောနိုင်မယ်”ဟု ပြောသည်။
လက်ရှိတွင် နားမခေါ်ကျေးရွာတွင် တာလုံကျေးရွာ၊ ဝမ့်ဟုမ်ကျေးရွာ၊ ဟိုနားကျေးရွာ၊ နိုင်းလုံကျေးရွာတို့မှ အိမ်ထောင်စု ၂၂၅ စု၊ လူဦးရေ ၅၀၀ ကျော်သည် တိုက်ပွဲရှောင်များအဖြစ် ခိုလှုံလျက်ရှိကြောင်း နားမခေါ် တိုက်ပွဲရှောင်ကူညီရေးကော်မတီက ဆိုသည်။
RCSS နှင့် SSPP တို့သည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းကာလကနေ စတင်၍ နယ်မြေ အငြင်းပွားမှုကနေ တိုက်ပွဲ များ ဖြစ်ပွားလာခဲ့သည်မှာ ယခုနှစ်အတွင်းထိပင်ဖြစ်ပြီး ၂ ဖက် တွေ့ဆုံ ဆွေးနွေးအဖြေမရှာနိုင်သေးပဲ ဖြစ်နေ သည်။
တိုက်ပွဲများ ရပ်တန့်ရေးအတွက် ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလွှတ်တော် ကိုယ်စားလှယ်များ၊ ရှမ်းလူမှုအဖွဲ့ အစည်းများနှင့် သံဃာတော်များက ၂ ဖက် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းကြရန် မေတ္တာရပ်ခံ ထားကြသည်။
RCSS သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး SSPP ကမူ NCA ထိုးနိုင်ရေး အစိုးရနှင့်ညှိနှိုင်းနေသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ RCSS နှင့် SSPP ကြား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာနှောင်းပိုင်းမှ စတင်၍ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် သီပေါမြို့နယ်တွင် နေရပ် စွန့်ခွာ တိမ်းရှောင်သူ ၁၇၀၀ ကျော်ရှိနေပြီး ရှမ်းပြည်နယ်ရှိ မြို့နယ် ၄ မြို့နယ်မှာ ဇန်နဝါရီလဆန်းမှစတင်၍ လူဦးရေ ၂၈၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်လျက်ရှိ ကြောင်း ၂၀၁၉ ခုနှစ်၊ဇန်နဝါရီ ၂၃ ရက်က ထုတ်ပြန် ထားသည်။
အဆိုပါ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများကို အစိုးရအာဏာပိုင်များ၊ ဒေသခံများ၊ အရပ်ဖက် လူမှု အဖွဲ့ အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများမှ အကူအညီများ ပံ့ပိုးပေးထားကြောင်း UNOCHA က ဆိုသည်။