တရားရုံးများတွင် အမှုများကို ဆုံးဖြတ်ရာတွင် တရားသူကြီး အပါအဝင် အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာ ကျိန်ဆိုရေး ယနေ့ အမျိုးသား လွှတ်တော်သို့ အဆိုတရပ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
တရားစီရင်ရေး မဏ္ဍိုင်တွင် ပြည်သူနှင့် တရားရုံးကြား ယုံကြည်မှု ပြန်လည်ရရှိလာစေရန်နှင့် အမိန့်ချသည့် တရားသူကြီးကိုယ်တိုင် ကျမ်းသစ္စာ ကျိန်ဆိုရန် အတွက် ယင်းအဆိုကို တင်သွင်းရခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးက လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။
ဦးစိုးမိုး က “တရားသူကြီးက ကျမ်းမကျိန်ဘူး။ သက်သေတွေ၊ အမှုသည်တွေပဲ ကျိန်တာပေါ့။ ကျမ်းသစ္စာနဲ့ ပတ်သက်ပြီးပြဌာန်းထားတဲ့ ကျမ်း သစ္စာ ဥပဒေဆိုတာ ရှိတယ်။ သူတို့ကျတော့ မကျိန်ရဘူး။ ငါတို့ကျတော့ ထွက်ဆိုရတယ်။ အမှုကို မှန်မှန်ကန်ကန် ဆုံးဖြတ်ရမဲ့ တရား သူကြီးကလည်း မကျိန်ရဘူးဆိုတာကတော့ လက်ရှိအဖြစ်အပျက်ပဲလေ။ ကျိန်သင့်တယ်ထင်လို့ ဒီအဆိုကို တင်တာ”ဟု ပြောသည်။
ယင်းအဆိုကို ဆက်လက်ဆွေးနွေးရန် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၇ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တိုးက ထောက်ခံဆွေးနွေးခဲ့သည်။
ပြည်သူများ အယုံအကြည် ကင်းမဲ့နေသည့် တရားစီရင်ရေး ပြန်လည်တည့်မတ်လာစေရန်အတွက် တရားသူကြီး၊ အမှုသည်နှင့် သက်သေ များ တရားခွင်တွင် ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရေး အဆိုကို လက်ခံဆွေးနွေးရန် အမျိုးသားလွှတ် တော်တွင် သဘော တူ ခဲ့သည်။
တရားစီရင်ရေးကို နည်းလမ်းတကျဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေနိုင်ရန်အတွက် တရား ရုံးများ လက်စွဲကိုပြဌာန်းထားပြီး၊ အဆိုပါတရားရုံးများ လက်စွဲပါ လမ်းညွှန်ချက်များကို တရားရုံး အသီးသီး ကလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တရားရုံးများ လက် စွဲ အပိုဒ် ၇၅ တွင် ကျမ်းသစ္စာ အက်ဥပဒေ ပုဒ်မ ၇ အရ ကျမ်းသစ္စာကျိန်ဆိုရန်နှင့် ကတိသစ္စာဆိုရန် ပုံစံများအား ပြဌာန်းထား ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကလည်း ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ နှင့် တရားဥပဒေ စိုးမိုးရေး စင်တာတွေဟာ တက်တက် ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဘက်မလိုက်သည့် လွှတ်လပ်ပြီး တရားမျှတမှုနှင့် ဆင်ခြင်တုံတရားကို ချိန်ခွင်လျှာ ထိန်းညှိနိုင်သည့် တရားစီရင်ရေး မဏ္ဍိုင် ဖြစ်အောင် ကြိုးပမ်းရန်လိုအပ်ကြောင်း မြန်မာ့ နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောကြား ခဲ့သည်။
ယိမ်းယိုင်နေသည့် တရားစီရင်ရေးကို တည့်မှတ်မှု၊ တရားသူကြီးချုပ်၊ ပြည်ထောင်စု လွှတ်တော်ချုပ်၊ တရားသူကြီးများနှင့် တွေ့ဆုံပြီး တရားရုံး အသီးသီးအား တရားသူကြီး အဆင့်ဆင့်က တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ကြီးကြပ် ကွက်ကဲကြရန် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ပြီး ဖြစ်ကြောင်းလည်း နိုင်ငံတော် သမ္မတက ပြောသည်။
ပျဉ်းမနားမြို့မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော် ကလည်း “မသမာမှု လုပ်ချင်တဲ့ သူဟာ ကျမ်းကိုင်ကိုင် မကိုင်ကိုင် မသာမာမှုက လုပ်တာပဲ။ ကျမ်းကိုင် လိုက်တာနဲ့ပဲ မသမာမှု မလုပ်တော့ဘူးလို့ ပြောလို့ မရဘူး။ တရားသူကြီးက အမှုစစ်တိုင်း ကျမ်းကျိန်ရမယ်ဆိုရင်တော့ သိပ်တော့ သဘာဝ မကျဘူး။ လူတယောက် ဖြောင့်မှန်ဖို့ အတွက် ဘာသာရေး အကူညီသော် လည်းကောင်း၊ ခြိမ်းခြောက်တဲ့ အကူညီသော်လည်းကောင်း ၊ မလိုဘူးလို့ ကျနော်ထင်တယ်” ဟု ပြောသည်။
နိုင်ငံတကာတွင် တရားစီရင်ရေး စနစ်တွက် တရားသူကြီးက ကျမ်းကျိန်ပြီးမှ အမှုစစ်ရခြင်းမျိုး မဟုတ်ပေမယ့် မြန်မာ နိုင်ငံတွင် တရားသူကြီး တာဝန်ထမ်းဆောင်မည့် သူက တရားလွှတ်တော်ချုပ်တွင် ကျမ်းထုပ်ကိုင်ပြီး မိမိ စစ်ဆေးမည့် တရားစီရင်ရေးကို ဖြောင့်မှန်စွာ စစ်ဆေးပါမည်ဆိုသည်ကို ကျိမ်ဆိုထားပြီး ဖြစ်ကြောင်း ဦးခင်မောင်ဇော်က ရှင်းပြသည်။
ကျန်းသစ္စာ အက်ဥပဒေပုဒ်မ ၆ အရ ကျန်းသစ္စာကျိန်ဆိုခြင်း မပြုရသော ဟိန္ဒူဘာသာဝင်သူနှင့် မဟာမေဒင် ဘာသာဝင်သူ သက်သေ များ၊ ဂျူရီလူကြီးများ သို့မဟုတ် စကားပြန်မှအပ ကျန်ဘာသာဝင် တရားသူကြီးများ ၊ အမှုသည်များ ၊ သက်သေများအားနေ့ စဉ်တရား ခွင်တက်ရန် စတင်ဆောင်ရွက်သည့် အခါ သို့မဟုတ် အမှုတခု စတင်စစ်ဆေးသည့် အချိန်တွင် ကျန်းသစ္စာ ကျိန်ဆိုရန် ယင်းအဆိုကို တင်သွင်းရခြင်း ဖြစ်ကြောင်း ဦးစိုးမိုးက လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
ဦးစိုးမိုးက “လက်ရှိတရားရေး စနစ်ကို ပြည်သူက ယုံကြည်မှု အားနည်းနေတာတော့ အမှန်ပဲ။ အားလုံးလည်း သိတယ်။ ကျနော်လည်း ပြောသွားတယ်။ ဖိနပ်နဲ့ ပေါက်တာတွေ ရှိတယ်။ မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်တယ်ဆိုတော့ မယုံကြည်လို့ ဖြစ်တဲ့ ကိစ္စပဲ။ အဲ့ဒါကြောင့် ဒီအဆို ကို တင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပြည်သူ အများစုမှာ တရားခွင်တွင် ကျမ်းထုတ်ကိုင်ရာတွင် ကျမ်းထုတ်အတွင်း ဘာပါသည်ကို တိတိကျကျ မသိကျကြောင်း၊ ကျမ်းထုတ်ကိုင်ပြီး အစစ်ခံခိုင်းခြင်းမှာ လိမ်ညာမှု ကို အလွယ်တကူ မပြုလုပ်ရန် အတွက် ကိုင်ခိုင်းခြင်း ဖြစ်ကြောင်း သို့သော် ယင်းကျမ်းထုပ် ကိုင်သော်လည်း အများစုမှာ လိမ်ပြောနေကြကြောင်း ဦးခင်မောင်ဇော်က သူ၏ လုပ်ငန်း အတွေ့အကြုံများအရ ပြောသည်။
မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦး ကလည်း “ကျမ်းဆိုတာက သစ်သား ထုပ်ကြီးကို အဝတ်စ ပတ်ထားတာ။ အထဲမှာ ဘာကျိမ်စာမှ မပါဘူး။ ကျိမ်စာတွေက ရေးမယ်ဆိုရင်အများကြီးပဲ။ ကျမ်းကျိန်ပြီး လိမ်ပြောနေကျတာပဲ။ အလုပ်စဝင်တာမျိုး ကျမ်းကျိန်တာဆိုရင် အဓိပ္ပာယ် ရှိပါတယ်” ဟု ပြောသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ယင်းကိစ္စနှင့် ပတ်သက်၍ သဘောထားအမြင်ကို မေးမြန်းလိုသဖြင့် ဧရာဝတီမှ ဖုန်းနှင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်း ဖြေကြားခြင်း မရှိခဲ့ပေ။
ယင်းအဆိုကို လက်ခံဆွေးနွေရန် သဘောမတူသည့် လွှတ်တော် ကိုယ်စားလှယ် မရှိသည့် အတွက် ယင်းအဆိုနှင့် ပတ်သက်ပြီး ဆွေးနွေးလို သည့် ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေးပြီးချိန်တွင် အမျိုသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင် သွင်းရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ကြေညာ ခဲ့သည်။