သတင်း

ခွေးရူး ရောဂါ ကာကွယ်ရေး လွှတ်တော်တွင် ဆွေးနွေးမည်

Want create site? Find Free WordPress Themes and plugins.

လမ်းဘေး ခွေးများ ထိန်းသိမ်း စောင့်ရှောက်ရေး အပါအဝင် ခွေးရူးရောဂါ ဖြစ်ပွားမှု လျော့နည်း ကျဆင်းရေး စီမံချက် ချမှတ် ဆောင်ရွက်ရန် အဆိုကို ပြည်သူ့ လွှတ်တော်က လက်ခံ ဆွေးနွေးရန် အတည်ပြုခဲ့ကြောင်း သတင်း ရရှိသည်။

လူနှင့် တိရစ္ဆာန်များတွင် ခွေးရူးရောဂါ ဖြစ်ပွားမှု လျော့နည်း ကျဆင်းစေရန် ဌာန ဆိုင်ရာများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်း များ ပူးပေါင်း၍ စီမံချက် ရေးဆွဲ ချမှတ်ပြီး ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မင်းလှ မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါက်တာ သန်းအောင်စိုးက ဇန်နဝါရီလ ၂၃ ရက်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ သန်းအောင်စိုး က“ခွေးရူးရောဂါ ဖြစ်တဲ့သူတွေမှာ ၉၉ ယောက်က ခွေးကိုက်မှုကြောင့် ဖြစ်တာ။ ကြောင်လို တခြား အကောင်ကိုက်လို့ ဖြစ်တာက ၁ ရာခိုင်နှုန်းလောက် ဖြစ်တာ”ဟု ပြောသည်။

ခွေးရူးရောဂါသည် လမ်းဘေးခွေး ပေါများသည့် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်း ဒေသကြီး တို့တွင် အဖြစ်များသည်ကို တွေ့ရသည့် အတွက် လမ်းဘေးခွေးများ မပြန့်ပွားရေးကို အဓိထား ထိန်းသိမ်း ရှင်းလင်းရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေနှင့် ခွေးလေခွေးလွင့် ထိန်းသိမ်းရေး လုပ်ငန်း၊ ခွေးရူးရောဂါ ကာကွယ် ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်လျက် ရှိကာ ရပ်ကွက်များ အတွင်းရှိ ခွေးလေခွေးလွင့် များအား ခွေးရူး ရောဂါ ကာကွယ် ဆေးထိုးပေးခြင်း၊ မျိုးပွားမှု ထိန်းချုပ်ရန် ခွဲစိတ် ကုသခြင်း၊ အိမ်မွေး တိရစ္ဆာန်များကို မှတ်ပုံတင်ခြင်းနှင့် ကာကွယ် ဆေးထိုးခြင်း စသည် တို့ကို လုပ်ဆောင်ပေးလျက် ရှိကြောင်း တိရစ္ဆာန် ဆေးကုနှင့် သားသတ် ရုံများ ဌာနမှ လက်ထောက် ဌာနမှူး ဒေါ်လှမေဦးက ဧရာဝတီကို ပြောကြားထားသည်။

ဒေါက်တာ သန်းအောင်စိုး က“လမ်းဘေးခွေးကို အဓိကထား နှိမ်နင်းဖို့ လိုတယ်။ ဒါပေမယ့် အရင်လို စည်ပင်က အဆိပ် ကျွေး သတ်လို့ မရတော့ဘူး။ ခွေးချစ်သူများက လက်မခံသလို Animal welfare အရလည်း ဒါ မသင့်ဘူး။ လုပ်မယ်ဆိုရင် ခွေးတွေကို မပွားအောင်ဘဲ လုပ်ရမယ်။ အထီးတွေကို သင်းကွပ် အမတွေကို သားကြော ဖြတ်ရင်ဖြတ်၊ မဖြတ်ရင်လည်း တားဆေးထိုးပေါ့။ ရှိတဲ့ ခွေးတွေကို ကာကွယ်ဆေးထိုး။ အကောင် ၁၀၀ မှာ ၈၀ လောက် ထိုးလိုက်နိုင်မယ် ဆိုရင် တော် တော် ကာကွယ်ပြီးသွားမယ်”ဟု ဆိုသည်။

အဆိုကို ထောက်ခံ ဆွေးနွေးသူ စစ်ကိုင်းတိုင်း ဒေသကြီး ရေဦး မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာ မင်းသိန်း ကလည်း ခွေးရူးရောဂါသည် သေစေနိုင်သော ရောဂါတခု ဖြစ်၍ နိုင်ငံတိုင်းတွင် အရေးကြီးသည့် ရောဂါ တခု အဖြစ် သတ်မှတ်ထားကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ၁၉၉၅-၂၀၀၄ ခုနှစ် ပျမ်းမျှ စာရင်းအရ မြန်မာနိုင်ငံတွင် ခွေးရူးရောဂါကြောင့် တနှစ်လျှင် လူ ၁ ထောင်ကျော် သေဆုံးနေရကြောင်း ပြောကြားသည်။

ခွေးရူး ရောဂါ ကာကွယ်ရေး အတွက် လမ်းဘေးခွေးများကို အဆိပ်ကျွေးသတ်သည့် နည်းလမ်းကို ပြည်တွင်းရှိ တိရစ္ဆာန် ချစ်သူ အဖွဲ့အစည်းများက အပြင်းအထန် ကန့်ကွက်နေပြီး ခွေးရူးရောဂါ ကာကွယ်ဆေးထိုးခြင်း၊ သားဆက်ခြားစေရန် ဆောင်ရွက်ခြင်း ကဲ့သို့ အခြားနည်းလမ်းများ ရွေးချယ်ရန် တောင်းဆိုမှုများလည်း ရှိနေသည်။

မကွေးမြို့ရှိ အဖြူရောင် နှလုံးသား တိရစ္ဆာန် စောင့်ရှောက်ရေးနှင့် ကယ်ဆယ်ရေး ဂေဟာမှ မမေသဇင်က“ခွေးချစ်သူနဲ့ ခွေး မုန်းတဲ့သူ အဆင်ပြေစေဖို့ အစိုးရ အနေနဲ့ ဘတ်ဂျက်တခု လျာထားပြီး သားဆက်ခြားတဲ့ စနစ်၊ ကာကွယ်ဆေး ထိုးတဲ့ စနစ်နဲ့ လုပ်မယ်ဆိုရင် ပျောက်ပျက်သွားမယ်။ အဆိပ်ချတဲ့ စနစ်က တပြိုင်တည်းလည်း လုပ်နိုင်တာ မဟုတ်ဘူး”ဟု ပြော သည်။

ဒေါက်တာ သန်းအောင်စိုးက ခွေးရူးရောဂါ ကာကွယ်ရန် အစိုးရ အနေဖြင့် လူမှုရေး ဆိုင်ရာ ယဉ်ကျေးမှု အရနှင့် နည်း ပညာ ပိုင်း အရ သုတေသနပြု လုပ်ခြင်း၊ အလှူရှင်များ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက် ခြင်း၊ လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်းလည်း တိုက်တွန်းသည်။

“ဘဏ္ဍာငွေ ချမှတ် သုံးစွဲခြင်း ဆိုတဲ့ နေရာမှာလည်း လူအတွက် တင်သာမက ခွေးတွေ အတွက်ပါ ကာကွယ် ဆေးထိုးဖို့ ၊ လမ်းဘေးခွေးတွေကို ထိန်းသိမ်း စောင့်ရှာက်ဖို့ ၊ တကယ်လို့ တတိုင်းပြည်လုံး အနေအထားနဲ့ လမ်းဘေးခွေးတွေကို ထိန်း သိမ်းစောင့်ရှောက်ဖို့ မဖြစ်နိုင်သေးဘူး ဆိုရင်တောင် မျိုးမပွားအောင် တားဆေး ထိုးခြင်း၊ သင်းကွပ်ခြင်း အတွက် ဘဏ္ဍာ ငွေ ချမှတ် သုံးစွဲဖို့ လိုပါတယ်”ဟု ၎င်းက ပြောသည်။

လူတွင် ခွေးရူးရောဂါ ဖြစ်ပွားလျှင် ကုသ၍ မရဘဲ ဝေဒနာကို ပြင်းထန်းစွာ ခံစားရပြီး အသက်သေဆုံးကြောင်း၊ ကမ္ဘာ့ကျန်း မာရေး အဖွဲ့၊ ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေး အဖွဲ့တို့က ခွေးရူးရောဂါကို တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သော အရေးကြီးဆုံး ရောဂါ သုံးမျိုးအနက် ပထမ အရေးကြီးဆုံး အဖြစ် ထည့်သွင်းထားကြောင်း၊ မြန်မာနိုင်ငံတွင် ခွေးကောင်ရေ ၃ ဒသမ ၈ သန်း ခန့်ရှိပြီး လူကို ခွေးကိုက်ခံရမှု တသောင်းခွဲမှ ၂ သိန်းခန့် အထိ ရှိနေကြောင်း အဆိုတွင် ပါရှိသည်။

ခွေးရူး ရောဂါကြောင့် လူသေဆုံးမှု အများဆုံး နိုင်ငံများ စာရင်းတွင် အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်၊ ဗီယက်နမ်၊ ဘင်္ဂလား ဒေ့ရှ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ အင်ဒိုနီးရှားတို့ ပါဝင်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading