သတင်း

တရုတ် ရိုးရာပွဲများ လွတ်သည့် အချိန်တွင် ကျောက်မျက် ပွဲများ ပြုလုပ်ရန် သတ်မှတ်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံခြားငွေဖြင့် ရောင်းချမည့် ကျောက်မျက်ပြပွဲများကို တရုတ်ရိုးရာ ပွဲတော်များနှင့် လွတ်ကင်းသည့် အချိန်၌သာ ပုံမှန် ကျင်းပရန် ယခုနှစ်မှ စတင် သတ်မှတ်လိုက်ကြောင်း ပြည်ထောင်စု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေး ဝန်ကြီး ဌာန မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းက သိရသည်။

မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း လက်အောက်ရှိ ပြပွဲ ဌာန၏ ဒု အထွေထွေမန်နေဂျာ ဦးသန်း ဇော်ဦးက“အရင်တုန်းကတော့ အလျဉ်းသင့်သလို ပြပွဲကို ကာလ အတိအကျ မသတ်မှတ်ဘဲ ကျင်းပ ဖြစ်တယ်။ ဒါပေမယ့် ဒီနှစ်ကစပြီး အရောင်းအဝယ် လုပ်လို့ ကောင်းတဲ့ အချိန်ကို လုပ်သွားဖို့ စ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ကျောက်မျက် ပြပွဲများတွင် တရုတ် ကုန်သည်များက အများဆုံး ဝယ်ယူကြသဖြင့် ၎င်းတို့ ရိုးရာ ပွဲတော်များ လွတ် ကင်းသည့် ကာလများကို ရွေးချယ်လိုက်ခြင်း ဖြစ်ကာ ၂၀၁၉ ခုနှစ်မှ စတင်၍ နိုင်ငံခြား ငွေဖြင့် ရောင်းချမည့် ကျောက် မျက် ရတနာ ပြပွဲများကို နှစ်စဉ် မတ်လနှင့် စက်တင်ဘာလ တို့တွင် ပုံသေ ကျင်းပသွားမည်ဟု သိရသည်။

မတ်လသည် တရုတ် နှစ်သစ်ကူး ပွဲတော် အပြီးလ ဖြစ်ပြီး စက်တင်ဘာလမှာ တရုတ် မုန့်စားပွဲတော် မတိုင်ခင် ဖြစ်ကာ မြန်မာရိုးရာ ပွဲတော်များ ဖြစ်သော သြင်္ကန်၊ သီတင်းကျွတ် ပွဲတော်များနှင့် ကင်းလွတ်သဖြင့် ရောင်းသူဝယ်သူ အတွက် အဆင်ပြေနိုင်မည့် ကာလများဖြစ်၍ ယခုလို ပုံသေ သတ်မှတ် လိုက်ခြင်း ဖြစ်သည်ဟု ဦးသန်းဇော်ဦးက ဆိုသည်။

၎င်းက ဆက်လက်၍“ကျနော်တို့က ပွဲကျင်းပမည့် လကိုပဲ အကြမ်းဖျင်း သတ်မှတ်လိုက်ပြီး ပြပွဲလုပ်မယ့် ရက်အတိ အကျကိုတော့ နိုင်ငံတော်က ပေးတဲ့ ရက်အတိုင်း လုပ်သွားမှာပါ”ဟုလည်း ပြောသည်။

ယခင်က ပြပွဲ ကာလအား ပုံသေ သတ်မှတ်ထားခြင်း မရှိဘဲ ဝန်ကြီးဌာနက သက်ဆိုင်ရာ အသင်းအဖွဲ့များအား ၂ လ ခန့် ကြိုတင် အသိပေး ကြေညာ၍ ဆောင်ရွက်ခဲ့ရာ တရုတ် နိုင်ငံမှ ပွဲတော် တချို့နှင့် တိုက်ဆိုင်သွားသည့် ပြပွဲများတွင် နိုင်ငံခြားသား ကုန်သည်များက ပြပွဲ လေလံအောင် ကျောက်များ လာရောက် မထုတ်ယူခြင်း၊ ငွေပေးငွေယူ ကိစ္စ များတွင် ပွဲတော် ကာလများ ဖြစ်၍ ကြန့်ကြာမှုများ ရှိခြင်း စသည့် ကိစ္စများ ရှိခဲ့သည်ဟု မန္တလေးမြို့မှ ကျောက်လုပ် ငန်းရှင်များက ပြောသည်။

မန္တလေး မြို့ခံ ကျောက်ကုန်သည် ကိုဖြိုးက“တကယ်က နိုင်ငံခြား ငွေနဲ့ရောင်းတဲ့ ပွဲကို တနှစ်ကို တပွဲလောက်ပဲ လုပ် ပေးသင့်တယ်။ ဒါမှလည်း ဈေးကွက် သဘောအရ အရောင်းအဝယ် မျှမှာ။ ပြီးတော့ တရုတ်သူဌေးတွေ ပိုင်တဲ့ နာမည် ကြီး ကျောက် ကုမ္ပဏီ တချို့က ဒီမှာ ပြပွဲ လုပ်မယ်လို့ ကြေညာ လိုက်ရင် ဒီဘက်ပြပွဲ မတိုင်ခင်ကို တရုတ်ပြည် ထဲမှာ ပြပွဲ အကြီးကြီးတွေ အချိန်ကိုက် လုပ်ပစ်ကြတာ”ဟု ဧရာဝတီကို ပြောသည်။

လာမည့် မတ်လ ၁၁ ရက်မှ ၂၀ ရက် အထိ နေပြည်တော် မဏိရတနာ ခန်းမတွင် ကျင်းပမည့် ၅၆ ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲ အတွက် မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ ပြီးခဲ့သည့် တပတ်က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်းတွဲ စာရင်းများအား ယခု တပတ်အတွင်း လျှောက် ထားကြရန် ကြေညာထားသည်။

ယခုပြပွဲတွင် အေ၊ ဘီ၊ စီ၊ ဒီအဆင့်ရှိ ကျောက်စိမ်းအရိုင်းထည်၊ ကျောက်မျက်ရတနာနှင့် ပုလဲအတွဲများအား နိုင်ငံခြား ငွေ ယူရိုဖြင့် ပြည်တွင်း၊ ပြည်ပကုန်သည်များအား ရောင်းချသွားမည်ဖြစ်ပြီး ကျောက်စိမ်း အတွဲပေါင်း ၇ ထောင်ခန့် ပြသ သွားမည်ဟု မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ သိရသည်။

ပြီးခဲ့သည့် နှစ်က ကျင်းပခဲ့သည့် ၅၅ ကြိမ်မြောက် ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်း အတွဲပေါင်း ၅ ထောင် ကျော် တန်ဖိုးအားဖြင့် ယူရို သန်း ၄၀၀ ကျော် ရောင်းချခဲ့ကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ် ငန်းမှ သတင်း ထုတ်ပြန်ထားသည်။

ပြည်ထောင်စု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက တနှစ်လျှင် ကျောက်မျက် ရတနာ ပြပွဲ ၃ ပွဲခန့် ပုံမှန်ကျင်းပပြီး နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ပြပွဲ ၂ ပွဲနှင့် ကျပ်ငွေဖြင့် ရောင်းချသည့်ပြပွဲ ၁ ပွဲတို့ ဖြစ် ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading