ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီး ၃ ဦးကို ရုတ်တရက် အတင်းအကျပ် နုတ်ထွက်စေခဲ့သည့် နောက်တွင် ရပ်ရွာ အခြေပြုအဖွဲ့အစည်း ၃ ဒါဇင်ကျော်တို့သည် ပွင့်လင်းမြင်သာမှုကို ဇန်နဝါရီလ ၂၂ ရက်နေ့က စုပေါင်းတောင်းဆိုပြီး တရား လုပ်ထုံးလုပ်နည်းနှင့် မညီသော ရာထူးမှဖြုတ်ချခြင်းကို ရှင်းလင်းရန် ပြည်နယ်ဝန်ကြီးချုပ်ကို တောင်းဆိုလိုက်သည်။
“ရုတ်တရက်ကြီး ထဖြစ်တာ။ ကျနော်တို့ နိုင်ငံသားတွေအနေနဲ့ အကြောင်းရင်းတွေနဲ့ သူတို့ဘာတွေ မှားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိခွင့်ရှိတယ်” ဟု ကချင်ပြည်နယ် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ကွန်ရက်မှကိုယ်စားလှယ် ခေါင်နန်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
ထိုသို့ ရာထူးမှထုတ်ပယ်ခြင်းသည် ဒေသခံပြည်သူများကို စိတ်အနှောက်အယှက် ဖြစ်စေကာ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ထိခိုက်စေကြောင်း ရပ်ရွာအခြေပြု အဖွဲ့အစည်းများက ထောက်ပြသည်။
ဇန်နဝါရီလ ၁၈ နှင့် ၂၁ ရက်နေ့များတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်အောင်က ကချင်ပြည်နယ်ဝန်ကြီး ၃ ဦးကို ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားခဲ့ပြီး အကြောင်းရင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ကြောင့် ဟုသာ ပြောခဲ့သည်။ ထိုပြည်နယ်ဝန်ကြီး ၃ ဦးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်း၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတရေးရာ ဝန်ကြီး ဦးအိတ်လအောင်နှင့် လူမှုရေးဝန်ကြီး ဦးသင်းလွင်တို့ ဖြစ်သည်။
ထိုဝန်ကြီးများအနေဖြင့် ကျန်းမာရေး အကြောင်းပြချက်ဖြင့် နုတ်ထွက်ရမည့် သဘောမျိုး ဦးခက်အောင်က ပြောသည်ဟု သိရသည်။
ထိုဝန်ကြီးများအနက် ၂ ဦးက အတင်းအကျပ် နုတ်ထွက်ခိုင်းခြင်းကို သဘောတူပြီး နုတ်ထွက်စာရေးကြသော်လည်း ဦးအိတ်ချ်လအောင်က လက်မခံဘဲ အကြောင်းရင်းကိုမသိရပါက နုတ်ထွက်မည် မဟုတ်ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် သမ္မတရုံးက သီးခြားအမိန့်များ ထုတ်ရသည်။ ပြည်နယ်ဝန်ကြီးနှစ်ဦး အငြိမ်းစား ယူကြောင်း အမိန့်နှင့် ပြည်နယ်ဝန်ကြီး တဦးကို ရာထူးမှ ထုတ်ပယ်သော အမိန့်ဖြစ်သည်။
ထို ပြည်နယ်ဝန်ကြီးအားလုံးက ၎င်းတို့သည် ပြည်သူ့ထံမှ တိုင်ကြားစာ သို့မဟုတ် အဂတိလိုက်စားမှု တိုင်ကြားခြင်း မခံရဘူးကြောင်း ပြောသည်။ ထိုသို့ ဖြုတ်ချခံရသော ဝန်ကြီးများအပြင် အစိုးရကို ဝေဖန်သူများကလည်း ထိုလုပ်ရပ်သည် တရားဝင် လုပ်ထုံးလုပ်နည်းနှင့်မညီကြောင်း ပြောသည်။ ဥပဒေအရ ဆိုပါက အစိုးရ သို့မဟုတ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ဆုံးဖြတ်ချက် မတိုင်မီ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမည်ဖြစ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်၊ တိုင်းဝန်ကြီးများကို နိုင်ငံတော်သစ္စာဖောက်မှု၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေများကို တနည်းနည်းဖြင့် ချိုးဖောက်မှု၊ ကိုယ်ကျင့်တရား ပျက်ယွင်းမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များ အရ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များ ဝန်ကြီးများ အရည်အချင်း မပြည့်မီခြင်း သို့မဟုတ် ဥပဒေအရ ပေးအပ်ထားသော တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်း တို့ဖြင့်သာ အရေးယူနိုင်သည်။
စွဲချက်တင်ရန် လိုအပ်ပါက လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၄ ပုံ တပုံက လက်မှတ်ရေးထိုးသော စွဲချက်ကို လွှတ်တော် ဥက္ကဋ္ဌထံ တင်သွင်းရမည်ဖြစ်သည်။ ထို့နောက် လွှတ်တော် ဥက္ကဋ္ဌက ထိုစွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရန် အဖွဲ့တခု ဖွဲ့စည်းရမည် ဖြစ်သည်။ ဝန်ကြီးတဦးသည် တာဝန်ဆက်လက် ထမ်းဆောင်ရန် မသင့်ကြောင်း ထို စုံစမ်းစစ်ဆေးရေးအဖွဲ့ က တွေ့ရှိပါက လွှတ်တော်ဥက္ကဋ္ဌသည် ထိုဆုံးဖြတ်ချက်ကို သမ္မတထံ အစီရင်ခံ တင်သွင်းရမည်ဖြစ်သည်။ ထိုအစီရင်ခံစာကို ရရှိပါက သမ္မတသည် စွပ်စွဲခံ ဝန်ကြီးကို ရာထူးမှ ထုတ်ပယ်ရမည် ဖြစ်သည်။
“ကျနော်တို့ပါတီက ဒီမိုကရက်တစ် ပါတီတခုလေ။ ဘာအကြောင်းပြချက်မှ မပေးဘဲ ဝန်ကြီးချုပ်က ကျနော့်ကို နုတ်ထွက် စာရေးခိုင်းလို့မရဘူး။ ဒီလိုလုပ်တာ ပါတီရဲ့ပုံရိပ်သာမက အစိုးရရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတယ်။ ကျနော့်ကိုယ်ကျနော် ခုခံပိုင်ခွင့်ရှိရမယ်” ဟု ဦးအိတ်ချ်လအောင်က ပြောသည်။
“အထက်က တရားဝင် အကြောင်းကြားစာ ရဖို့လိုတယ်လို့ ကျနော်က ဝန်ကြီးချုပ်ကို ပြောတယ်။ ဒီစာဟာ တရားဝင် လမ်းကြောင်းက လာရမယ်။ ဝန်ကြီးတွေ ဥပဒေ ချိုးဖောက်ရင် ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေ ရှိတယ်” ဟု သူရှင်းပြသည်။
နုတ်ထွက်စာကို လက်မှတ်ထိုးရန် သဘောတူခဲ့သော်လည်း မိမိကိုယ်တိုင် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သော်လည်း အကြောင်းရင်းကို မသိရသောကြောင့် စိတ်ပျက်မိကြောင်း ဦးမြသိန်းက ပြောသည်။
“ပါတီမှာ ကျနော်တို့ကို ဖယ်ရှားပြီး ကျနော်တို့နေရာကို လိုချင်သူတွေရှိတယ်။ အခုဖြစ်တာ ပုဂ္ဂိုလ်ရေးကြောင့်လို့ ကျနော်ထင်တယ်” ဟု သူရှင်းပြသည်။
ဝန်ကြီးများနုတ်ထွက်ရခြင်း အကြောင်းရင်းအသေးစိတ်ကို မသိသေးသော်လည်း နုတ်ထွက်ရသော ဝန်ကြီး တဦးဦးထံမှ တိုင်ကြားစာရရှိပါက ပါတီအနေဖြင့် စုံစမ်းစစ်ဆေးမည်ဟု NLD ပြောခွင့်ရသူ ဦးမျိုးညွှန့်က ဧရာဝတီသတင်းဌာနသို့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြောသည်။
ရပ်ရွာအခြေပြု အဖွဲ့အစည်းများသည် ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲချိန်အထိ ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံမှ အကြောင်း ပြန်ကြားမှု မရသေးပေ။ ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်နှင့် ပြည်နယ်အတွင်း တရုတ်ပြည်မှ ငှက်ပျောခင်းများတွင် တရားဥပဒေစိုးမိုးရေး လုပ်ဆောင်မှုများအတွက် ဦးအိတ်ချ်လအောင်ကို ရပ်ရွာအခြေပြု အဖွဲ့အစည်းများက ထောက်ခံကြောင်း ခေါင်နန်ကပြောသည်။
“သူ့တာဝန်ကို သူ အရမ်းကျေပွန်တယ်။ သူ့ကို နုတ်ထွက်ခိုင်းစရာ အကြောင်းမရှိဘူး” ဟု ၎င်းက ဆက်ပြောသည်။
(Nan Lwin ၏ Public Demands Transparency in Forced Resignation of Kachin Ministers ကို ဘာသာပြန်သည်။)