ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက် အရ ပါတီနှင့် သက်ဆိုင်သည့် အမှတ် တံဆိပ်များကို အသုံးပြုခွင့် ပေးမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီလ ၂၃ ရက်တွင် ထပ်မံ ပြင်ဆင် သတ်မှတ်ခဲ့သည်။
စည်ပင် ရွေးကောက်ပွဲ နည်းဥပဒေပါ စာသား အချို့ မှားယွင်းနေ သဖြင့် ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် အစည်း အဝေး ပြုလုပ် ဆုံးဖြတ်ကာ ပြန်လည် ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဧရာဝတီသို့ ပြော သည်။
ဦးအောင်ခိုင် က “နည်းဥပဒေက နည်းနည်းလေး ပြန်ပြင်ရတဲ့ အနေအထားလေး ရှိတယ်လေ။ တို့က အစည်းအဝေး ဆုံး ဖြတ်ချက် အရ မူလ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပြီး လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ နိုင်ငံရေး ပါတီ သေးသေး လေးပဲ ဖြစ်ဖြစ်၊ ကြီးကြီးပဲ ဖြစ်ဖြစ် ကြံ့ခိုင်ရေးပဲ ဖြစ်ဖြစ်၊ NLD ပဲ ဖြစ်ဖြစ် Logo ကို သုံးစွဲ ခွင့်ပြုသည် ဆိုတဲ့ ညွှန်ကြားချက် ထုတ်လိုက်တယ်” ဟု ဆိုသည်။
ရန်ကုန် စည်ပင် ရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီ ၂၁ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် နိုင်ငံရေး ပါတီများ သည် စည်ပင် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်သော်လည်း မဲဆွယ်ရာတွင် ပါတီ၏ အလံ၊ လိုဂို အမှတ်တံဆိပ်နှင့် ပါတီ ပုံရိပ် ထင်ဟပ်စေသည့် အပြင်အဆင်များကို အသုံးမပြုရန်နှင့် ဆန္ဒမဲ လက်မှတ် ထည့်သွင်းရာ တွင်လည်း ကိုယ်စားလှယ်လောင်း၏ အမည်နှင့် ဓာတ်ပုံကိုသာ အသုံးပြုရန် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်နေသည့် စမ်းချောင်း မြို့နယ်နေ ဒေါ်သင်းသင်းက “နိုင်ငံတကာမှာတော့ ဒီလို ပါတီ သုံးကြတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီလို ကြေညာချက်ကြီးကို ခဏခဏ ပြောင်းလဲနေတာတော့ မကောင်းဘူးပေါ့” ဟု ပြောဆိုသည်။
စည်ပင် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၆၀(ခ) တွင် ဆန္ဒမဲ လက်မှတ်ကို ရရှိလျှင် ဆန္ဒမဲ ပေးသူသည် လျှို့ဝှက် ဆန္ဒပြု ခန်း အတွင်းသို့ ဝင်၍ ဆန္ဒမဲ လက်မှတ်ပေါ်တွင် မိမိ ဆန္ဒပြုလိုသော လွှတ်တော် ကိုယ်စားလှယ်လောင်း၏ အမည်နှင့် သင်္ကေတ အမှတ်အသား ဆိုသည့်နေရာ၌ လွှတ်တော် အစား စည်ပင်သာယာရေး ကော်မတီဟု ပြောင်းလဲ ပြင်ဆင်ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မရှင်က သိရသည်။
ဦးအောင်ခိုင် က “အသုံးအနှုန်း မှားတဲ့အတွက် သူတို့နဲ့ မဆိုင်ဘူးဆိုပြီး ကော်မရှင် အစည်းအဝေးက ကောက်ချက် ချလိုက် တာ။ အဲဒါကြောင့် ပါတီလိုဂို သုံးလို့ မရဘူးလို့ ပြောလိုက်တာ။ ခုတော့ ပြန်လည် ပြန်ဆင်ထားတဲ့ ဥပဒေက ဘာလဲ ဆိုတော့ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ Logo ကို သုံးခွင့် ပြုတယ် ဆိုတဲ့ အနေအထား ဖြစ်တယ်” ဟု ပြော သည်။
ရွေးကောက်ပွဲကို လာမည့် မတ် ၃၁ ရက်တွင် ကျင်းပမည် ဖြစ်ပြီး မဲဆန္ဒ နယ်မြေ ၆ ခု သတ်မှတ်ကာ စည်ပင် ကော်မတီဝင် ၆ ဦးနှင့် မြို့နယ် အဆင့် ၉၉ ဦး စုစုပေါင်း ၁၀၅ ဦး ရွေးချယ်မည် ဖြစ်သည်။ ထိုရွေးချယ်ခံရသူများမှ ဒု မြို့တော်ဝန် ၁ ဦးကို ရွေးချယ်မည် ဖြစ်သည်။
NLD ပါတီ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွှန့်က စည်ပင် ရွေးကောက်ပွဲတွင် ၎င်းတို့ ပါတီဝင်များ ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်ကြောင်း ပြောဆိုသည်။
ယင်း ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် စည်ပင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည့် ရက်ကို ဇန်နဝါရီလ ၁၈ ရက်မှ ၂၈ ရက် အထိ သတ်မှတ်ထားသည်။
ဆက်စပ်ဖတ်ရှုရန် – စည်ပင်ရွေးကောက်ပွဲတွင် ပါတီတံဆိပ် သုံးစွဲခွင့်ပြု မပြု ကော်မရှင်ဆုံးဖြတ်မည်