အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ အနက်မှ ၈ ဖွဲ့မှာ ၎င်းတို့နှင့် အတူ လက်မှတ်ရေးထိုးခဲ့သော အင်အားကြီး ၂ ဖွဲ့နှင့် အစိုးရတို့၏ ဥပေက္ခာပြုထားခြင်းကို ခံနေရသည်ဟု ဆိုသည်။
အစိုးရနှင့် NCA ရေးထိုးထားသည့် ၁၀ ဖွဲ့အနက် အင်းအားကြီး ၂ ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့သည် အပစ်ရပ်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ရာထူးများကို ယူထားကြသည်။
PPST ဥက္ကဋ္ဌ တာဝန်ယူထားသည့် KNU ကတော့ ယခင်နှစ် အောက်တိုဘာ လလယ်ပိုင်းကစပြီး အစိုးရနှင့် ငြိမ်းချမ်းရေး တရားဝင် ဆွေးနွေးပွဲများကို တက်ရောက်ရန် ယာယီရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ခဲ့ပြီး ယနေ့အချိန်ထိ တရားဝင် ဆွေးနွေး ပွဲများ မစနိုင်ဘဲဖြစ်နေသည်။
တချိန်တည်းမှာဘဲ အပစ်ရပ်အဖွဲ့များ အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရမည့် PPST အစည်းအဝေးကိုလည်း မခေါ်ဘဲ ရပ်ဆိုင်းထားသဖြင့် ကျန်သည့် ၈ ဖွဲ့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရန် ဆန္ဒရှိေနေသော်လည်း ဦးဆောင်အဖွဲ့များ၏ ရပ်တန့်နေမှုကြောင့် ရှေ့ဆက်၍ မရဘဲဖြစ်နေသည်။
ယခုလ ၂၁ ရက်နေ့ကတော့ အပစ်ရပ် ၁၀ ဖွဲ့အနက်မှ ၈ ဖွဲ့သည့် ရန်ကုန်မြို့ Melia Hotel တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေး တံခါးပိတ် အစည်းအဝေးတခု ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ငြိမ်းချမ်းရေး ဖြစ်စဉ် ရှေ့မတိုးဘဲ ရပ်တန့်နေခြင်းကိစ္စ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး အမြန်ဆုံး ပြန်လည် ခေါ်ယူ ကျင်းပပေးရေး RCSS နှင့် KNU ထံ တိုက်တွန်းမည့် ကိစ္စ များကို ဆွေးနွေးခဲ့ကြကြောင်း ချင်းအမျိုးသား တပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ရှင်းပြသည်။
ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က “PPST ခေါင်းဆောင် (KNU) နဲ့ ဒုအဖွဲ့ ခေါင်းဆောင် (RCSS) ဆီကို စာရေးမယ်၊ ၂ ခါလည်း ကျနော်တို့ စာရေးပြီးပြီ ကျနော်တို့ မေတ္တာရပ်ခံထားတာ သူတို့အနေနဲ့ အခုထိ တုန့်ပြန်မှုမရှိဘူး၊ ဒီတိုင်းပဲ ကျနော်တို့ကို ဥပေက္ခာပြုတဲ့ သဘောမျိုးဖြစ်တယ်။ အခုလည်းပဲ အဲဒီအတိုင်း ဥပေက္ခာပြုတဲ့ သဘောမျိုးဖြစ်ပြီးတော့ ကျနော်တို့ မေတ္တာရပ်ခံတဲ့ စာကို မတုန့်ပြန်ဘူးဆိုရင်တော့ ဒုတိယ အဆင့် အနေနဲ့တော့ ကျနော်တို့ ၈ ဖွဲ့ ဘာလုပ်သင့်လဲ သီးသန့် အစည်းအဝေး ခေါ်ယူဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်” ဟု ပြောသည်။
အပစ်ရပ် ၁၀ ဖွဲ့တွင် KNU၊ RCSS တို့အပါအဝင် မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူ ဒီမိုက ရက်တစ် အစည်းအရုံး (LDU)၊ CNF နှင့် ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ(ALP) တို့ဖြစ်သည်။
ထို ၁၀ ဖွဲ့အနက် မှ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့မှာ PPST အဖွဲ့ဝင်များ မဖြစ်ကြသေးပေ။
PPST အဖွဲ့ကို အစိုးရနှင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေးရန် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ထိုအဖွဲ့တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အဖွဲ့ခေါင်းဆောင် အဖြစ်လည်းကောင်း၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဒုအဖွဲ့ ခေါင်းဆောင် အဖြစ် လည်းကောင်း တာဝန်ယူထားပြီး ထို ၂ ဖွဲ့က တရားဝင် ဆွေးနွေးပွဲများ မခေါ်သဖြင့် ကျန် အဖွဲ့များမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်မရဘဲဖြစ်နေကြခြင်းဖြစ်သည်။
ယခုနှစ် အောက်တိုဘာလ ၁၅-၁၆ ရက်နေ့က နေပြည်တော်တွင် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်များကြား သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့ရာ“တခုတည်းသော တပ်မတော်ထားရှိရေး”၊ “ခွဲမထွက်ရ” စသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးရာ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရပ်ဆိုင်းသွား ခဲ့ခြင်း ဖြစ်သည်။
PPST တရားဝင် အစည်းအဝေးများ မကျင်းပနိုင်မှုသည် အစိုးရနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆွေးနွေးမှုများ ရပ်ဆိုင်းသွားခဲ့ရသည့် အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေး ဆက်လက်ကျင်းပရေး အခြေအနေကိုလည်း ရိုက်ခတ်လာသည်။
အပစ်ရပ် ၁၀ ဖွဲ့မှ အင်အားကြီး ၂ ဖွဲ့က ကျန် ၈ ဖွဲ့ကို ဥပေက္ခာပြုထားသကဲ့သို့ အစိုးရနှင့် တပ်မတော်တို့၏ ဥပေက္ခာ ပြုခြင်းကိုလည်း ကြုံတွေ့နေရကြောင်း၊ ထိုအခြေအနေများကြောင့် ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်သွားချင်သော်လည်း မဆက်နိုင်တော့ဘဲ ရပ်နေရသည့်သဘောဖြစ်နေကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောသည်။
CNF ဒုဥက္ကဌ က “အစိုးရဘက်ကလည်း ကျနော်တို့ ၈ ဖွဲ့ကို ဥပေက္ခာ ပြုထားပြီးတော့ အခု ယာယီရပ်ဆိုင်းထားတဲ့ အဖွဲ့တွေနဲ့ပဲ တွေ့ဆုံနေတယ်၊ ကျနော်တို့ ဘယ်လို ဆက်လုပ်သင့် တယ်ဆိုတဲ့ ကဏ္ဍကို ကျနော်တို့နဲ့ တိုင်ပင်မှု မရှိဘူး။ အဲဒါ လည်း ကျနော်တို့ အမြင်မှာတော့ မဖြစ်သင့်ဘူး။ ငြိမ်းချမ်းရေး တကယ်လိုလားတဲ့ အဖွဲ့တွေကို အဲလို ဥပေက္ခာပြု ပြီးတော့ ထားခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အကျိုးမရှိဘူး၊ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူး” ဟု ပြောသည်။
မိမိတို့အနေဖြင့် PPST အစည်းအဝေး အမြန်ဆုံး ခေါ်ယူရန် PPST ခေါင်းဆောင်များကို ဆက်လက်၍ တောင်းဆိုသွားမည် ဖြစ်ပြီး တုန့်ပြန်မှု မရှိပါက ကျန် (၈) ဖွဲ့အနေဖြင့် သီးသန့် အစည်း အဝေး တရပ်ကျင်းပကာ သီးခြားဆောင်ရွက်ရန် လိုအပ်/မလိုအပ် ဆွေးနွေးတိုင်ပင်ကြမည်ဟု ဆိုသည်။
PNLO မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ ကျနေ်ာတို့ PPST ခေါ်ပါ ပြောတာ ၂ ခါရှိပြီး ဗိုလ်ချုပ်မိုရှေးလည်း စာရေးတယ်၊ ဟိုတုန်းကလည်း စာရေးတယ်၊ သို့သော် ပြန်ဖြေကြားမှု ဘာမှ မရှိဘူး၊ သို့သော်လည်း ကျနော်တို့ စိတ် ရှည်ရှည်နဲ့ လုပ်ဆောင်သွားမှာပါ။ ဘယ်သူမှ သိက္ခာမကျဘဲနဲ့ ညီညွတ် ရေးလည်း ကောင်းအောင် အလုပ်လည်း ဖြစ်အောင် နည်းလမ်း ရှာတာပါ”ဟု ပြောသည်။
လက်ရှိတွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC)သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ယာယီရပ်ဆိုင်းထားသည့် KNU ကိုယ်စားလှယ်နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသ လို ဇန်နဝါရီ ၁၄ ရက်မှာ RCSS ကိုယ်စားလှယ်များဖြင့် လည်းကောင်း၊ KNPP မှ ကိုယ်စားလှယ်များဖြင့် လည်း ကောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အလွတ်သဘောဆွေးနွေးခဲ့ကြသည်။
ထို့နောက် NCA မထိုးရသေးသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PC ကိုယ်စားလှယ်တို့ ဇန်နဝါရီ ၂၁ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အလွတ်သဘောတွေ့ဆုံခဲ့ကြသေးသည်။
သို့သော် NCA ထိုးထားသည့် KNU နှင့် RCSS ကလွဲ၍ ကျန် ၈ ဖွဲ့ကိုတော့ ယနေ့တိုင် အစိုးရဘက်က ရပ်တန့် နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေး နည်းလမ်းရှာဖွေရန် တွေ့ဆုံ ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ခြင်းမရှိပဲ ဥပေက္ခာ ပြုထားသည်။
အလားတူ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်က တပ်မတော်မှ စစ်တိုင်း(၅)တိုင်းကို စစ်ဆင်ရေးလှုပ်ရှားမှုများ ရပ်တန့်ကြောင်း ကြေညာခဲ့ပြီး NCA ထိုးထားသည့် အဖွဲ့များဖြင့် တွေ့ဆုံ ဆွေးနွေးနိုင်ရန်ဟုဆိုကာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော်သား ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ရှိသော် လည်း ၁ လကျော်လာသည့်တိုင် ဆွေးနွေးမှုများ မရှိကြောင်း တွေ့ရသည်။
ထို့ကြောင့် NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက် နိုင်ရေး အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) အား တွေ့ဆုံ ဆွေးနွေးရမလား သို့မဟုတ် တပ်မတော်က ဖွဲ့ စည်းထားသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့အား တွေ့ဆုံ ဆွေးနွေး အဖြေရှာရမလား ဆိုသည့် ဝေးဝါးမှုများလည်း ဖြစ်နေကြောင်း သိရသည်။
ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က “ငြိမ်းချမ်းရေးဖြစ်စဉ်က အောက်တို ဘာလ ကနေ အခု ဆိုရင် ၃-၄ လရှိပြီးပေါ့။ အဲ ၃-၄ လအတွင်းမှာ ဘာမှ မလုပ်ဘဲနဲ့ ဘာမှ မဆောင်ရွက်ပဲနဲ့ ဒီအတိုင်း ဟို ၂ ဖွဲ့ ကြောင့် ရပ်နေတဲ့ အနေအထားမျိုးကတော့ မဖြစ်သင့်ဘူး၊ အဲဒီအပေါ်မှာ အစိုးရဘက်ကလည်း တခုခု စဉ်းစား သင့်တယ်၊ အဖြေတခုခုကို စဉ်းစားသင့်ကြောင်း ကျနော်တို့ အဖွဲ့အတွင်းမှာ သဘောထားချမှတ်မှုတော့ ရှိပါ တယ်။ ဒါကတော့ သုံးသပ်တဲ့ သဘောထား ချမှတ်မှုပါ” ဟု ပြောသည်။