1MDB နှင့် ပတ်သက်သော အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်သော အပိုင်းအတွက် Goldman Sachs ဘဏ် အမှုဆောင်အရာရှိချုပ် ဒေးဗစ် ဆော်လမွန်၏ တောင်းပန်မှုကို မလေးရှား ဘဏ္ဍာရေးဝန်ကြီးက ပယ်ချလိုက်ပြီး ထိုမျှတောင်းပန်ရုံမျှဖြင့် ပြည့်စုံလုံလောက်ခြင်း မရှိကြောင်း ပြောကြားလိုက်သည်။
တခုတည်းသော စစ်မှန်သည့် တောင်းပန်မှုမှာ Goldman Sachs ဘဏ်၏ အကူအညီဖြင့် 1MDB ရန်ပုံငွေက ထူထောင်ခဲ့သည့် ဒေါ်လာ ၆.၅ ဘီလျံကို အပြည့်အ၀ ပြန်လည်ထုတ်ပေးခြင်း၊ လျှော်ကြေးပေးခြင်းသာ ဖြစ်ကြောင်း လင်ဂွမ်အင်းက ဇန်နဝါရီလ ၁၈ ရက်နေ့ကပြောသည်။ ထိုရန်ပုံငွေအများစုကို နောက်ပိုင်းတွင် အလွဲသုံးစားလုပ်ခဲ့ကြပြီး ဒေါ်လာသန်း ရာပေါင်းများစွာသည် ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သူ နာဂျစ်ရာဇာတ်၏ ပုဂ္ဂလိက ဘဏ်စာရင်းသို့ ရောက်သွားသည်။
နာဂျစ်ကမူ ငွေကြေးခဝါချမှုနှင့် အခြားစွပ်စွဲချက်များကို ငြင်းဆန်ပြီး အပြစ်မရှိကြောင်း ပြောသည်။
“လျှော်ကြေး ပေးတဲ့အခါမှသာ ပြည့်စုံလုံလောက်ပါလိမ့်မယ်” ဟု လင်ဂွမ်အင်းက သတင်းထောက်များကိုပြောပြီး သင့်တော်သော လျော်ကြေးမှာ ဒေါ်လာ ၇.၅ ဘီလျံဖြစ်ကြောင်းလည်း ပြောသည်။
Goldman Sachs ဘဏ်အနေဖြင့် လျှော်ကြေးအပြည့်အဝပေးလျှင် ၎င်းကို မလေးရှားနိုင်ငံက စွဲဆိုထားသော စွဲချက်များကို ရုပ်သိမ်းရန် စဉ်းစားမည်ဟုလည်း သူက ပြောသည်။
“ကျနော်တို့ အရင်ပြောတဲ့အတိုင်းပဲ Goldman Sachs ကို အရင် မလေးရှားအစိုးရနဲ့ 1MDB က လူတချို့က လိမ်တယ်။ ကျနော်တို့ကို စွဲဆိုထားတဲ့ စွဲချက်တွေကို အင်တိုက်အားတိုက် ခုခံသွားဖို့ ရည်ရွယ်ထားပါတယ်” ဟု Goldman Sachs ၏ ပြောခွင့်ရသူက ပြောသည်။
1MDB အတွက် ဒေါ်လာ ၆.၅ ဘီလီယံ ရစေသော ငွေချေး အာမခံလက်မှတ်များ ရောင်းချရာတွင် Goldman Sachs ဘဏ်က အာမခံသူနှင့် စီစဉ်သူအဖြစ် ပါဝင်ခဲ့သောကြောင့် တရားစွဲဆိုခံရခြင်း ဖြစ်သည်။ ထိုငွေများ၏ အများစုမှာ ပျောက်ဆုံးနေပြီး ဆွစ်ဇာလန်မှ အမေရိကန်ပြည်ထောင်စုအထိ ပါဝင်သော နိုင်ငံစုံ စုံစမ်းစစ်ဆေးမှုများ ပေါ်ပေါက် စေခဲ့သည်။
1MDB မှ ဒေါ်လာ ဘီလီယံချီ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး Goldman ဘဏ်ဝန်ထမ်း ၂ ဦးကို အမေရိကန် အစိုးရ ရှေ့နေများက နိုဝင်ဘာလတွင် တရားစွဲဆိုခဲ့သည်။
Goldman ၏ ယခင် အရှေ့တောင်အာရှဆိုင်ရာ အကြီးအကဲ တင်လစ်စနာက ထိုအမှုတွင် ငွေကြေး ခဝါချရန် ကြံစည်ခြင်းနှင့် လာဘ်စားမှု တိုက်ဖျက်ရေး ဥပဒေချိုးဖောက်ကြောင်း ဝန်ခံခဲ့သည်။ အခြား ဘဏ်ဝန်ထမ်းတဦး ဖြစ်သော ရော်ဂျာ အန်းကို အမေရိကန်အာဏာပိုင်များ၏ တောင်းဆိုမှုကြောင့် မလေးရှားအာဏာပိုင်များက နိုဝင်ဘာလတွင် ဖမ်းဆီးခဲ့သည်။
အထက်ပါ ငွေကြေးအရှုပ်တော်ပုံနှင့် ပတ်သက်သော ရာဇဝတ်မှုများကို ရင်ဆိုင်ရန် အမေရိကန်ပြည်ထောင်စုသို့ သူ့ကို မလွှဲပြောင်းမီ ထိန်းသိမ်းထားသောကြောင့် သူ့ကို ဆက်သွယ်နိုင်ခြင်း မရှိပေ။
မလေးရှားအစိုးရသည် ငွေချေးအာမခံ လက်မှတ်များစီစဉ်ခြင်းအတွက် Goldman Sachs ကိုလည်း လွန်ခဲ့သောလက တရားစွဲဆိုခဲ့သည်။
အရှုပ်တော်ပုံတွင် လစ်စနာ ပါဝင်ပတ်သက်နေခြင်းအတွက် အမှုဆောင်အရာရှိချုပ် ဆော်လမွန်က ဗုဒ္ဓဟူးနေ့တွင် စတုတ္ထလေးလပတ် အခြေအနေများကို ထုတ်ပြန်ရန် ပြုလုပ်သည့် Conference call အတွင်း မလေးရှားပြည်သူများကို တောင်းပန်ခဲ့သည်။
“အနိမ့်ဆုံးပြောရရင်တော့ သူတို့မှာ တာဝန်တစုံတရာ ရှိကြောင်း သူဝန်ခံလိုက်တာပဲ။ ဒါပေမယ့် တောင်းပန်ရုံနဲ့တော့ မရဘူး” ဟု လင်ဂွမ်းအင်က ပြောသည်။
ကိုးကား ။ ။ The Wall Street Journal