မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့နယ် အတွင်း၌ လောင်းကစားဒိုင် လက်ခံမှုကြောင့် ခံဝန် ထိုးစေသည့် ဘုန်းကြီးကျောင်း ၁၀ ကျောင်းခန့် ရှိကြောင်း မြို့နယ် သံဃနာယက အဖွဲ့က ဧရာဝတီသို့ ပြောသည်။
လောင်းကစားဒိုင် လက်ခံထားသည့် ကျောင်းများအား အမည်ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း ထိုကျောင်းများ ထဲမှ ဆက်လက် လုပ်နေသည့် ဆင်တ ဲကျောင်းတိုက် အတွင်းမှ တိုက်အုပ်ကျောင်း နှင့် ဓမ္မဂုဏ်ရည်ကျောင်း တို့ကို ဇန်နဝါရီ ၂၃ ရက်က ဝင်ရောက် ဖမ်းဆီးလိုက်ပြီ ဖြစ်သည်။
မြို့နယ် သံဃနာယက အဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးဓမ္မက“လောင်းကစား ဒိုင်တွေ လက်ခံလို့ ခံဝန်ထိုးခိုင်းတာ ၁၀ ကျောင်း လောက်ရှိတယ်။ အရင်လိုပဲ အပြောနဲ့ ပြီးမှာဆိုပြီး ဆက်လုပ်နေကြတာ။ အခုလို ဖမ်းတာ သိရင်တော့ ပြေးရင် ပြေးလောက်ပြီ။ ဒါပေမယ့် စစ်ဆေးမှုတွေတော့ ဆက်လုပ်ရမယ်”ဟု မိန့်သည်။
တိုက်အုပ်ကျောင်းအား ဖမ်းဆီးရာတွင် ဦးညီညီလွင်၊ မသဇင်ခိုင် တို့နှင့် အတူ ကျပ် ၁၉၅ သိန်းနှင့် အသုံးပြုသည့် ကွန်ပျူ တာ ပစ္စည်း ဖမ်းမိသော်လည်း တကျောင်း ကျော်ရှိ ဓမ္မဂုဏ်ရည်ကျောင်းအား ဖမ်းဆီးရာတွင် ဒိုင်အဖြစ် နာမည် ထွက်နေ သူ ဦးအောင်ကျော်မြင့်မှာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ငွေနှစ်သိန်းကျော်နှင့် ပစ္စည်းများသာ ဖမ်းမိခဲ့သည်။
ဖမ်းမိသည့် ပစ္စည်းများတွင် Lap top ကွန်ပျူတာ ၁၃ လုံး၊ ပရင်တာ ၂ လုံး၊ လက်စွဲမီးစက် တလုံး၊ ငွေရေစက် တလုံး စသည့် ဆက်စပ် ပစ္စည်းများ ပါဝင်သည်။
ဒိုင်များမှာ ဘောလုံးပွဲ၊ နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစား လုပ်နေကြသူများ ဖြစ်ပြီး လက်ခံထားသည့် ကျောင်းများ အနေဖြင့် တလလျှင် ကျပ် ၁ သိန်းမှ ၃ သိန်းခွဲ အထိ ရရှိသည့် အပြင် ကျောင်းအတွက် ရေ၊ မီးခများနှင့် ကျန်းမာရေး အတွက် လှူဒါန်းမှုများပါ လက်ခံ ရရှိခဲ့ကြောင်း သံဃနာယက အဖွဲ့က ဆိုသည်။
ချမ်းအေးသာစံ မြို့နယ်၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ ဦးကဝိဒ္ဒက“အလွန် ရုပ်ပျက်ပါတယ်။ ဒါတွေကို ဆက်မလုပ်ဖို့ အစောကြီးကတည်းက သတိပေး ခံဝန်တွေ လုပ်ခဲ့တယ်။ ကိုယ့်ရဲ့ ဘာသာ အပေါ်လည်း တခြားသူတွေ အထင်အမြင် သေးသွားနိုင်တယ်”ဟု မှတ်ချက် ပြုသည်။
တိုက်အုပ်ကျောင်းမှ ဥူး မာနိတ (ခ) ချစ်တင် နှင့် ဓမ္မဂုဏ်ရည်ကျောင်းမှ ကုဏ္ဍလ (ခ) ခင်မောင်ဝင်း တို့ကိုမူ မြို့နယ် သံဃနာယက အဖွဲ့က လူဝတ်လဲ စေခဲ့ပြီး ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၄ ရက်တွင် သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)ဖြင့် မြို့နယ် တရားရုံး၌ ဦးတိုက် လျှောက်ကာ တရားစွဲဆိုခဲ့ကြောင်း အမှတ် ၃ နယ်မြေ ရဲစခန်းမှ နယ်ထိန်း တဦးက ဆိုသည်။
ဖမ်းမိထားသည့် ဦးညီညီလွင်၊ မသဇင်ခိုင်နှင့် ဦးအောင်ကျော်မြင့်(ဖမ်းမမိ) တို့ကို အမှတ် ၃ နယ်မြေရဲစခန်းက လောင်း ကစား ဥပဒေ ပုဒ်မ ၁၅(က)/၁၆(က) ဖြင့် အမှုဖွင့်ကာ ဇန်နဝါရီ ၂၄ ရက်တွင် ချုပ်ရမန် ရယူခဲ့ပြီး ဆက်လက် ချုပ်နှောင် စစ်ဆေးလျက် ရှိကြောင်း ၎င်းက ပြောသည်။
ချမ်းအေးသာစံ မြို့နယ် အတွင်း ကျောင်းတိုက်များ အားလုံးသို့ ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက လောင်းကစား ဒိုင်များအား လက်ခံခြင်း မပြုရန်၊ ကျောင်းအတွင်း အခြေပြု နေထိုင်သူများအား ထွက်ခွာပေးရန် သတိပေး ခံဝန်ရေးထိုးမှု များ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ သတိပေးချိန် ကတည်းက သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ဝင်များလည်း ပါဝင်ခဲ့ပြီး လောင်းကစားဒိုင်များအား ဆက်မလုပ်ရန် အချိန်ပေးခဲ့သော်လည်း ဆက်လုပ် နေသူများရှိနေသေးသည်ကို သတင်းတချို့ ရထားသေးကြောင်း ဖမ်း ဆီးရာတွင် ပါဝင်သူ တဦးက ပြောသည်။
ကျောင်းတိုက်များ အတွင်း အဆောက်အအုံများ ဆောက်ကာ နေထိုင်သူများနှင့် အတည်တကျ နေထိုင်သူများကိုလည်း ထွက်ခွာပေးရန် အသိပေးထားပြီး ကလေးများ စာမေးပွဲ ရှိနေသေးသည့် အတွက် လက်ရှိတွင် စောင့်ကြည့်နေကာ ဖေဖော် ဝါရီ ၁၅ ရက် နောက်ပိုင်းတွင် စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း မြို့နယ် သံဃနာယက အဖွဲ့ထံက သိရ သည်။